Tuesday, July 16, 2019

မြန်မာ့အလင်းအယ်ဒီတာအာဘော်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
*******************************


ဝါဆိုလပြည့်ကို ဗုဒ္ဓဘာသာဝင်တို့ သတိတရဖြင့် တန်ဖိုးထားလေ့ရှိ၏။ ဘုရားအလောင်းတော် ပဋိသန္ဓေယူရာနေ့၊ အလောင်းတော် တောထွက် သည့်နေ့၊ ဘုရားရှင်အဖြစ် ဓမ္မစကြာတရားဦးဟောသည့် နေ့၊ ဘုရားရှင် တန်ခိုး ပြာဋိဟာ ပြသည့်နေ့ဟူ၍ အမှတ်အသားပြုထားကြသည်။


ဝါဆို ဝါခေါင် ရေဖောင်ဖောင်ကာလဖြစ်၍ မိုးသည်းသည်းရွာလေ့ရှိ သည့် အချိန်လည်းဖြစ်ပါသည်။ သံဃာတော်များ မိမိရောက်ရာ ဒေသတွင် ဝါဆိုကြ၏။ မည်သည့်သံဃာမှ တစ်ရပ်တစ်ပါးသို့ ခရီးသွားလာခြင်းများ မပြုကြတော့။ မိုးတွင်းကာလ ဤသုံးလကို ဝါတွင်းအဖြစ် သတ်မှတ်ကာ မိမိမှီတင်းရာကျောင်းတွင်သာ သံဃာတော်များ သီတင်းသုံးကြလေ၏။
လူတို့သည်ကား ဝါဆိုပန်းခူးထွက်ကာ ဘုရားရှင်မြတ်အမှတ်အယူဖြင့် စေတီ ပုထိုးဆင်းတုတော်တို့တွင် ပန်းများကပ်လှူ ပူဇော်ကြ၏။ သံဃာ တော်တို့ကို ဘုရားရှင်၏အဆုံးအမအတိုင်း ဝါဆိုသင်္ကန်းကပ်လှူကြ၏။ ထိုမျှမက၊ ဝါတွင်းသုံးလကို ဘာသာရေးအရ ထူးခြားလေးနက်မှုရှိသည့် ကာလအဖြစ် သဘောထားကြကာ နေ့စဉ် သို့မဟုတ် အနိမ့်ဆုံးအားဖြင့် အဖိတ်လပြည့်လကွယ်တို့တွင် ဥပုသ်သီတင်းစောင့်ကာ သီလမြဲအောင် ထိန်းကြလေ့ရှိ၏။ နေ့စဉ်ကုသိုလ်ဖြစ်အောင် သတိပဋ္ဌာန်တရားတို့ဖြင့် အာရုံသိမှတ် ဂရုပြုနေထိုင်ကြကုန်၏။


အထူးသဖြင့်မူ ဤနေ့သည်ကား မြတ်စွာဘုရား ပဉဝဂ္ဂီငါးဦးကို ပထမဆုံး ဓမ္မစကြာတရား ဟောတော်မူသည့်နေ့အဖြစ် မှတ်မှတ်သားသား အလေးထားမိကြ၏။


ဗုဒ္ဓဘုရားရှင်သည် သစ္စာတရားကို ကိုယ်တိုင်ကျင့်ကြံသိမြင် ပြီးသည့် နောက် မိမိအပေါ် ကျေးဇူးကြီးမားခဲ့သော ပဉဝဂ္ဂီငါးဦးအား ကိုယ်တော်တိုင် ထိုးထွင်းသိရှိခဲ့သည့် အမှန်တရားကို မဟာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့် စနေ ညနေချမ်း နေဝင်လထွက်ချိန်တွင် ဟောကြားဖြန့်ဝေပေးလေ၏။
သစ္စာတရားသည်သာ တကယ့်အမှန်တရားဖြစ်၏ ဆိုသည်ကို တရားနာ သူအပေါင်းအား သိစေ၏။ စည်းစိမ်ချမ်းသာတွင် ယစ်မူး နေထိုင်ခြင်း အစွန်းနှင့် မိမိကိုယ်ကိုယ် ထိခိုက်နာကျင်စွာ အငတ်အပြတ်ခံ အမှန်တရား ရှာဖွေခြင်း အစွန်းတို့ကို ရှောင်ကြဉ်နိုင်ကြဖို့ မဇ္စျိမပဋိပဒါဟူသည့် မျှတ အစွန်းလွတ်သည့်လမ်းစဉ်ကို ညွှန်ပြတော်မူ၏။


အမှန်တရားကို ကိုယ်တိုင်တွေ့ရှိခြင်းဖြင့် အတ္တပါးလျားလာကာ အနတ္တကို မြင်ရမည်။ ထိုသို့တွေ့ရှိနိုင်ရန်အတွက် သီလမဂ္ဂင် သုံးပါး၊ သမာဓိမဂ္ဂင် သုံးပါး၊ ပညာမဂ္ဂင် နှစ်ပါး ဖြစ်သော မဂ္ဂင်ရှစ်ပါးဟူသည့် လမ်းကြောင်းရှိ၏။
မှန်ကန်သော လုပ်ကိုင်ဆောင်ရွက်မှု၊ မှန်ကန်မျှတသော သက်မွေး ဝမ်းကျောင်းမှု၊ မှန်ကန်သော အပြောအဆို၊ မှန်ကန်သော စိတ်အနေဖြင့် သတိရှိမှု၊ မှန်ကန်သော သဘောထားဖြင့် သမာဓိရှိ မှု၊ မှန်ကန်သော တွေးခေါ်ယူဆမှု၊ မှန်ကန်သော သိမြင်မှုဟုဆိုသော မဂ္ဂင်ရှစ်ပါးလမ်း ကြောင်းမှတစ်ဆင့် အမှန်တရားကို ကိုယ်တိုင်ကျင့်ကြံ သိမြင်နိုင်ကြမည်။


ဤသည်ပင် သံသရာမှ လွတ်မြောက်ရာ လမ်းကြောင်း၊ သစ္စာတရားကို တွေ့ရှိရာလမ်းကြောင်း ဖြစ်ပေသည်ဟူသော တရားဓမ္မတော်အတိုင်း ဗုဒ္ဓဘာသာဝင်တို့ စောင့်ထိန်းကျင့်ကြံကြခြင်းဖြင့် သိမြင်အလင်းပေါက် ဉာဏ်အမြင်ရောက်ကြပါစေသတည်း။ ။

No comments:

Post a Comment