Saturday, July 20, 2019

မြန်မာ့အလင်းအယ်ဒီတာအာဘော်



အာဇာနည်တို့၏ အမွေကို ခံယူ
***************************

လူဖြစ်ကာမတ္တသည် မြတ်နိုးစရာ မဟုတ်သေး၊ လူကောင်းဖြစ်ရခြင်းသာ မြတ်နိုးစရာစင်စစ်ဖြစ်၏ဟူ၍ ဂရိအတွေးအခေါ်ပညာရှင်ကြီး ဆော့ခရတ္တိ က မိန့်ဆိုခဲ့ဖူးသည်။ လူ့ဘ၀ဟူသည် ရုပ်နာမ်ခန္ဓာတို့ တည်မြဲနေသည့် အခိုက်အတန့်တစ်ခုသာဖြစ်သည်။ အကယ်စင်စစ်အားဖြင့် တိုတောင်းလှ သည့် လူ့ဘ၀အခိုက်အတန့်တွင် ရွှေငွေဥစ္စာစည်းစိမ်၊ ရာထူးဂုဏ်သိမ်တို့ကို ရှာဖွေရယူနိုင်ရေး ကြိုးပမ်းကြသူများက အများစုဖြစ်၍ လူသာမန်များဟု ဆိုရမည်။ ယင်းမှလွဲ၍ လူ့လောကကို နှောင့်ယှက်ဖျက်ဆီးသူများသည် လူဆိုး၊ လူမိုက်၊ လူ့အန္ဓများဖြစ်ပြီး လူ့လောကကို ကောင်းကျိုးပြုသူ၊ လောကပါလတရားများနှင့်အညီ စောင့်ရှောက်တတ်သူများမှာမူ လူတော် များ၊ လူကောင်းများ ဖြစ်ကြသည်။


သာမန်လူတို့ထက် လက်ရုံးရည်၊ နှလုံးရည်၊ သတ္တိ၊ ဗျတ္တိတို့ သာလွန် ပိုင်ဆိုင်ပြီး အများအကျိုး၊ လောကအကျိုးအတွက် ဦးတည်ဆောင်ရွက်ကြ ရာတွင် မိမိတို့တွင် ပိုင်ဆိုင်သမျှ၏ အဆုံးစွန်ဖြစ်သော အသက်နှင့်ခန္ဓာကိုပင် စွန့်လွှတ်ဆောင်ရွက်ကြသူများမှာမူ အာဇာနည်ပုဂ္ဂိုလ်များဖြစ်ကြသည်။ ယင်းသို့သော အာဇာနည်တို့၏ မွန်မြတ်သည့် စိတ်ဓာတ်၊ ရဲရင့်သည့် စိတ်ဓာတ်တို့က လောက၏ကောင်းကျိုးကို ဆောင်ကြဉ်းပေးခြင်းဖြစ် သည့်အလျောက် အလေးအမြတ်ပြု ဦးòတ်ကြရခြင်းလည်း ဖြစ်သည်။ မိမိတို့နိုင်ငံနှင့်မိမိတို့လူမျိုးများ လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း အသက်စွန့်ခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရ၀ပြုခဲ့ကြရ သည်မှာ ၇၂ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ရှေ့ဆက်၍လည်း အနာဂတ်မှာ က္ဘာတည်သရွေ့ မိမိတို့၏နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း၍ ကြိုးပမ်းထမ်းဆောင်ကြရာတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်တို့ကို အမွေခံယူကာ လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်း များအဖြစ်နှင့် နိုင်ငံနှင့်လူမျိုးတို့၏ အကျိုးအတွက် ထမ်းရွက်သွားကြရ မည်ဟု ခံယူမိသည်။


(လူ၏) ခန္ဓာကိုယ်သည် အဆန်းတကြယ်ပြုလုပ်ထားသော အရုပ်နှင့် တူသည်။ အရိုးစု သုံးရာတို့ဖြင့် ထောက်ထားပြီး နာကျင်တတ်သည်။ ကိုးပေါက်ဒွါရ အမာ၀တို့လည်းရှိသည်။ ယင်းကိုယ်သည် အမြဲအရှည်သဖြင့် (ထာ၀ရ) မတည်ရှိနိုင်။


ဤရူပကာယသည် ဆွေးမြည့်အိုတတ်သည်။ အနာရောဂါတို့၏ တည်နေရာလည်းဖြစ်သည်။ ယိုယွင်းပျက်စီးတတ်သည်။ အသက်ရှင် နေရခြင်းသည် သေခြင်းလျှင် အဆုံးရှိရကား ထိုကိုယ်သည် ပုပ်သည်ဖြစ်၍ ပျက်စီးရလတ္တံဟူ၍ ဓမ္မပဒတွင် ဖော်ပြထားသည်။ အဆိုပါ တရားအများစု က လူ့ဘ၀၏ အခိုက်အတန့်ကို သတိပေးနေပြီး ရခဲလှသည့် လူ့ဘ၀ကို တန်ဖိုးရှိရှိ ရှင်သန်ဖြတ်သန်းကာ လောကကောင်းကျိုး သယ်ပိုးနိုင်ကြ စေရေးအတွက် သတိပေးနေခြင်းလည်းဖြစ်သည်။


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မွေးဖွားချိန် မှ ခန္ဓာပျက်သုဉ်းရချိန်အထိ လူ့လောကတွင် သူရှင်သန်ခဲ့ရချိန်မှာ ၃၂ နှစ်သာ ရှိခဲ့သည်။ သို့ရာတွင် နိုင်ငံအတွက်၊ လူမျိုးအတွက် သူစွန့်လွှတ် ကြိုးပမ်းခဲ့သမျှတို့မှာမူ လူသာမန်တို့ ပြုနိုင်ခဲသော အာဇာနည်တို့၏ စိတ်ဓာတ်နှင့် စွန့်လွှတ်ကြိုးပမ်းမှုများပင်ဖြစ်သည်။ မိမိတို့ နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူများ ဦးတည်မျှော်မှန်းကြသည့် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး ကြိုးပမ်း တည်ဆောက်ကြသည့် ခရီးလမ်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများ စံနမူနာပြခဲ့ကြသည့် စိတ်ဓာတ်များ၊ ခံယူချက်များ၊ စွန့်လွှတ်မှုများကို မျိုးဆက်သစ်များအဖြစ် ခံယူကျင့်သုံးကာ အနာဂတ်နိုင်ငံတော်ကို ပုံဖော်တည်ဆောက်နိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment