Thursday, June 6, 2019

နေ့နေ့ညည ထာ၀ရကုသိုလ်



မြန်မာ့အလင်းအယ်ဒီတာအာဘော်



မုတ်သုံလေဦးနှင့်အတူ နိုင်ငံအနှံ့အပြားမှာ မိုးရွာစပြုပြီ။ နွေအပူကို ကျောကော့အောင်ခံခဲ့ရသမျှ မိုးအကျတွင် သစ်ပင်စိုက်ပျိုးကြဖို့ လုံးပန်း ကြသည်။ သစ်ပင်မျိုးစုံ ပျိုးပင်အရေအတွက် သောင်းနှင့်ချီကာ စိုက်ပျိုး ကြရန် ဒေသအသီးသီးတို့မှာ ဆောင်ရွက်နေကြကြောင်း သတင်းများကို လည်း ဖတ်ရှုရသည်။ ဒေသစိမ်းလန်းစိုပြည်ရန်၊ အရိပ်ရအေးမြစေရန်၊ ဥတုသပ္ပါယ မျှတစေရန်၊ ရေဝေရေလဲ ဒေသများ ထိန်းသိမ်းနိုင်ရန် အစ ရှိသည့် ရည်ရွယ်ချက်ကောင်းများနှင့်ဖြစ်သည်။
အရိပ်ရသစ်ပင်များက အရိပ်အာဝါသကိုပေးသည်။ သစ်ပင်၏ အရိပ် မိုးထားသော အောက်မှ မြေပြင်သည် အကာအကွယ်ကင်းမဲ့သည့် မြေပြင် ကဲ့သို့ မပူ။ ရွက်အုပ်များသော သစ်ပင်များတွင် ရေငွေ့ထုတ်လွှတ်မှု သဘာ၀ကြောင့် ပတ်ဝန်းကျင်ကိုလည်း အပူလျော့စေသည်။ အရိပ်ချင်း ဆက်နေသော သစ်ပင်များ၏ အောက်မှာ မြေပြင်သည် အစိုဓာတ်ရှိနေ သည့်အတွက် အပင်ငယ်များကိုလည်း ထပ်မံပေါက်ရောက်စေနိုင်ပြီး မြေဩဇာနှင့်ရေတို့ကို ထိန်းပေးနိုင်သည်။ သစ်ပင်တို့က လေထဲမှာရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူကာ အောက်ဆီဂျင်ဓာတ်ငွေ့ကို ပြန်လည်ထုတ်လွှတ်ပေးခြင်းဖြင့် လူသားတို့ကို အကျိုးပြုပြန်သည်။ သစ်ပင်၏ စိမ်းလန်းသည့်အရောင်က စိတ်ကိုလည်း အေးချမ်းစေသည်။ သို့ဖြစ်သည့်အလျောက် သစ်ပင်စိုက်ပျိုးသည့်အလုပ်ကို ကုသိုလ်ကောင်းမှု တစ်ရပ်အဖြစ်နှင့် ရှေးကတည်းကပင် မြန်မာတို့ ပြုခဲ့ကြသည်။
သစ်ပင်ကို နှစ်စဉ်စိုက်ကြရန် တိုက်တွန်းနှိုးဆော်ကာ မိုးဦးကျတိုင်းတွင် စိုက်ခဲ့ကြသော သစ်ပင်ပျိုးပင်ပေါင်းမှာ တစ်နိုင်ငံလုံးတွင် နှစ်စဉ် သန်းနှင့်ချီသည်။ သို့ရာတွင် စတင်စိုက်ပျိုးစဉ်ကတည်းကပင် စနစ်တကျ မစိုက်ပျိုးမှု၊ ဝတ်ကျေတန်းကျေလုပ်ကိုင်မှု၊ စိုက်ပျိုးပြီးသည့် အပင်ငယ် များကို ရှင်သန်ကြီးထွားအောင် နောက်ဆက်တွဲ ထိန်းသိမ်းစောင့်ရှောက် မှုများ ဆက်လက်မပြုလုပ်နိုင်မှု စသည့်အကြောင်းများစွာတို့ကြောင့် သစ်ပင်ပျိုးပင်ငယ်များစွာတို့မှာ အဟောသိကံ ဖြစ်သွားကြရသည်က များသည်။ သို့ဖြစ်သည့်အလျောက် သစ်ပင်စိုက်ရာသီတွင် စိုက်ပျိုးမည့် သစ်ပင်များကို စနစ်တကျပျိုးထောင်ခြင်း၊ စိုက်ပျိုးမည့်နေရာ စိုက်ကျင်း များကိုလည်း သစ်ပင်ရှင်သန်နိုင်ရန် လိုအပ်သော အကျယ်အဝန်းနှင့် အနက်တို့ရအောင် ကြိုတင်တူးဖော်ခြင်း၊ မြေဩဇာနှင့်မြေဆွေးတို့ လုံလောက်အောင် ဖြည့်သွင်းထားခြင်း၊ သစ်ပင်စိုက်ပျိုးရာတွင် ရှင်သန်စေ လိုသော စိတ်စေတနာအပြည့်ဖြင့် စိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးသည့် သစ်ပင်တို့ ရှင်သန်ကာ အရိပ်ရသစ်ပင်၊ သီးပင်၊ စားပင်တို့ စိုက်ပျိုးခြင်းဖြင့် ရရှိအပ်သော ကောင်းမှုကုသိုလ်ကို ပြုရာရောက်မည်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ကိန်းဝပ် စံပယ်စဉ် တစ်ခုသော ညဉ့်သန်းခေါင်းယံဝယ် အဖူးအမြော်ရောက်လာသော နတ်သားတစ်ပါးက နေ့ရောညပါ ကုသိုလ်အမြဲရစေနိုင်သော အလှူဒါန အကြောင်းကို လျှောက်ကြားမေးမြန်းခဲ့ရာ ဗုဒ္ဓမြတ်စွာဘုရားက- အကြင် သူတို့သည် သစ်သီးဥယျာဉ်၊ ပန်းဥယျာဉ်စိုက်ပျိုးကုန်၏၊ တောသစ်ပင်ကို စိုက်ပျိုးကုန်၏၊ တံတားခင်းကုန်၏၊ အကြင်သူတို့သည် ရေအိုးစင်ကို လည်းကောင်း၊ ရေတွင်းကိုလည်းကောင်း၊ နေရာကျောင်းကိုလည်းကောင်း လှူဒါန်းကုန်၏။ ထိုသူတို့အား နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း အခါခပ်သိမ်းကောင်းမှုသည် တိုးပွား၏။ ထိုသူတို့သည် တရား၌ တည်ကုန် ၏။ ထိုသူတို့သည် ကောင်းသော အလေ့အထ စာရိတ္တသီလနှင့် ပြည့်စုံကုန် ၏။ ထိုသူတို့သည် နတ်ပြည်သို့ သွားရ၏ဟု မိန့်တော်မူခဲ့သည်။
သီးပင်၊ ပန်းပင်၊ အရိပ်ရပင်တို့ကို ရှင်သန်အောင် စိုက်ပျိုးကာ နေ့နေ့ ညည ထာ၀ရကုသိုလ်ထူးတို့ကို ယူနိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment