Thursday, July 18, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆန်းသစ်ဖန်တီးမှုဗဟိုဌာန ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား

Image may contain: 2 people, people standing


ရန်ကုန် ဇူလိုင် ၁၇


Yangon Innovation Centre (ရန်ကုန်ဆန်းသစ် ဖန်တီးမှုဗဟိုဌာန) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ပန်းဆိုးတန်း လမ်းနှင့် ကမ်းနားလမ်းထောင့် ကျန်းမာရေးဆိပ်ကမ်းဝင်းရှိ အဆိုပါစင်တာ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြား သည်။


အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Yangon Innovation Centre ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကား ပြောကြားရာတွင် ''တီထွင်ဆန်းသစ်မှုဟာ ဒီကနေ့ က္ဘာ တစ်ဝန်းမှာ စတုတ္ထမြောက် စက်မှုတော်လှန်ရေး ကူးပြောင်းမှု ကာလရဲ့ ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာခဲ့ပါပြီ။ ဖွံ့ဖြိုးပြီးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ စတုတ္ထမြောက်စက်မှု ခေတ်ကိုဦးတည်ပြီး လယ်ယာကဏ္ဍကစလို့ ပညာရေးကဏ္ဍအထိ၊ ကဏ္ဍတိုင်း၊ နယ်ပယ်တိုင်းမှာ မှတ်ဉာဏ်တုနည်းပညာ (Artificial Intelligence-AI) နဲ့ အရာရာအင်တာနက် (the Internet of Things-IOT) ဆိုတဲ့ အခြေအနေတွေကို ရောက်ရှိလာနေခဲ့ပါပြီ။ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာလည်း လူသား-စက်ယ္တရား ထိတွေ့လုပ်ကိုင်နေရာကနေ စက်ယန္တရားနဲ့ပဲ အလိုအလျောက်စနစ်ကို ပြောင်းလဲဆောင်ရွက်လာနေကြပါပြီ။ ခြုံပြီးပြောရရင် ကမ္ဘာ့နိုင်ငံအများအပြားဟာ စတုတ္ထမြောက် စက်မှုခေတ် (Industry 4.0)၊ တစ်နည်းပြောရရင် စတုတ္ထ မြောက် စက်မှုတော်လှန်ရေး(Fourth Industrial Revo-lution) အတွက် အဆင်သင့်ပြင်ဆင်နေကြပြီလို့ ဆိုနိုင် ပါတယ်။


မြန်မာနိုင်ငံရဲ့ အားသာချက်

''ကျွန်မတို့နိုင်ငံရဲ့ ပထဝီအနေအထား အားသာချက်ကနေ သန့်ရှင်းတဲ့စွမ်းအင်တွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အော်ဂဲနစ် သီးနှံတွေ အမြောက်အမြားထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေ ကောင်းတွေလည်း ရှိနေပါတယ်။ စိုက်ပျိုးမြေလက်ကျန် အများ အပြားကျန်ရှိနေတဲ့ အခြေအနေတွေကလည်း နည်းပညာ၊ တီထွင်ဆန်းသစ်မှုတွေနဲ့ ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်မယ်ဆိုရင် လယ်ယာ အင်အားကြီးတဲ့ Agri-Power နိုင်ငံတစ်နိုင်ငံအဖြစ်ကို ရောက်ရှိလာနိုင်မယ့် အခွင့်အလမ်းတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။


''ကျွန်မအနေနဲ့ အစဉ်တစိုက် စွဲစွဲမြဲမြဲယုံကြည်ထားတာ ရှိပါတယ်။ မကြာခဏလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စတုတ္ထမြောက် စက်မှုခေတ် (Industry 4.0) ပဲ ဖြစ်ဖြစ်၊ ဘယ်ခေတ်ဘယ်ကာလမှာပဲဖြစ်ဖြစ် အဓိကအရေးအကြီးဆုံးက ကျွန်မတို့ရဲ့ လူသားအရင်းအမြစ်ဖြစ်တဲ့ ကျွန်မတို့ ပြည်သူလူထု တွေပဲဖြစ်ပါတယ်။ လူကြီး၊ လူငယ်မရွေး နိုင်ငံသားတိုင်း တန်ဖိုး ရှိပါတယ်။ လူသာအဓိကဖြစ်တဲ့အတွက် ကျွန်မတို့ ကြိုးစား ကြဖို့ အရေးကြီးပါတယ်။ စတုတ္ထမြောက် စက်မှုခေတ်အပြင် နောင်လာမယ့် ပဉမမြောက်၊ ဆဋ္ဌမမြောက်ခေတ်တွေကို ကူးပြောင်းရာမှာတော့ ကျွန်မတို့ရဲ့ လူငယ်တွေရဲ့အင်အားက အဓိကဖြစ်ပါတယ်။


