Wednesday, June 5, 2019

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းဖွင့်
Image may contain: 7 people, people sitting, people standing and crowd
ရန်ကုန် ဇွန် ၄
အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) (၂၀၁၉-၂၀၂၀) ပညာသင်နှစ် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြားသည်။
ထိုက်ထိုက်တန်တန် ဂုဏ်ပြုသွားမည်
ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ အားကစားနှင့်ကာယပညာသိပ္ပံ အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းကျောင်း ခြောက်ကျောင်းမှ ဘက်စုံထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သော မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်ရေးအတွက် ဘက်စုံပံ့ပိုးပေးထားပြီး ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မြင့်မားသော ရည်မှန်းချက်များ ချမှတ်၍ အားသွန်ခွန်စိုက် ကြိုးစားကြစေလိုပါကြောင်း။
နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အဖြစ် အောင်ပွဲများ ရရှိသူများကိုလည်း ထိုက်ထိုက် တန်တန် ဂုဏ်ပြုသွားမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း အပါအဝင် ရှေ့ရေးအလားအလာ ကောင်းမွန်ရန်ကိုလည်း ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း။
အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကျောင်း ခြောက်ကျောင်း အနက် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သည် အစဉ်အလာကောင်း၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့ပြီး အောင်မြင်မှုများရယူပေးနိုင်ခဲ့သော ကျောင်းလည်းဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများ အနေဖြင့်လည်း သုံးလလျှင် တစ်ကြိမ် အချင်းချင်းတွေ့ဆုံပြီး နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ် ရေးကို ဦးတည်၍ အားနည်းချက်၊ အားသာချက်များ ဖလှယ်ရန်လိုအပ်ပါကြောင်း။
သက်ဆိုင်ရာအားကစားနည်းအလိုက် ပြောင်းလဲလာသော နည်းစနစ်၊ နည်းဥပဒေများအရ နည်းပြများသည် ခေတ်နှင့်အညီသင်ကြားမှုပုံစံ ပြောင်းရန်လည်း လိုအပ်ပါကြောင်း၊ နည်းပြများ၏ သင်ကြားမှုစွမ်းရည်ကို လည်း သုံးသပ်ရန်လိုအပ်ပြီး အားကစား နည်းအလိုက် အားကစားသမားများ အရည်အချင်း တိုးတက်မှုရှိအောင် သင်ကြားနိုင် စွမ်းရှိသော နည်းပြများအား ရွေးချယ်တာဝန်ပေးအပ်ရမည်ဖြစ်ပါကြောင်း။
အတတ်နိုင်ဆုံးပံ့ပိုးပေးသွားမည်
စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ထွက်ပေါ်ရေးအ တွက် ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပံ့ပိုးပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်ပေး ကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်ကလည်း အားကစားနှင့်ပညာရေးပေါင်းစပ် ကျောင်းသား ကျောင်းသူများ အနေဖြင့် အားကစားလေ့ကျင့်ရာတွင် လိုက်နာသင့်သော အချက်များနှင့် ယှဉ်ပြိုင် နေစဉ်ထားရှိရမည့် စိတ်ဓာတ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းကျောင်း အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံပြီး ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
လိုက်လံကြည့်ရှု
ဆက်လက်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသား သင်တန်းသူများက ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ ဝူရှူးအခြေခံလေ့ ကျင့်ခန်းများနှင့် "ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး"လှုပ်ရှားမှု rIMyanmar Fitness Dance ကို သရုပ်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပါရမီပဲနို့အာဟာရ တိုက်ကျွေးမှုနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အားကစားနည်းအလိုက် အသုံးပြုမည့် အားကစားအထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြသထား မှုကို လိုက်လံကြည့်ရှုသည်။
အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းကျောင်းသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ လက်ကျန်သင်တန်းသားများ အပါအဝင် လျာထား သင်တန်းသား သင်တန်းသူ ၅၄၀ ကို အားကစားနည်း ၂၃ နည်း လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment