Tuesday, July 2, 2019

ရခိုင်ပြည်နယ်အတွင်း ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရက်ကန်းပညာအဆင့်မြှင့်တင်ပေးခြင်း သင်တန်းဖွင့်လှစ်

Image may contain: 3 people, people standing

စစ်တွေ     ဇူလိုင်    ၁

ရခိုင်ပြည်နယ်အတွင်းရှိ  ကျေးရွာအများအပြားတွင် မိရိုး ဖလာရက်ကန်းလုပ်ငန်းများကို  အသက်မွေးဝမ်းကျောင်း အဖြစ် လုပ်ကိုင်လျက်ရှိရာ  ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရက်ကန်းပညာ  အဆင့်မြှင့်တင်ပေးခြင်းသင်တန်းနှင့် ရက်ကန်းစင် ၃၀ ထောက်ပံ့ပေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်     ရခိုင်ပြည်နယ်      စစ်တွေမြို့နယ်ရှိ ကျောက်တန်းချေကျေးရွာ၌ ကျင်းပသည်။

အဆင့်မြှင့်တင်မှ

"ရခိုင်ပြည်နယ်မှာရှိတဲ့     ကျေးရွာအများစုဟာ ရက်ကန်းလုပ်ငန်း  လုပ်ကိုင်ကြတဲ့သူတွေ   များပါတယ်။ သူတို့ဟာ  မိရိုးဖလာရက်ကန်းပုံစံအတိုင်း   လုပ်ကိုင်ကြ တယ်။   အဲဒီတော့  ဈေးကွက်ကို  ထင်သလောက် မထိုး ဖောက်နိုင်ဘူး။    ဈေးကွက်ကိုထိုးဖောက်နိုင်ဖို့ဆိုရင် ရက်ကန်းရက်တဲ့   နည်းပညာတွေ  အဆင့်မြှင့်တင်မှ ရမှာပါ။ ဒါကြောင့် ရက်ကန်းပညာအဆင့်မြှင့်တင်ပေးတဲ့ သင်တန်းကို ကျွန်တော်တို့ဌာနအနေနဲ့ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဒီလိုသင်တန်းပေးခြင်းအားဖြင့် ရက်ကန်း ချည် အရည်အသွေး  နည်းပညာတွေ ပိုမိုတိုးတက်လာမယ်။ ထွက်ရှိလာတဲ့    ရက်ကန်းထည်   အရည်အသွေးတွေ ဟာလည်း     ပိုမိုကောင်းမွန်လာမယ်။    အဲဒီလိုတိုးတက် ကောင်းမွန်လာမှ   ဈေးကွက်မှာ  ရခိုင်လုံချည်တွေဟာ တစ်ခေတ်ပြန်ပြီးတော့ ထိုးဖောက်လာနိုင်မှာ ဖြစ်ပါတယ်" ဟု      ရခိုင်ပြည်နယ်   အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန    ဒုတိယòန်ကြားရေးမှူး    ဦးအောင်ဖြိုးက ပြောကြားသည်။

ဦးစားပေးရွေးချယ်

စစ်တွေမြို့နယ်အတွင်းရှိ        ကျောက်တန်းချေ ကျေးရွာသည်      တစ်ရွာလုံးနီးပါး   မိရိုးဖလာရက်ကန်း လုပ်ငန်းကို      လုပ်ကိုင်ဆောင်ရွက်ကြပြီး     နည်းပညာ လိုအပ်ချက်များကြောင့်   ၎င်းကျေးရွာအား  ဦးစားပေး ရွေးချယ်၍      ရက်ကန်းပညာအဆင့်မြှင့်တင်ပေးခြင်း သင်တန်းနှင့်   ရက်ကန်းစင်   ၃၀  ထောက်ပံ့ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ ကျောက်တန်းချေကျေးရွာကဲ့သို့ လိုအပ်ချက်အခက်အခဲများရှိနေသည့်   အခြားကျေးရွာ များကိုလည်း  သင်တန်းနှင့်     အထောက်အပံ့များဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း      ဦးအောင်ဖြိုးက ပြောသည်။

မိရိုးဖလာရက်ကန်းလုပ်ငန်းကို နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်လာသည့်      ကျောက်တန်းချေကျေးရွာသူ ဒေါ်တင်တင်ဦးက "အခုပေးတဲ့ ရက်ကန်းစင်က ကျွန်မတို့ အိမ်မှာရှိတဲ့      ရက်ကန်းစင်နဲ့မတူပါဘူး။   အိမ်မှာရှိတဲ့ ရက်ကန်းစင်က   အိမ်တိုင်မှာကပ်ပြီး    ရက်လုပ်ရတယ်။ အခုပေးတဲ့ ရက်ကန်းစင်က နေရာပြောင်းရွှေ့ပြီး  ရက်လုပ် လို့ရတယ်၊     အဆင့်လည်းမြင့်တယ်။     တာဝန်ရှိသူတွေ အနေနဲ့ အခုလိုအဆင့်မြင့်သင်တန်းတွေ ဖွင့်လှစ်သင်ကြား ပေးတာကျေးဇူးတင်ပါတယ်။   ကျွန်မတို့  ရက်လုပ်တာနဲ့ မန္တလေးနဲ့ တခြားပြည်မကြီးကလာတဲ့ အထည်တွေနဲ့က အရည်အသွေးမတူပါဘူး။  နည်းပညာလိုအပ်ချက်တော့ ရှိနေပါတယ်။ အဲဒါတွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ သင်တန်းဖွင့်လှစ်သင်ကြားပေးရင်     ကျွန်မတို့အတွက် ဈေးကွက်ဝင်တဲ့   ရက်ကန်းထည်တွေ   ပိုပြီးရက်လုပ်နိုင် မယ် ထင်ပါတယ်" ဟု ပြောသည်။

ရက်ကန်းစင် ၃၀ အား ထောက်ပံ့မည်

ယခုသင်တန်းကို   ကျောက်တန်းချေကျေးရွာ၌ ကျေးရွာသူ ၃၀ အား  ရခိုင်ပြည်နယ် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်းမှ   ဆရာမများက   ဇူလိုင်လ တစ်လတာသင်ကြားပို့ချပေးသွားမည်ဖြစ်ရာ   သင်တန်း ပြီးဆုံးပါက   အဆိုပါ သင်တန်းသူ ၃၀ အား   အဆင့်မြင့် ရက်ကန်းလုပ်ငန်းလုပ်ကိုင်နိုင်ရန် တစ်ဦးလျှင် ရက်ကန်းစင် တစ်စင်နှုန်းဖြင့် စုစုပေါင်းရက်ကန်းစင် ၃၀ အား ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ပြီး  ရက်ကန်းစင်တစ်စင်၏ တန်ဖိုးမှာ ငွေကျပ်ကျပ် ၅၅၀၀၀၀ ရှိကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်     သတ္တုတွင်းဝန်ကြီး     ဦးကျော်လွင် တက်ရောက်၍   အမှာစကားပြောကြားပြီး   ရခိုင်ပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ရခိုင်ပြည်နယ် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ကျောက်တန်းချေကျေးရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများနှင့်            ရက်ကန်းသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။       
                      
  ဟန်မင်း

No comments:

Post a Comment