]]လက်ရှိ ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင် မိုဘိုင်းဖုန်း ဆင်းကတ်သုံးစွဲမှု နှုန်းထားဟာ ၁၂၆ ရာခိုင်နှုန်းအထိ ရောက်ရှိ လာနေပါပြီ။ အော်တိုတယ်လီဖုန်းလွှမ်းခြုံနိုင်ဖို့ ခက်ခဲတဲ့ဒေသ တွေမှာ ထပ်ဆင့်လွှင့်စက်တွေ ဖြန့်ကြက်ချထားပြီး မိုဘိုင်း တယ်လီဖုန်းလွှမ်းခြုံလာနိုင်တဲ့ အခြေအနေသစ်ကိုကြည့်မယ် ဆိုရင် နည်းပညာတွေ၊ တီထွင်ဆန်းသစ်မှုတွေနဲ့ ကျွန်မတို့ရဲ့ တိုးတက်မှုကို အချိန်တိုတိုအတွင်း ခုန်ပျံကျော်လွှားနိုင်တယ် ဆိုတာကို ဖော်ပြနေပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးမှုမှာ နောက်ကျခဲ့ရတဲ့အတွက် ကိုယ့်ရှေ့က နိုင်ငံတွေကိုလေ့လာ ပြီး နောက်ကျသူရဲ့အားသာချက်အဖြစ် ရှောင်ရာ၊ ဆောင်ရာ ကို သတိပြုကာ ဦးနှောက်နဲ့နည်းပညာကို ဟန်ချက်ညီ အသုံး ချနိုင်မယ်ဆိုရင် အချိန်နဲ့အရင်းအနှီးတွေကို ချုံ့ပစ်နိုင်စွမ်း ရှိလာမှာ ဖြစ်ပါတယ်။

မြန်မာလူငယ်များမညံ့ပါ

''ကျွန်မတို့လူငယ်တွေဟာ က္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ စွမ်းအားတွေရှိကြပါတယ်။ မကြာမီနှစ်တွေအတွင်း Univer-sity of Information Technology က ကျောင်းသား ကျောင်းသူတစ်စုဟာ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ASEAN Makerthon မှာ ဗိုလ်စွဲသွားတဲ့ တရုတ်ကျောင်းသားတွေနဲ့ အပြိုင် ဒုတိယဆုရရှိခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ကိုယ်စားပြု ကျောင်းသားအဖွဲ့ဟာ (၂၀၁၇) ခုနှစ်၊ က္ဘာ့စက်ရုပ် စိန်ခေါ်မှုပြိုင်ပွဲမှာ အဆင့် (၆) ရရှိခဲ့တာလည်း အားလုံးသိကြ ပါလိမ့်မယ်။ ကျွန်မအနေနဲ့ အဓိက မီးမောင်းထိုးပြီး ပြောကြား လိုတာကတော့ ကျွန်မတို့ရဲ့ လူငယ်တွေကို မှန်ကန်တဲ့ ထောက်ပံ့ မှုတွေ၊ ကောင်းမွန်တဲ့လမ်းပြမှုတွေ ဖန်တီးဖြည့်ဆည်းပေး လိုက်မယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ အိပ်မက်တွေ ဖော်ဆောင်တဲ့ နေရာမှာ လူငယ်များ တက်တက်ကြွကြွ ထိထိရောက်ရောက် ပါဝင်နိုင်ကြမှာပါ။

နိုင်ငံတော်အစိုးရ၏ လုပ်ငန်းစဉ်(၃)ရပ်

''တိုးတက်ပြောင်းလဲဆန်းသစ်နေတဲ့ က္ဘာကြီးနဲ့ လိုက်လျောညီထွေ ရပ်တည်နိုင်စွမ်းရှိဖို့အတွက် ပထမဆုံး အချက်အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပညာရေးစနစ်ကို အဆင့်မြှင့်တင်ဖို့လိုပါတယ်။ ဒါကို ကျွန်မတို့အစိုးရ နိုင်ငံ့ တာဝန် စတင်လွှဲပြောင်းယူစဉ် အချိန်ကတည်းက အလေးပေး ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့ ကျွန်မတို့နိုင်ငံ မှာရှိတဲ့ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစနစ်ကို ခေတ်မီ အောင် ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ဒီလုပ်ငန်းစဉ်ကိုလည်း ကျွန်မတို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ တတိယအချက်က တော့ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုကို အားပေးမြှင့်တင်ဖို့ ဖြစ်ပါတယ်။ ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ ရန်ကုန်ဆန်းသစ်တီထွင်မှု ဗဟိုဌာနဟာ ကျွန်မတို့ရဲ့ လူငယ်တွေအတွက် နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုကို အားပေးမြှင့်တင်နိုင်ဖို့ စတင်လိုက်တဲ့ ကနဦးခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။


''ကျွန်မတို့ဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ အလားတူ ဆန်းသစ်တီထွင်မှု ဗဟိုဌာနတွေလိုပါပဲ၊ ဒီဌာနမှာ စွန့်ဦးမှု၊ ဆန်းသစ်မှု ဂေဟစနစ်တွေနဲ့ ထိတွေ့မှုနည်းတဲ့၊ အတွေ့ အကြုံနည်းတဲ့ နိုင်ငံတစ်ဝန်းက လူငယ်တွေ၊ အစွမ်းအစရှိတဲ့၊ အလားလာရှိတဲ့ လူငယ်တွေကို အကျိုးပြုပေးနိုင်ဖို့ ရည်ရွယ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီဗဟိုဌာနမှာပဲ ပညာရှင် တွေ၊ ဒီဇိုင်နာတွေ၊ ကွန်ပျူတာ ပရိုဂရမ်မာတွေ၊ စာရင်းကိုင် ပညာရှင်တွေ၊ စီးပွားရေးကျွမ်းကျင်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ အတတ်ပညာရှင်တွေ၊ သုတေသနပညာရှင်တွေ၊ အရင်းအနှီး ရှင်တွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အပြန်အလှန်ကူညီပေးမှု များ၊ ဆက်ဆံမှုများကို ဖြစ်ပေါ်လာဖို့မျှော်လင့်ပါတယ်။ ဒီဗဟို ဌာနမှာပဲ ကျွန်မတို့ရဲ့ လူငယ်တွေဟာ နည်းပညာအခြေပြုတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထ ထူထောင်လာနိုင် ကြမယ်၊ ဆန်းသစ်တဲ့တီထွင်မှုတွေ ထွက်ပေါ်လာကြမယ်ဆိုရင် ဒစ်ဂျစ်တယ်ဈေးကွက်ဝင်ထုတ်လုပ်မှုတွေ ထုတ်လုပ်လာနိုင်ကြ မယ်၊ စီးပွားရေးလုပ်ငန်းတစ်ခုအစပြုဖို့ ကြိုးပမ်းနိုင်လာကြ မယ်၊ ကျွန်မတို့နိုင်ငံရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ထွက်ပေါ် လာကြလိမ့်မယ်ဆိုတာကိုလည်း ယုံကြည်ထားပါတယ်''ဟု ပြောကြားသည်။


ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ချက်

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''ဆန်းသစ် ဖန်တီးမှုကဏ္ဍမှာ ပါဝင်ကြသူတွေကို များနိုင်သမျှ များများ အားပေးဖို့လိုပါတယ်။ နိုင်ငံအတွက် ဆန်းသစ်တီထွင် ဖန်တီးမှု အသစ်တွေ တရိပ်ရိပ်တက်လာအောင် ဒီကနေ့ဖွင့်လှစ်လိုက်တဲ့ ရန်ကုန်ဆန်းသစ်တီထွင်မှုဗဟိုဌာနက လုပ်ဆောင်ပေးနိုင် လိမ့်မယ်လို့လည်း ကျွန်မအနေနဲ့ မျှော်လင့်ထားပါတယ်။ ကျွန်မတို့အနေနဲ့ မူဝါဒအပိုင်းနဲ့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေကို စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပြီး ကျွန်မတို့ရဲ့လူငယ်တွေ စွန့်ဦး တီထွင်၊ ဆန်းသစ်ဖန်တီးနိုင်ဖို့အတွက် ပူးပေါင်းပါဝင်ကူညီပေး ကြဖို့ ပြည်တွင်းပြည်ပတက္ကသိုလ်တွေ၊ လေ့လာဆန်းသစ်မှု ဗဟိုဌာနတွေ၊ အခြား မိတ်ဖက်အဖွဲ့အစည်းတွေ၊ စေတနာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို အလေးအနက် ဖိတ်ခေါ်ပါတယ်။


''လိုအပ်တဲ့ ပူးပေါင်းပါဝင်မှုတွေ ရရှိမယ်ဆိုရင် လာမယ့် နှစ် အနည်းငယ်အတွင်းမှာပဲ ကျွန်မတို့ လူငယ်တွေရဲ့ စိတ်ကူး သစ်တွေ၊ အကြံဉာဏ်သစ်တွေ ပွင့်ထွက်လာပြီး ဈေးကွက်တင် နိုင်တဲ့ ထုတ်ကုန်အသစ်တွေ၊ ဝန်ဆောင်မှုအသစ်တွေ၊ အလုပ် အကိုင်အခွင့်အလမ်းအသစ်တွေ ဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးကို နည်းပညာ အရ၊ ပါဝင်မှုအရ အထောက်အကူဖြစ်လာစေမှာပါ။ ဒါပေမယ့် နည်းမှန်လမ်းမှန် စိတ်ဓာတ်မှန်နဲ့ စနစ်တကျ ချိတ်ဆက် ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မှာဖြစ်ပါတယ်။


''အခုက စတုတ္ထစက်မှုတော်လှန်ရေးလို့ ဆိုကြပါတယ်။ ဒီစတုတ္ထတော်လှန်ရေးကို ကြည့်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာကိုပဲ ကြည့်လို့မရပါဘူး၊ စိတ်ပိုင်းဆိုင်ရာအရ ကြည့်ရမှာဖြစ်ပါတယ်။ တော်လှန်ရေးတွေ၊ စက်မှုတော်လှန်ရေးကနေ စတုတ္ထစက်မှု တော်လှန်ရေးအထိ ရောက်လာတဲ့အခါမှာ လူသားတွေအနေနဲ့ ကျွန်မတို့ ဘယ်လောက်အထိ တိုးတက်မှုရှိတယ်ဆိုတာ ပြန်ကြည့်ဖို့လိုပါတယ်။ ကျွန်မတို့နိုင်ငံဟာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရုံတင်မက စိတ်ပိုင်းဆိုင်ရာတိုးတက်မှ ကျွန်မတို့ က္ဘာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လူထုအနေအထား ပတ်ဝန်းကျင် တစ်ခုကို တီထွင်သွားနိုင်မှာ ဖြစ်ပါတယ်။


''ကျွန်မအနေနဲ့ လူတိုင်းလူတိုင်းဟာ လူကြီးလူငယ်မရွေး ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြီလို့ ထင်တဲ့အခါမှာ တကယ်ပဲ ဘယ်လိုအနေအထားနဲ့ တိုးတက်လာသလဲဆိုတာ စဉ်းစားစေ ချင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ ပိုပြီးတိုးတက်လာတာလား၊ ဒေါသ မောဟကြောင့် ကျဆင်းသွားအောင် လုပ်ပေးနိုင်တဲ့ အစွမ်းတွေ တိုးတက်လာတာလားဆိုတာ စဉ်းစားစေချင်ပါတယ်။ အခုခေတ်မှာဆိုရင် လူတွေက အမုန်းစိတ်၊ အာဃာတစိတ်တွေ အင်မတန်မှ ပွားနေပြီးတော့ ဒီဟာတွေကို လှည့်မကြည့်တာ သတိပြုမိပါတယ်။ လူသားတွေအနေနဲ့ ဒီလိုအပြုသဘော မဆောင်ဘဲနဲ့ အပျက်သဘောဆောင်တဲ့ စိတ်ဓာတ်တွေကို ဘယ်လောက်ကျဆင်းအောင် လုပ်နိုင်သလဲဆိုတာ အများကြီး ရှိစေချင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ဆန်းသစ်တီထွင်တယ် ဆိုတဲ့အခါမှာ ပိုပြီးကောင်းမွန်တဲ့ စိတ်ဓာတ်တွေ၊ ဘယ်လို တီထွင်နိုင်မလဲဆိုတာ ထည့်ပြီးစဉ်းစားစေချင်ပါတယ်။


ဒီလိုစဉ်းစားမှသာ ကျွန်မတို့နိုင်ငံက ကမ္ဘာ့အလယ်မှာ တကယ့်ကို စိတ်ရောကိုယ်ရောချမ်းသာတဲ့ လူမှုအသိုက်အဝန်း ဖြစ်လာမှာပါ။


''နိဂုံးချုပ်အနေနဲ့ ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ ဗဟိုဌာနကနေ စွန့်ဦးတီထွင် ဆန်းသစ်ဖန်တီးသူ လူငယ်တွေ အမြောက်အမြား ထွက်ပေါ်လာနိုင်ကြပါစေ၊ ကျွန်မတို့ရဲ့ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်များအနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင် နိုင်ကြပါစေ၊ ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ပြည်သူတွေ အားလုံး အတွက် အောင်မြင်မှုခရီးလမ်းမှတစ်ဆင့် က္ဘာသူ၊ က္ဘာသား များ အေးချမ်းတိုးတက်ရာသို့ ပို့ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်''ဟု ပြောကြား သည်။


