Friday, July 19, 2019

ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ...

မြန်မာ့အလင်းအယ်ဒီတာအာဘော်



နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ရောက်လျှင် နိုင်ငံရေးအာဏာကို လက်နက်အားကိုးဖြင့် အဓမ္မရယူလိုသော အကြမ်းဖက်မှု၏ နှစ်ကာလရှည် အကျိုးဆက် ဆိုးချက်များကို သံဝေဂရမိသည်။

ထိုနေ့။

၁၉ ဇူလိုင်၊ ၁၉၄၇ နေ့သည် ကောင်းကင်တစ်ခုလုံး မိုးသားများ ဖုံးလို့ အုံ့မှိုင်းနေကာ ဖွဲဖွဲတစ်ခါ၊ သည်းသည်းတစ်လှည့် ရွာခဲ့သောနေ့ ဖြစ်၏။ ဗန်ကောက်လုံခြည် သနပ်ခါးရောင်၊ မန္တလေးပိုးတိုက်ပုံ၊ သဲကြိုးအဖြူ ရောင် လေယာဉ်ပျံဖိနပ်တို့ဖြင့် ထူးထူးခြားခြားရှိနေသည့် ဦးအောင်ဆန်း သည်ဇနီးနှင့် သားသမီးတို့ကို ပြုံးရွှင်ရယ်မောနှုတ်ဆက်ရင်း အိမ်မှ ထွက်လာချိန်အထိ သူ၏ ကံကြမ္မာကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ကံကြမ္မာကိုလည်းကောင်း သူကိုယ်တိုင် မသိရှာခဲ့သလို မိသားစုဝင်များ လည်း မသိခဲ့ရှာ။
အတွင်းဝန်ရုံးအတွင်းက ဝန်ကြီးများအစည်းအဝေးမှာ နိုင်ငံ၏ အနာဂတ်အတွက် ဆွေးနွေးစရာရှိသည်များ၊ ညှိနှိုင်းဆုံးဖြတ်စရာ ရှိသည်များကို တွေးတောကြံဆကာ ပြင်ဆင်နေကြသည့် ဝန်ကြီးများ သည်လည်း သူတို့၏ ဘ၀ကံကြမ္မာနှင့် နိုင်ငံ့ကံကြမ္မာ အလှည့်အပြောင်းကို စိုးစဉ်းမျှ မရိပ်မိမသိရှိခဲ့ကြ။


အာဏာရလိုခြင်းကလွဲ၍ ဘာကိုမျှဆင်ခြင်တုံတရားဖြင့် စဉ်းစား နိုင်ခြင်းမရှိတော့သည့် ဂဠုန်ဦးစောသည်ပင် မိမိ၏ပယောဂ၊ မိမိ၏ အာဏာလောဘဇောမွှန်နေသည့် လုပ်ရပ်ကြောင့် ဤရွေ့ဤ မျှလောက် နိုင်ငံတစ်ခု၏ ကံကြမ္မာဆိုးဆိုးရွားရွား ပြောင်းလဲသွားစေလိမ့်မည် ဆိုသည်ကို ရိပ်စားမိပုံမပေါ်ခဲ့။ လူသတ်၊ အကြမ်းဖက်လိုက်လျှင် ဘုရင် ဖြစ်မည်ဆိုသည့် အပေါ်ယံမည်ကာမတ္တအတွေးလောက်ဖြင့် လက်နက် တပြင်ပြင် ဖြစ်နေခဲ့ချေသည်။


မိုးစွေနေသည့် ထိုနံနက်ခင်းတွင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ ချောက်ချားတုန်လှုပ်သွားစေသည့် သေနတ်သံများနှင့် ယမ်းမီးခိုးများက အတွင်းဝန်ရုံးအတွင်း ဝန်ကြီးများအစည်းအဝေးခန်းမကို အကျည်းတန် သွားစေခဲ့သည်။


မြန်မာပြည်သူလူထု ချစ်ခင်ကြည်ညိုရဆုံးသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉ ဇူလိုင်၊ ၁၉၄၇ စနေနေ့ ၁ဝး၃၇ မိနစ်မှာ ကျဆုံးခဲ့ရလေသည်။ ဝန်ကြီးများဖြစ်ကြသည့် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးဘဝင်းနှင့် အတွင်းဝန်ဦးအုန်းမောင်၊ ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော် ကိုထွေးတို့သည်လည်း ကျဆုံးခဲ့ရ သည်။ မိုင်းပွန်စော်ဘွားစဝ်စံထွန်းကား နောက်တစ်နေ့ ၂၀ ဇူလိုင်တွင် ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ရှာပါသည်။


ပစ်ခတ်သတ်ဖြတ်မှု၏ အဓိကတရားခံများကို နေ့ချင်းပင် ဖမ်းဆီး မိခဲ့ပြီး တရားရုံး၏ ဆုံးဖြတ်ချက်အရ ဦးစော၊ မှုန်ကြီး၊ မောင်စိုး၊ သက်နှင်း တို့ကို အင်းစိန်ထောင်တွင်လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်ထောင်တွင် လည်းကောင်း ၈ မေ၊ ၁၉၄၈ တွင် ကြိုးဒဏ်ပေး လိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရခြင်းသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ အနာဂတ်ကို လုပ်ကြံ ခံလိုက်ရသကဲ့သို့ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် အစားထိုးမရသော နစ်နာဆုံးရှုံးမှုကြီးဖြစ်ပါသည်။


ခေါင်းဆောင်ကြီးများ ပြဋ္ဌာန်းဆောင်ရွက်ကာ စနစ်တကျစီမံခဲ့ သော အကျိုးဆက်အဖြစ် လွတ်လပ်ရေးပန်းတိုင်အထိ ဆက်လက် ချီတက် နိုင်ခဲ့ကြသော်လည်း နိုင်ငံတော်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အမျိုးသားသွေးစည်းညီညွတ်ရေးကို မတည်ဆောက် နိုင်ခဲ့တော့ပါ။


ဗိုလ်ချုပ်မရှိတော့သည့်အတွက် လက်ဝဲလက်ယာ နိုင်ငံရေးအင်အားစု များကို စုစည်းညီညွတ်အောင် မတည်ဆောက်နိုင်ခဲ့ခြင်းက အညွန့်လူလူ တက်နေသော နိုင်ငံရေးကိုချည့်နဲ့အားနည်းသွားစေခဲ့ပါသည်။ ထို့အတူ တိုင်းရင်းသားများနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းရင်း ပေါ်ပေါက်လာ မည်ဟု ယုံကြည်ရနိုင်လောက်သည့် ဖက်ဒရယ်ပြည်ထောင်စုဟူသော အိပ်မက်ပျက်ပြယ်သွားခဲ့ရသည်။


ဗိုလ်ချုပ်၏ ဦးဆောင်မှုအောက်တွင် ဘယ်တော့မျှ ဖြစ်လာလိမ့်မည် မဟုတ်သော 'တိုင်းပြည်ကို ဆင်းရဲနွံထဲသို့ နစ်သည်ထက်နစ်အောင် ဆွဲနှစ် ခဲ့သော တော်လှန်ရေးကောင်စီ အာဏာသိမ်းမှု' ပေါ်ပေါက်ခဲ့သည်။ ထိုအာဏာသိမ်းမှုက ဆင်းရဲမှုနှင့် တစ်ပြိုင်တည်း ဒီမိုကရေစီဆိတ်သုဉ်းမှု ကိုပါ အုတ်မြစ်ချပေးခဲ့သည်။
ထိုလုပ်ကြံမှုကြီးက ဝမ်းနည်းဖွယ် အဖြစ်အပျက်များနှင့်အတူ သင်ခန်း စာယူဖွယ်များ၊ သန္နိဋ္ဌာန်ချစရာများကို ချန်ထားရစ်ခဲ့သည်။


နိုင်ငံရေးအာဏာကို လက်နက်အားကိုးဖြင့် ယူလို့မရ၊ ပြည်သူလူထု ထောက်ခံမှုဖြင့်သာ ရယူနိုင်သည်ဟူသည့် နိုင်ငံရေးယဉ်ကျေးမှုထွန်းကား ပါစေကြောင်း သန္နိဋ္ဌာန်ချကြရန် နှိုးဆော်ရင်း၊ ဗိုလ်ချုပ်တို့ မျှော်မှန်းခဲ့သည့် နိုင်ငံသားအားလုံးတို့၏ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ခွင့်တူညီမျှခြင်း တို့ဖြင့်ပြည့်စုံသော မြန်မာနိုင်ငံတော် ထူထောင်နိုင်ကြပါစေကြောင်း ၇၂ နှစ်ပြည့် အာဇာနည်နေ့ လွမ်းချင်းအမှတ်တရ ဆုမွန်တောင်းလိုက် ရပါသည်။



No comments:

Post a Comment