Saturday, July 13, 2019

သမိုင်းဝင် မော်ကွန်းတင် အာဇာနည်

Image may contain: text

အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာနိုင်ငံတွင်သာမက က္ဘာတွင်ပါ သမိုင်း မှတ်တမ်းဝင်သော ထူးခြားပြောင်မြောက်သည့် ခေါင်းဆောင်ဖြစ်သည်။ ပစ္စုပ္ပန်ကာလ မြန်မာပြည်နိုင်ငံရေးသမိုင်းတစ်လျှောက်တွင် ဗိုလ်ချုပ် အောင်ဆန်းထက် ပိုမိုထင်ရှားအရေးပါသော ပုဂ္ဂိုလ်မျိုးမရှိဟုဆိုလျှင် လုံး၀ယုံမှားဖွယ်မရှိသော မှတ်ချက်တစ်ခုဟု ဝန်ခံရမည်ဖြစ်သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးကို ကျွန်ုပ်တို့ပြည်သူများအနေဖြင့် အစဉ်အမြဲတမ်းတ သတိရကြရာဝယ် ယခုကဲ့သို့ ဇူလိုင်လရောက် လေတိုင်း၊ ဇူလိုင်လ ၁၉ ရက်သို့ နီးကပ်လာလေတိုင်း မြန်မာနိုင်ငံ၏ အခြားသမိုင်းဝင် နေ့ကြီးရက်ကြီးများနှင့်မတူ ပိုမိုသတိရတမ်းတမိ ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ထူးခြားသောစွမ်းဆောင်မှုများ၊ တစ်မူထူးကဲသော အရည်အချင်းများနှင့် မမေ့နိုင်ဖွယ်ရာ အမှတ်တရ များကို ပြန်လည်ဖော်ထုတ်၍ လွမ်းဆွတ်သတိရမိကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကို နှောင်းမျိုးဆက်များက အဘယ်ကြောင့် တမ်းတမ်းတတသတိရကြပါသနည်း။ အကြောင်းမူကား ကိုယ့်မင်း ကိုယ့်ချင်းဘ၀မှ နယ်ချဲ့လက်အောက်ခံ ကိုလိုနီနိုင်ငံဖြစ်ခဲ့ရသော မြန်မာပြည် ရာဇဝင် ၁၈၈၅ ခုနှစ် သည်ဘက်ပိုင်းတွင် မြန်မာတိုင်းရင်းသား လူထုတစ်ရပ်လုံးအတွက် နှစ်ပေါင်းတစ်ရာကျော် အလွန်အလှမ်းဝေး ကွာနေသောပန်းတိုင်တစ်ခုဖြစ်သည့် လွတ်လပ်ရေးဆုထူးကို အလွန်တို တောင်းလှသည့်ကာလအတွင်း အောင်မြင်စွာလှမ်းဆွတ်နိုင်ရေးတွင် ဗိုလ်ချုပ်အောင်ဆန်းဟူသော ပုဂ္ဂိုလ်သည် လူထုရှေ့မှ မားမားမတ်မတ် ရပ်တည်၍ အသက်ပေးဆပ်ကာ ရယူပေးခဲ့သောကြောင့်တည်း။
ဗိုလ်ချုပ်အောင်ဆန်းကို ဤသို့အမွှမ်းတင်ထားကြသည်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းသည် အများနှင့်မတူသော စွမ်းဆောင်မှုများဖြင့် မြန်မာ့လွတ်လပ်ရေးဗိမာန်ကြီးကို မွမ်းမံတည်ဆောက်ရာ၌ ဦးစီး ဦးဆောင်ပြုသည့် ဗိသုကာဆရာကြီး ဖြစ်နေသောကြောင့်တည်း။ ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တန်ဖိုးထား လေးစား ကြပြီး လွတ်လပ်ရေးအောင်ဆုကိုရယူပေးမည့် ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ထားကြသည်။ လွတ်လပ်ရေးအောင်ပန်းကို ရလုဆဲအချိန်တွင် မသမာသူလူတစ်စု၏လက်ချက်ဖြင့် ခေါင်းဆောင်ကြီးများ ရေတိမ်နစ် ခဲ့သဖြင့် မျှော်လင့်ချက်မဲ့သလိုဖြစ်ခဲ့သည်။
သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ပေး၍ မြန်မာ့ လွတ်လပ်ရေးကို ရယူပေးခဲ့သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် များမကြာမီတွင် လုံး၀လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် ပေါ်ထွန်းလာသည်။ အသက်ပေး၍ရယူပေးခဲ့သော အာဇာနည်ခေါင်းဆောင်များ၊ အသက်ရှင်သန်ကျန်ရစ်ခဲ့သည့် ခေါင်းဆောင်များ၏ ကျေးဇူးများသည် ကြီးမားလှပါသည်။ လွတ်လပ်ရေး ကို အသက်၊ သွေး၊ ချွေးပေးဆပ်ကာ ရယူပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရမည်ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျှော်မှန်းခဲ့သောပန်းတိုင်သို့ ဆက်လက်တက်လှမ်းနိုင်ရန် ကြိုးပမ်း အားထုတ်ခြင်းဖြင့် ကျေးဇူးဆပ်ကြရမည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူများ၏လက်ချက်ဖြင့် ရေတိမ်နစ်ခဲ့ရသော်လည်း ဗိုလ်ချုပ်၏ နာမည်၊ ဗိုလ်ချုပ်၏ကြိုးပမ်းမှု၊ ဗိုလ်ချုပ်၏ လမ်းစဉ်များကား ထင်ရှားပေါ်လွင်စွာ ကျန်ရစ်နေဆဲဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဟူသော အမည်နာမသည်ကား ရာဇဝင်သမိုင်းတွင် မော်ကွန်းတင်အံ့သော အချက်တစ်ရပ်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် အေဘရာဟင်လင်ကွန်း၊ ဗီယက်နမ်တွင် ဟိုချီမင်းတို့ကဲ့သို့ နောင်လာ နောက်သားများ အမြဲတစေကြည်ညိုလေးစားပြီး ဗိုလ်ချုပ်၏အကြောင်း အရာ၊ အတ္ထုပ္ပတ္တိနှင့် ကြိုးပမ်းအားထုတ်မှုများမှာ မမေ့နိုင်ဖွယ်ရာ များဖြစ်သလို လေးစားအတုယူ မှတ်သားလိုက်နာကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး များ ကျဆုံးခဲ့သည်မှာ ၇၂ နှစ်တာမျှ ရှိပြီဖြစ်သော်လည်း ၎င်းတို့၏ အကြောင်းအရာ၊ အတ္ထုပ္ပတ္တိနှင့်ကြိုးပမ်းအားထုတ်မှုများမှာ မြန်မာ့ သမိုင်း၊ ကမ္ဘာ့သမိုင်းတွင် မော်ကွန်းတင်စရာများဖြစ်၍ အာဇာနည် ပုဂ္ဂိုလ်ကြီးများအား ပြည်သူများအားလုံးက အစဉ်ထာ၀ရ လေးစား ဂုဏ်ပြု ဦးညွှတ်နေမည်ဖြစ်ပါသတည်း။ ။

No comments:

Post a Comment