Monday, July 8, 2019

ပြည်သူချစ်သော သူရဲကောင်းအာဇာနည်

Image may contain: text


ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ သည်မှာ ယခုအခါ နှစ်ပေါင်း ၇၂ နှစ် ပြည့်တော့မည်ဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း   အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စွမ်းဆောင်မှုများနှင့် မမေ့နိုင်ဖွယ်ရာပုံရိပ်များမှာ မြန်မာပြည်သူပြည်သားအားလုံး၏ နှလုံးသား ကြေးမုံပြင်တွင် ထင်ဟပ် နေဆဲ၊ ရှင်သန်နေဆဲဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည်    သမိုင်းတွင်သော   သူရဲကောင်း အာဇာနည်ဖြစ်သည်။  သူရဲကောင်းအာဇာနည်တို့၏  စွမ်းဆောင်မှုများ၊ ဖြစ်ရပ်များသည် ပြည်သူတို့၏ နှလုံးသားတွင် ထာ၀စဉ်စွဲထင် ကျန်ရစ် နေမည်သာဖြစ်သည်။ သူရဲကောင်းတို့သည် နိုင်ငံနှင့် လူမျိုးအတွက် အသက်သွေးချွေးပေးဆပ်ရသည်မှာ ဓမ္မတာဖြစ်သည်။  နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို တန်ဖိုးထားသော သူရဲကောင်းတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို    ဦးဆွေးဆံမြည့်ထမ်းဆောင်ရင်း  ရန်သူတို့ လက်ချက်ဖြင့် အသက်ခန္ဓာကြွေရသည်က များသည်။ ထို့ကြောင့်လည်း သူရဲကောင်းအာဇာနည်ဟု ခေါ်ဆိုထိုက်သည်။

ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ အာဇာနည်သူရဲကောင်း များကို  မျှော်လင့်ကြသည်။  အာဇာနည်သူရဲကောင်းများ  သက်ရှည် ကျန်းမာပြီး တိုင်းပြည်နှင့်  လူမျိုးကို  ဦးဆောင်ဦးရွက်ပြုစေလိုကြသည်။ အာဇာနည်သူရဲကောင်းများ    ဦးဆောင်သည့်     တိုင်းပြည်တွင် နေထိုင်ကြရသည်ကို ဂုဏ်ယူလိုလှသည်။ သို့သော် ပြည်သူများ၏ဆန္ဒ  မပြည့်၀ခဲ့ပါ။ ပြည်သူများက  အာဇာနည်သူရဲကောင်းများကို  ချစ်ခင် မြတ်နိုးကြသော်လည်း အာဏာရှင်ဖြစ်လိုသူတို့၏ မုန်းတီးမှု၊ ရက်စက်မှု ဖြင့် အာဇာနည်သူရဲကောင်းတို့မှာ ကြွေလွင့်ခဲ့ရသည်။

မွန်မြတ်သောစိတ်ဓာတ်ရှိသည့်    ပြည်သူများချစ်မြတ်နိုးသော အာဇာနည်သူရဲကောင်းတို့သည်  သက်ဆိုးမရှည်ကြပြီ။  အာဇာနည် သူရဲကောင်းတို့သည် ၎င်းတို့တိုင်းပြည်နှင့်  လူမျိုးအပေါ်  ထားရှိသော စိတ်ဓာတ်များနှင့်အညီ မျှော်မှန်းထားသော ပန်းတိုင်ကို  ဆုံးခန်းတိုင် အကောင်အထည်မဖော်နိုင်ခဲ့ပြီ။ အာဇာနည်သူရဲကောင်းများ  မျှော်မှန်းထား သည့်ပန်းတိုင်မှာ များလူခပ်သိမ်း အေးချမ်းစေမည့် ဝါဒဖြူစင်သော တိုင်း ပြည်၊ များလူခပ်သိမ်း တန်းတူညီမျှ အခွင့်အရေးရသည့် တိုင်းပြည်၊ များလူ
ခပ်သိမ်း ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးစေသော တိုင်းပြည်သာဖြစ်သည်။

အာဇာနည်သူရဲကောင်းတို့၏ မျှော်မှန်းချက်ကို အာဏာရှင်နိုင်ငံ များတွင် အကောင်အထည်မဖော်နိုင်။  ဒီမိုကရေစီနိုင်ငံများတွင်သာ အကောင်အထည်ဖော်နိုင်သည်။  ပို၍သေချာအောင်ဆိုရလျှင် မေတ္တာ တရားလွှမ်းခြုံသော၊ ဗြဟ္မစိုရ်တရားထွန်းကားသော၊ စည်းလုံးညီညွတ်သော ဒီမိုကရေစီနိုင်ငံများတွင် အကောင်အထည်ဖော်နိုင်သည်။ ယနေ့မြန်မာ နိုင်ငံတွင် ပြည်သူများ၏အခွင့်အရေးကို ရှေးရှုသော၊ ဦးစားပေးသော၊ အလေးထားသော   ဒီမိုကရေစီစနစ်ကို  အသွင်ကူးပြောင်းနေသည်။ တိုင်းရင်းသားပြည်သူများ စုပေါင်းနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်၍ တိုင်းရင်းသားပြည်သူအားလုံး၏အကျိုးကို  မျှတစွာဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နေသည်။

ယနေ့တည်ဆောက်အကောင်အထည်ဖော်နေသော နိုင်ငံတော်သစ် အခင်းအကျင်းပုံစံသည် အာဇာနည်သူရဲကောင်းကြီးများ မျှော်မှန်းထား သော၊ ရည်ရွယ်ထားသော ပြည်ထောင်စုနိုင်ငံပင်ဖြစ်သည်။ ထိုတည်ထောင် နေသော   ပြည်ထောင်စုအခင်းအကျင်းကို   မလိုလားသူများသည် ကိုယ်ကျိုးရှာ၊ အတ္တပွားသူများသာဖြစ်သည်။ အာဇာနည်သူရဲကောင်းကြီး များကို မလိုလားသူများ၊ လုပ်ကြံသူများရှိခဲ့သလို အာဇာနည်သူရဲကောင်း ကြီးများ မျှော်မှန်းသည့်တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်မည့်သူများ လည်းရှိသည်။ ထိုအ္တရာယ်၊ ထိုစိန်ခေါ်မှုများကို သတိတရားလက်ကိုင်ထား ပြီး ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ  အာဇာနည်သူရဲကောင်းကြီးများကို  ချစ်မြတ်နိုးသည် ဆိုပါလျှင်၊  မမေ့မလျော့သည်ဆိုပါလျှင်၊ တန်ဖိုးထားလေးစားသည်ဆိုပါ လျှင် သူရဲကောင်းအာဇာနည်ခေါင်းဆောင်ကြီးများ ကြိုးပမ်းအားထုတ် ခဲ့သော လွတ်လပ်သည့် မြန်မာနိုင်ငံတော်ကြီးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်နှင့် သူရဲကောင်းအာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့်ပန်းတိုင်သို့ မရောက်ရောက်အောင် စည်းလုံးညီညွတ်သော စုပေါင်းစွမ်းအားများဖြင့် ရှေးရှုတက်လှမ်း လက်တွဲလျှောက်လှမ်းကြရ မည် ဖြစ်ပါသတည်း။   ။

No comments:

Post a Comment