Thursday, July 18, 2019

တီထွင်ဆန်းသစ်မှုများအတွက် ရေခံမြေခံကောင်း

မြန်မာ့အလင်းအယ်ဒီတာအာဘော်



တီထွင်ဆန်းသစ်ဖန်တီးမှုများကြောင့် လူသားက္ဘာကြီး ပြောင်းလဲ တိုးတက်လာခဲ့ရသည်။ ၁၈၈၀ မတိုင်မီက ညဆိုလျှင် အမှောင်ထုအောက် မှာ အိပ်စက်ကြရသည့် လူနေမြို့ရွာများသည် သောမတ်စ်အက်ဒီဆင် တီထွင်သော မီးလုံးများကြောင့် ၁၈၈၀ ပြည့်လွန်နှစ်များတွင် လျှပ်စစ်မီး ရောင်များဖြင့် နေ့အလား ထိန်ထိန်ညီးခဲ့ရသည်။


မိမိတို့၏ နေ့စဉ်လူနေမှုဘ၀၏ အရာရာအားလုံးတို့မှာ တီထွင်ဆန်းသစ် မှုများ၏ ရလဒ်များဖြစ်ကြသည်။ စားရေး၊ ဝတ်ရေး၊ နေရေး၊ သွားလာရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အနုပညာ စသည် စသည်ဖြင့် လူသားတို့နှင့် ဆက်စပ်ပတ်သက်သမျှ နယ်ပယ်တိုင်းမှာ တီထွင်ဖန်တီးဆန်းသစ်မှုများကြောင့် ပြောင်းလဲတိုးတက်နေရခြင်း ဖြစ်သည်။


တီထွင်ဖန်တီးမှုများသည် လူသားတို့၏ လိုအပ်ချက်များအရ ဖြစ်စေ၊ ဉာဏ်အလင်းပွင့်မှုများမှဖြစ်စေ ပေါ်ထွက်လာကြရသည်။ တီထွင် ဆန်းသစ်မှုတိုင်းတွင် အချိန်၊ ငွေကြေး စသည့် အရင်းအနှီးများကို သုံးစွဲ ကြရသလို စွန့်စားရသည့် သဘောလည်း ရှိသည်။ အောင်မြင်မှုပန်းတိုင် မရောက်မချင်း ရှုံးနိမ့်ခြင်း အကြိမ်ကြိမ်တို့ကို ရင်ဆိုင်ကျော်ဖြတ်ကြရသည်။


မည်သို့ပင်ဖြစ်စေ တီထွင်ဖန်တီးသူများ၊ သုတေသနပြုသူများအတွက် ရေခံမြေခံကောင်းများရှိနေပါက လူသားတို့၏ လိုအပ်ချက်များအရ တီထွင်ဆန်းသစ်မှုများက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲ တိုးတက်နေမည်သာဖြစ်သည်။ မိမိတို့ ယနေ့သုံးစွဲနေသည့် ဖုန်းများနှင့် အလက်ဇန္ဒြားဂရေဟမ်ဘဲလ် တီထွင်ခဲ့သည့် တယ်လီဖုန်းတို့ အကွာကြီး ကွာခဲ့ပြီဖြစ်သည်မှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တီထွင်ဆန်းသစ် မှုများကြောင့်ပင် ဖြစ်သည်။


ယနေ့ကမ္ဘာသည် စတုတ္ထမြောက် စက်မှုခေတ်ဆီသို့ဝင်ရောက်ရန်တာစူနေပြီ။ မှတ်ဉာဏ်တုနည်းပညာ၊ နာနိုနည်းပညာများနှင့်အတူ လူသားကမ္ဘာသည် နောက်တစ်ဆင့်အပြောင်းအလဲဆီသို့ ဦးတည်လျက် ရှိနေပြီဖြစ်သည်။


လယ်ယာစီးပွားအခြေခံနိုင်ငံဘ၀မှာ ရှိနေဆဲဖြစ်သည့် မိမိတို့နိုင်ငံသည် စတုတ္ထစက်မှုတော်လှန်ရေးနှင့်က္ဘာ့အပြောင်းအလဲ တွင် မည်သည့်အခန်းကဏ္ဍ၌ ရပ်တည်နိုင်မည်လဲဟု ဆင်ခြင်တွေးဆစရာ ပင်ဖြစ်သည်။ ကျွန်မတို့နိုင်ငံရဲ့ ပထဝီအနေအထား အားသာချက်ကနေ သန့်ရှင်းတဲ့ စွမ်းအင်တွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အော်ဂဲနစ်သီးနှံတွေ အမြောက်အမြား ထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေကောင်းတွေလည်း ရှိနေပါတယ်။ စိုက်ပျိုးမြေလက်ကျန် အများအပြား ကျန်ရှိနေတဲ့ အခြေ အနေတွေကလည်း နည်းပညာ၊ တီထွင်ဆန်းသစ်မှုတွေနဲ့ ထိထိ ရောက်ရောက် ရင်းနှီးမြှုပ်နှံပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်မယ် ဆိုရင် လယ်ယာအင်အားကြီးတဲ့ Agri-Power နိုင်ငံတစ်နိုင်ငံအဖြစ် ကို ရောက်ရှိလာနိုင်မယ့် အခွင့်အလမ်းတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိဖို့ အင်မတန်မှ အရေးကြီးပါတယ် ဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အမှာစကားပါ ပြောကြားချက်များမှာ နိုင်ငံ၏ လက်ရှိပကတိ အခြေအနေနှင့် ကမ္ဘာကြီး၏ အပြောင်းအလဲတွင် လိုက်ပါနိုင်မည့် အခန်း ကဏ္ဍတို့ကို ရှင်းလင်းစွာ သိနားလည်နိုင်ကြမည်ဖြစ်သည်။


မြန်မာနိုင်ငံ၏ လူဦးရေ ၁၀ ရာခိုင်နှုန်းကျော်တို့ နေထိုင်ရာ၊ မြန်မာ နိုင်ငံ၏ စီးပွားရေးမြို့တော်၊ မြန်မာနိုင်ငံ၏ နိုင်ငံတကာဂိတ်တံခါးဖြစ်သည့် ရန်ကုန်မြို့၏ အချက်အချာနေရာ၊ ရန်ကုန်မြစ်ကမ်းပေါ်တွင် Yangon Innovation Centre (ရန်ကုန်ဆန်းသစ်ဖန်တီးမှုဗဟိုဌာန)ကို ဇူလိုင် ၁၇ ရက်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ယင်းဗဟိုဌာနသည် တီထွင်ဖန်တီး လိုသူ လူငယ်များ၏ အိပ်မက်များကို လက်တွေ့ အကောင်အထည်ဖော် နိုင်မည့် ရေခံမြေခံကောင်းများတည်ရှိရာနေရာလည်း ဖြစ်သည်။ လူငယ် တို့၏ စိတ်ကူးအသစ်၊ တီထွင်ဆန်းသစ်မှုများဖြင့် နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး စသည့် ကဏ္ဍများကို မဝေးတော့သည့် အနာဂတ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်အောင် မြှင့်တင်သွားနိုင်မည်ဟု ယုံကြည်မိပါကြောင်း။ ။


No comments:

Post a Comment