Wednesday, June 19, 2019

အနာဂတ်အင်အားများ ကျန်းမာကြံ့ခိုင်စေရာ

မြန်မာ့အလင်းအယ်ဒီတာအာဘော်



မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် ကျောင်းသားလူငယ်များအတွင်း ကိုယ်လက်လှုပ်ရှားမှု လျော့နည်းလာကာ ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်း တို့အတွက် အချိန်ပိုပေးလာကြသည်။ ဆေးလိပ်သောက်သူ သုံးဆကျော် များပြားလာပြီး ကွမ်းနှင့် ဆေးရွက်ကြီးသုံးသူ နှစ်ဆခွဲခန့်အထိ မြင့်တက် လာသည်။ အရက်သောက်သူကလည်း သုံးဆအထိ မြင့်တက်လာကာ ယင်းအနက်မှ တစ်ဝက်ခန့်က အသက် ၁၄ နှစ်မတိုင်မီမှာပင် အရက်ကို စတင်သောက်ခဲ့ကြသူများ ဖြစ်သည်။ ဆိုခဲ့ပါ အချက်အလက်များသည် ၂၀၀၇ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ပြုလုပ်ခဲ့သော ကျောင်းကျန်းမာရေး ဆိုင်ရာ စစ်တမ်းနှစ်ခုကို နှိုင်းယှဉ်ထားခြင်းဖြစ်သည့်အတွက် ၁၀ နှစ်တာ ကာလအတွင်း တိုးပွားလာသည့် အရေအတွက်များဖြစ်သည်။ အဆိုပါ စစ်တမ်းနှစ်ခု၏ နှိုင်းယှဉ်ချက်သည်ပင် လွန်ခဲ့သော သုံးနှစ်တာကာလက ဖြစ်ရာ လက်ရှိအခြေအနေတွင် သည့်ထက်မကရှိနေနိုင်သည်ဟုပင် ခန့်မှန်းရတော့မည်။


နိုင်ငံ၏အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပြုစုပျိုးထောင်နိုင်ရန်မှာ ကျောင်းသားလူငယ်များ ကျန်းမာရွှင်လန်းစွာ၊ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်မည့်ကျောင်းနှင့် ကျောင်းပတ်ဝန်း ကျင်ကောင်းများ ရှိနေရမည်ဖြစ်သည့်အလျောက် ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ဦးဆောင်ပြီး ''ကျန်းမာ ရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသား အဆင့် နှီးနှောဖလှယ်ပွဲ ''ကို ဇွန် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် နေပြည် တော်၌ ကျင်းပခဲ့သည်။ အဆိုပါ နှီးနှောဖလှယ်ပွဲ၌ အခြေခံကျောင်းများ နှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာတို့ သုံးစွဲမှုကင်းစင်ပပျောက်ရေး၊ အရက်သောက်ခြင်းနှင့် နောက်ဆက်တွဲအ္တရာယ်များလျှော့ချရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘ၀ပုံစံများ လိုက်နာကျင့်သုံးရေး၊ ယာဉ်အ္တရာယ် လမ်းအ္တရာယ် ကြောင့် ထိခိုက်ဒဏ်ရာရမှုတို့လျှော့ချရေး၊ မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ အသိပညာဗဟုသုတများ ထည့်သွင်းသင်ကြားပေးရေးနှင့် ဂိ်မ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ရန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရား ဥပဒေစိုးမိုးရေးကို အလေးထားရန်လိုကြောင်း၊ ဥပမာ- ဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်း ထားသော်လည်း အရေးယူခြင်းအားနည်းနေကြောင်း၊ ကျောင်းသား ကျောင်းသူများသည် နည်းပညာအသစ်အဆန်းများကို အားသန်သည့် အတွက် သင်ကြားပို့ချရာတွင် ထိရောက်သည့်နည်းလမ်းများကို ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာယပညာအချိန်များတွင် ကျောင်းသား ကျောင်းသူအားလုံး တက်ကြွစွာ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ် ခြင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ကိုယ်ကာယ ကြံ့ခိုင်လာနိုင်သည့်အပြင် ဂိမ်းအလွန်အကျွံစွဲလမ်းမှုများ လျော့နည်း သွားနိုင်ပြီး အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အသင်းအဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်နိုင်မှုနှင့် ကူညီရိုင်းပင်းစိတ်များ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် ကျောင်းသားလူငယ်များ၊ ဆရာ ဆရာမများ၊ မိဘများအားလုံးက မိမိတို့၏ ကျန်းမာရေးအဆင့်အတန်း တိုးမြင့်စေရန် မိမိတို့ကိုယ်တိုင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည့်အချက်များကို ထည့်သွင်းမှာကြားခဲ့ရာ မျက်မှောက်ကာလ၏ ပကတိအခြေအနေများပင်ဖြစ်ပြီး မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရ မည်လည်း ဖြစ်သည်။



ကျောင်းသူ ကျောင်းသား လူငယ်များသည် နိုင်ငံတွင် ကြီးမားသည့် အင်အားတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံ၏ အနာဂတ်အင်အားများလည်း ဖြစ် သည်။ နိုင်ငံ့အနာဂတ်အင်အားများကို ကျန်းမာကြံ့ခိုင်၍ ပညာအရည် အချင်းနှင့် ပြည့်၀သော တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာ အောင် ဝိုင်းဝန်းပြုစု ပျိုးထောင်သွားကြရမည်ဖြစ်သည့်အလျောက် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် အောင်မြင်နိုင်ပါစေကြောင်း။ ။


No comments:

Post a Comment