ယင်းနောက် Yangon Innovation Centre အမှု ဆောင်အရာရှိချုပ် ဦးရာဝီးက Yangon Innovation Centre ၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Seed Stars အဖွဲ့မှ Head of Programmes Ms. Atriana Collini က Seed Starအဖွဲ့၏ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း တင်ပြသည်။
ထို့နောက် Yangon Innovation Centre ဝင်းအတွင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံးက တည်ဆောက် လှူဒါန်းသည့် Digital Museum နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပြင်သစ်သံအမတ်ကြီးMr. Christian Lechervy က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံ လွှဲပြောင်းပေးအပ် သည်။


ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် Seed Starsအဖွဲ့၊ Yangon Innovation Centre မှ တာဝန်ရှိသူ များသည် ပြည်ထောင်စုဝန်ကြီးများ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌတို့နှင့်လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီး များနှင့် လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Yangon Innovation Centre အတွင်း လှည့်လည်ကြည့်ရှု အားပေးသည်။
Yangon Innovation Centre ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန် အခြေစိုက် Seed Stars ကုမ္ပဏီက တာဝန်ယူအကောင် အထည်ဖော်တည်ဆောက်ခဲ့ပြီး အဆိုပါစင်တာမှ ဦးစားပေး ကဏ္ဍများအဖြစ် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ခေတ်မီနည်းပညာ များဖြင့် တီထွင်ဖန်တီးနိုင်စေခြင်း၊ ဆန်းသစ်ဖန်တီးခြင်း အလေ့အကျင့်များကို အားပေးမြှင့်တင်ခြင်း၊ စီးပွား၊ စီမံ၊ စွန့်ဦး တတ်သိပညာများကို ပို့ချခြင်း၊ လက်တွေ့အကောင်အထည် ဖော်နိုင်ရန်ပံ့ပိုးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာ့ပထဝီအနေအထား အားသာချက် များအလိုက် အကျိုးသက်ရောက်မှုအထူးရှိစေမည့် စိုက်ပျိုး မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးဆိုင်ရာကဏ္ဍများအတွက် နည်းပညာများကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်သည်။


ထို့ပြင် ယင်းစင်တာတွင် နည်းပညာကုမ္ပဏီကြီး ၂၀ ကျော်မှ နည်းပညာကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စီးပွားရေးကဏ္ဍများအပါ အဝင် အခြေခံပညာအထက်တန်းအဆင့်မှစ၍ တက္ကသိုလ်များ အထိ လူငယ်များနှင့်ချိတ်ဆက်ပြီး သင်တန်းများ၊ Work Shop များ၊ Training များကို လူငယ်များလေ့လာသင်ယူနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါစင်တာတွင် စုပေါင်းအလုပ်ရုံ၊ စိတ်တူကိုယ်တူ ရှိသူများနှင့် ပူးပေါင်းအလုပ်လုပ်နိုင်ရန် ဈေးနှုန်းသင့်တင့်သည့် ခေတ်မီခံ့ညားသော လုပ်ငန်းခွင်နေရာ၊ ရင်းနှီးမြှုပ်နှံမှုရရှိနိုင် ရန် အဆင်သင့်ဖြစ်စေသော သုံးလတာ အဟုန်မြှင့်တင်ပေးမှု အစီအစဉ်၊ စီးပွားရေးတည်ထောင်မှုအထူးသင်တန်း၊ စွန့်ဦး တီထွင်လုပ်ငန်းတစ်ခု တည်ထောင်ရန်အတွက် လိုအပ်သည့် ဆန်းသစ်တီထွင်ခြင်း၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာပညာ ရပ်များကို လက်တွေ့သင်ကြားပေးသည့် ခြောက်လတာ အထူး သင်တန်းများရှိပြီး တီထွင်ဖန်တီးမှု၊ ဆန်းသစ်ဖန်တီးမှုနှင့် စွန့်ဦး တီထွင်မှုဆိုင်ရာ စီးပွား၊ စီမံ၊ နည်းပညာနှင့် သက်ဆိုင်သည့် အပတ်စဉ်ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲနှင့် နှီးနှောဆွေးနွေးပွဲများ ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဦးအုန်းမောင်၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ Yangon Innovation Centre အမှုဆောင်အရာရှိချုပ်နှင့် တာဝန် ရှိသူများ၊ Seed Stars အဖွဲ့မှ တာဝန်ရှိသူများ၊ နည်းပညာ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment