Saturday, July 13, 2019

မြန်မာ့အလင်းအယ်ဒီတာအာဘော်



သဘာ၀ဘေးအန္တရာယ်ကို ဉာဏ်အမြော်အမြင် ဝီရိယရှိရှိဖြင့် ကြိုတင်ကာကွယ်
===============================

မိုးသည်းထန်မှု၊ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသအသီးသီးတို့တွင် မြစ်ရေ၊ ချောင်းရေ မြင့်တက်မှုများနှင့် အတူ မြစ်ကမ်းပါးပြိုခြင်း၊ မြေပြိုခြင်းဖြစ်စဉ်များ၊ လမ်းတံတားများ ပျက်စီးရသည့် ဖြစ်စဉ်များ၊ လူနေရပ်ကွက်များအတွင်း ရေများ ဝင်ရောက်သည့်ဖြစ်စဉ်များ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည်။ ၎င်းဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ဒေသအလိုက် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဒေသဆိုင်ရာ ဌာနအသီးသီး၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ စသည်တို့က ပြုပြင်ရှင်းလင်းမှု၊ ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနေကြသည်။


ဆက်လက်၍လည်း မြစ်ရေ၊ ချောင်းရေမြင့်တက်မှုများ၊ လူနေမြို့ရွာ များအတွင်း ရေဝင်ရောက်မှု၊ ရေကြီးရေလျှံမှုများမှာ မြစ်အောက်ပိုင်းဒေသ များတွင် ပြီးခဲ့သည့် နှစ်များကအတိုင်းပင် ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းနိုင်ပြီ ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရတော့မည်ဖြစ်သည်။ ယင်းသို့ ကြိုတင်ပြင်ဆင်ကြရာတွင် နှစ်စဉ်ရေဝင်ရောက်မှု ကြုံတွေ့နေကျဒေသများ တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိမိတို့၏အိုးအိမ်၊ ပစ္စည်း ဥစ္စာ၊ ကျွဲ၊ နွားများ စသည်တို့ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ မိမိတို့၏ မိသားစုဝင်များ ဘေးအန္တရာယ်တစ်စုံတစ်ရာ မကျရောက်စေရေး တို့အတွက် ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ ဆိုသကဲ့သို့ ကြိုတင်ပြင်ဆင်မှုများကို သတိဝီရိယရှိရှိ၊ အမြော်အမြင်ရှိရှိ ပြုလုပ်ထားခြင်းဖြင့် ပျက်စီးထိခိုက်မှုမှ ရှောင်လွှဲနိုင်ကြမည်ဖြစ်သည်။


ရေဘေးအတွက် ကြိုတင်ပြင်ဆင်ကြရာတွင် မိမိအိမ်ဘေးပတ်ဝန်း ကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးခြင်း၊ မိသားစုအရေးပေါ်ပြောင်းရွှေ့ရန် နေရာကို ရှာဖွေသတ်မှတ်ခြင်းနှင့် ရှောင်တိမ်းရမည့်လမ်းကြောင်း၊ မိသားစုဆုံရပ်တို့ကိုသတ်မှတ်ခြင်း၊ ရေစ်စိုပျက်စီးနိုင်သည့် ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ထားရှိခြင်း၊ အန္တရာယ်ရှိနိုင်သော ရေကြီးမှု အမြင့်ပေများကို မှတ်သား ထားခြင်း၊ သောက်သုံးရေများ ကြိုတင်စုဆောင်းထားခြင်း၊ ချိုင့်ဝှမ်း၊ ရေမြောင်း၊ ရေတွင်း အစရှိသည့် ရေလွှမ်းမိုးချိန်တွင် အန္တရာယ်ရှိနိုင်သည့် နေရာများကို မြင်သာသော အမှတ်အသားများထားရှိခြင်းတို့ ပြုလုပ်ကြ ရန်နှင့် အရေးပေါ်သုံးပစ္စည်းများ၊ အသက်ကယ်ပစ္စည်းများကို ကြိုတင် ပြင်ဆင်ထားရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ပညာပေးဖြန့်ဝေမှုများ ပြုလုပ်ထားသည်။


ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် အစိုးရက ထုတ်ပြန်သည့် မိုးလေ၀သ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာရန်၊ အိမ်သုံးလျှပ်စစ်မိန်းခလုတ်များကို ပိတ်ထားရန်၊ ရေသန့် သို့မဟုတ် ကျိုချက်ထားသော ရေ သို့မဟုတ် ရေသန့်ဆေးခတ်ထားသော ရေကိုသာ သောက်ရန်၊ အဆိပ်ရှိသတ္တဝါများ အိမ်နှင့် ခြံအတွင်း ရှိ၊ မရှိ စစ်ဆေးရန်တို့ကိုလည်း အကြံပြုထားသည်။ ရေကြီးချိန်တွင် ရှောင်ရှား ရမည့်အချက်များအနေဖြင့် တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင် မထားရန်၊ မြစ်ချောင်းကမ်းပါးများအနီးသို့ မသွားရန်၊ ရေထဲတွင် ရေကူး ခြင်း၊ လမ်းလျှောက်ခြင်းနှင့် ရေစိုနေသည့်လျှပ်စစ်ပစ္စည်းများကို အသုံးပြု ခြင်းတို့မှ ရှောင်ရှားရန်လည်း တိုက်တွန်းထားသည်။


မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံခြင်းတို့မှာ မိမိတို့နိုင်ငံအနေဖြင့် သဘာ၀အလျောက် နှစ်စဉ် အချိန်ရာသီရောက်သည်နှင့် တွေ့ကြုံခံစားနေကြရဦးမှာဖြစ်သည်။ လုံ့လဝီရိယရှိရှိ၊ ဉာဏ်အမြော်အမြင်ရှိရှိဖြင့် ကြိုတင်ပြင်ဆင်ရင်ဆိုင် ကြခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုတို့ နည်းနိုင်သမျှ နည်းမည်ဖြစ်သည်။ ရပ်ရွာလူမှုအဖွဲ့အစည်းများတွင် နေထိုင်သူတိုင်းက စုစည်းညီညွတ်မှု စွမ်းအားဖြင့် အပြန်အလှန်ကူညီကာကွယ်စောင့်ရှောက်ကြခြင်းဖြင့် လည်း သဘာ၀ဘေးအန္တရာယ်တို့ကို ရင်ဆိုင်ကျော်လွှားနိုင်ကြမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment