Saturday, July 13, 2019

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကျိုးမဖြစ်ထွန်းနိုင်သည့် ဖိအားပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုမရှိသည့် အပြုအမူများနှင့် အပြုသဘောမဆောင်သည့်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေပါက စိန်ခေါ်မှုများကို ပိုမိုဆိုးရွားလာစေနိုင်


Image may contain: 4 people, people sitting and people standing
နေပြည်တော် ဇူလိုင် ၁၂
ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လှူအခွင့် အရေးကောင်စီ၏ (၄၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း ဇူလိုင် ၁၀ ရက်က ပြုလုပ်သည့် မြန်မာ နိုင်ငံနှင့် ပတ်သက်သည့် အပြန်အလှန်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂလှူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်စား ဒုတိယမဟာမင်းကြီးက နှုတ်ဖြင့် အစီရင်ခံတင်ပြခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက သက်ဆိုင်ရာနိုင်ငံအနေဖြင့် ပြန်လည်ရှင်းလင်းပြောကြား ခဲ့သည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ ကဲ့သို့ လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ စုပေါင်းနေထိုင် သည့် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ လှူအခွင့်အရေး ကာကွယ်မြှင့်တင်ရေးတို့တွင် မျှတမှုနှင့် အားလုံးပါဝင်မှုတို့သည် အရေးကြီးကြောင်း၊ ရခိုင် ပြည်နယ်အရေးနှင့်ပတ်သက်၍ အတည်မပြုနိုင်သည့် စွပ်စွဲချက်များအား လှူအခွင့်အရေးကောင်စီ၏ အစီရင် ခံစာများတွင် ဖော်ပြပါရှိနေခြင်းကို စိုးရိမ်ကြောင်း၊ လက်ရှိအစိုးရသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အရေးကြီးဦးစားပေးကိစ္စရပ် အဖြစ် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီး ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းခဲ့ခြင်း၊ ဒေါက်တာ ကိုဖီအာနန်၏ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်း၊ အာဆာ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် စိန်ခေါ်မှုများ ရှိသော်လည်း ၎င်းအကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်နေမှုများ၊ ရရှိတိုးတက်မှု များ၊ နေရပ်ပြန်လာမည့်သူများအတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထပ်လောင်းရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေရပ်စွန့်ခွာသူများ မိမိဆန္ဒ အလျောက် ဂုဏ်သိက္ခာရှိရှိနှင့် လုံခြုံမှုရှိစွာ နေရပ် ပြန်နိုင်ရေးကိစ္စတွင် မြန်မာအစိုးရမှ ကြိုးပမ်းဆောင်ရွက်မှု နည်းပါးကြောင်း(သို့မဟုတ်) ကြိုးပမ်းအားထုတ်မှုမရှိ ကြောင်း စွပ်စွဲပြောဆိုနေခြင်းများနှင့်ပတ်သက်၍ အခြေ အနေအရပ်ရပ်ကို ဓမ္မဓိဋ္ဌာန်ကျကျဖြင့် ရှုမြင်သုံးသပ်ရန် တိုက်တွန်းလိုကြောင်း၊ နေရပ်စွန့်ခွာသူများအပေါ် မုတ်သုံရာသီကြောင့် ကျရောက်နိုင်သည့် ဘေးအန္တရာယ် အတွက် စိုးရိမ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံသဘောတူညီထားသည့်အတိုင်း ပြန်လည်လက်ခံ ရန် အသင့်ဖြစ်နေကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက် များနှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အောင်မြင်စွာ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ စစ်မှန်သောစိတ်ရင်းဖြင့် ပူးပေါင်း ဆောင်ရွက်မှု အဓိကလိုအပ်ကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းကဲ့သို့သော နိုင်ငံတကာ မျက်နှာစာများ (International Platforms)ကို အလွဲသုံးစားပြု၍ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများကို လုံး၀ရှောင်ကြဉ် ရန်လိုကြောင်း အလေးထားပြောကြားခဲ့သည်။
ထို့ပြင် ဇူလိုင်လကုန်တွင် မြန်မာဘက် ပူးတွဲလုပ်ငန်း အဖွဲ့မှ အဖွဲ့ဝင်များ ကော့ခ်ဘဇားသို့ သွားရောက်ရန် စီစဉ်ထားရှိမှု၊ နေရပ်စွန့်ခွာသူများအား အချက်အလက်များ ဖြန့်ဝေရေးနှင့် နေအိမ်များတည်ဆောက်ရေးတွင် ခင်မင် ရင်းနှီးသောနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင် ပြည်နယ်၌ မြန်ဆန်ထိရောက်သည့် စီမံကိန်းများ (Quick Impact Projects)တွင် UNDP နှင့် UNHCR တို့နှင့် ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ AHA Centre နှင့် ပူးပေါင်းဆောင်ရွက်မှု အပါအဝင် မြန်မာဘက်မှ ပြင်ဆင် ထားရှိမှုများကိုလည်း ကောင်စီသို့ အသိပေးပြောကြားခဲ့ပြီး ကော့ခ်ဘဇားသို့သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ် အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှုရရှိလိမ့်မည်ဟု မြန်မာအနေဖြင့် မျှော်လင့် ကြောင်း အလေးထား ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် လှူအခွင့်အရေးချိုးဖောက်ခဲ့ ကြောင်း စွပ်စွဲချက်များနှင့်ပတ်သက်၍ ခိုင်မာသည့် သက်သေအထောက်အထားများရှိပါက အရေးယူသွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လွတ်လပ် သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက် နေကြောင်း၊ ယင်းကော်မရှင်သည် ယခုနှစ် ဇန်နဝါရီလ ကတည်းက ကော့ခ်ဘဇားသို့သွားရောက်ရန် ဘင်္ဂလား ဒေ့ရှ်ဘက်သို့ သုံးကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ယခုအချိန်အထိ အကြောင်း ပြန်ကြားမှု တစ်စုံတစ်ရာမရှိသေးကြောင်း၊ ကောင်းမွန် သော အစီရင်ခံစာတစ်ခုထွက်ရှိရန် ကော်မရှင်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုလိုကြောင်း၊ မြန်မာအစိုးရအနေဖြင့် ထိခိုက်ခံစားခဲ့ကြရသည့် အသိုက်အဝန်းအားလုံးထံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ရန်နှင့် အသိုက်အဝန်းများအားလုံး အကြား သဟဇာတပိုမိုရှိလာစေရေးနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေးအတွက် နိုင်ငံတော်မှ အရင်းအမြစ်များ အသုံးပြု၍ တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က ရခိုင်ပြည်နယ်အရေး ကိစ္စအပါအဝင် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် စိန်ခေါ်မှု များသည် ရှုပ်ထွေးနက်နဲသည့် စိန်ခေါ်မှုများဖြစ်ပြီး ယင်းတို့ကို ကျော်ဖြတ်နိုင်ရေးအတွက် အစိုးရအနေဖြင့် ခိုင်မာစွာဆုံးဖြတ်ထားကြောင်း၊ နိုင်ငံတကာအသိုက် အဝန်းက မည်သို့မျှ အကျိုးမဖြစ်ထွန်းနိုင်သည့် ဖိအား ပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုမရှိသည့် အပြုအမူ များနှင့် အပြုသဘောမဆောင်သည့်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေပါက စိန်ခေါ်မှုများကို ပိုမို ကြာရှည်ဆိုးရွားလာစေနိုင်သည့်အပြင် ငြိမ်းချမ်းသည့် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်မှုများကို သွေဖည်သွားစေနိုင်ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းသာယာ၀ပြောရေးအတွက် ရေရှည်တည်တံ့ သည့် အဖြေရှာမှုများ ပြုလုပ်ရာတွင် နိုင်ငံတကာ အသိုက်အဝန်းမှ အပြုသဘောဆောင်ပြီး စစ်မှန်သည့် နည်းလမ်းဖြင့် လက်တွဲပါဝင်ရန် တောင်းဆိုခဲ့ပြီး နယ်ပယ်ကဏ္ဍစုံတွင် တိုးတက်မှုများ နေ့ချင်းညချင်း တစ်ပြိုင်နက်ရရှိရန် မဖြစ်နိုင်သော်လည်း အစိုးရ၏ သုံးနှစ်တာလုပ်ငန်းကာလအတွင်း မြေပြင်တွင် တည်တံ့ ခိုင်မာသည့် တိုးတက်မှုရလဒ်များ ကျယ်ကျယ်ပြန့်ပြန့် ရရှိပြီးဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment