Tuesday, July 2, 2019

မြန်မာ့အလင်းအယ်ဒီတာအာဘော်


လုံခြုံအေးချမ်းသည့် နိုင်ငံသားတို့ဘ၀အတွက်
==================

မည်သည့်နယ်ပယ်တွင်မဆို အဓမ္မမှုများ မဖြစ်ပွားရအောင်၊ လူမှုအဝန်း အဝိုင်းထဲ တရားမျှတမှုရှိအောင်ဟူ၍ ထိန်းကွပ်သည့်အရာ အချို့ ရှိပါသည်။
တရားဥပဒေ၊ သီလကို အခြေခံသည့် ယုံကြည်မှု၊ လှူကျင့်ဝတ်တို့ ဖြစ်၏။ ထို့ပြင် လူမှုအဖွဲ့အစည်းအတွင်းက အစဉ်အလာရိုးရာ ဓလေ့ ထုံးတမ်းတို့ကလည်း ပဲ့ပြင်ပေးမှု ရှိ၏။
သီလကျင့်ဝတ် လူမှုဓလေ့ထုံးတမ်းတို့ လျော့ရဲလာသည့်အခါ မတရားမှု၊ မမျှတမှု၊ အဓမ္မမှုများက တဖြည်းဖြည်းချင်း တိုးတိုးလာတတ် ၏။ တရားမျှတမှုကို လှူအဖွဲ့အစည်းက ယုံကြည်မှုလျော့ပါးလာသည့်အခါ အကြမ်းဖက်မှုနှင့် မင်းမဲ့စရိုက်တို့က အားကောင်းလာတတ်ကြ၏။
ထို့ကြောင့် လှူဘောင်လောကတွင် တရားဥပဒေ စည်းမျဉ်း စည်းကမ်း တို့ကို အသေအချာရေးဆွဲကာ လူတိုင်းလိုက်နာအောင် အားထုတ်ရလေ သည်။ ကိစ္စမြားမြောင်လူတို့ဘောင်ဖြစ်သည့်အားလျော်စွာ ခေတ်စနစ် များ ပြောင်းသည်နှင့်အမျှ၊ အချိန်များရွေ့လျားလာသည်နှင့်အမျှ ဥပဒေ စည်းမျဉ်း စည်းကမ်းများတွင် အားနည်းချို့ယွင်းမှုများ ရှိလာတတ်သည် ကိုလည်း ပြင်ဆင်ရ၊ ပြန်လည်ရေးဆွဲပြဋ္ဌာန်းရသည်တို့လည်း ရှိတတ်၏။
တရားဥပဒေ စည်းမျဉ်းစည်းကမ်းတို့ကို လူတိုင်းလိုက်နာအောင် အားထုတ်ရာတွင် လူတို့ဥပဒေ၏ သဘောကို နားလည်အောင် ပညာပေး ရေးက အရေးကြီးသည်ဆိုသော်လည်း တရားစီရင်ရေးစနစ်သည် မျှတမှု ရှိသည်၊ ရာဇဝတ်ဘေးဟူသည် မည်သည့်အခါမှ ပြေးမလွတ်၊ ပြစ်မှု ကျူးလွန်သူတိုင်း ထိုက်သင့်သော ပြစ်ဒဏ်ကိုခံရမည်မှာ မုချဟူသည့် အခြေခံတရားများက မဖြစ်မနေ လိုအပ်ပါသည်။
ကိုလိုနီလက်အောက်က လွတ်မြောက်ရေးအတွက် ရုန်းကန်လှုပ်ရှားခဲ့ ကြသည့် မြန်မာပြည်သူလူထု၏ အပြင်းပြဆုံးလိုလားချက်တစ်ခုမှာ တရားမျှတမှုဖြစ်သည်။ ထိုမှအစ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သှူ အစိုးရ အုပ်ချုပ်ခွင့်ရရေး အစရှိသည့် ပြည်သူ့လှုပ်ရှားမှု အရေးတော်ပုံများ အားလုံးတွင် တရားမျှတမှုကို မွတ်သိပ်ခြင်းက ရှေ့တန်းကပါခဲ့သည်သာ ချည်းဖြစ်၏။
မတ်လ ဖက်ဆစ်တော်လှန်ရေးမှ အစပြု၍ ဖြတ်သန်းခဲ့ရသော ဇွန်၊ ဇူလိုင်၊ ဩဂုတ် အရေးတော်ပုံများအလယ် စစ်ဘေးဒဏ်များအကြား ပြေးလွှားနေကြရသည့် အပြစ်မဲ့ပြည်သူများ၊ မြို့ကြီးလယ်မှာ နေထိုင်ရင်း က စည်ကားသိုက်မြိုက်သည့် လူထူထူထဲမှာပင် လုံခြုံမှုမရှိဖြစ်နေကြ ရသည့် လူကြီးလူငယ်၊ ကလေးသူငယ်များအထိ အားလုံးသည် တရားမျှတ မှုကို တောင့်တကြခြင်းသာ ဖြစ်၏။ တရားဥပဒေစိုးမိုးမှုကို ငံ့လင့်နေကြ ခြင်းဖြစ်၏။
လူထုတစ်ရပ်လုံးပါဝင်ခဲ့ကြသော လှုပ်ရှားရုန်းကန်မှုများအားလုံး သည် တရားမျှတခြင်းကို လိုလားမှုပေါ်သာ အခြေခံခဲ့ခြင်းဖြစ်၏။
ဤသို့သော တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှုတို့အတွက် ပြည်သူ လူထုက အမြဲတမ်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်လည်း ဆန္ဒရှိကြ ချေ၏။ နိုင်ငံတော်အစိုးရနှင့် ပြည်ထဲရေး၊ တရားစီရင်ရေး၊ ဥပဒေရေးရာ အစရှိသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဝန်ထမ်းများတို့၏ အားထုတ် ကြိုးပမ်းစွမ်းဆောင်မှုတို့အားဖြင့် တရားဥပဒေ အမှန်တကယ် စိုးမိုးရေး၊ တရားစီရင်ရေးစနစ်နှင့် ဥပဒေကဏ္ဍကို ပြည်သူတို့ ယုံကြည်အားကိုး လာကြရေး၊ ပြည်သှူဘ၀များ လုံခြုံမှု တိုးတက်မြင့်မားလာရေး၊ ရာဇဝတ်မှု များ လျော့ပါးပပျောက်ရေးတို့ ဖြစ်ထွန်းပေါ်ပေါက်ပါစေသတည်း။ ။

No comments:

Post a Comment