Friday, June 21, 2019

ရင့်ကျက်တည်ငြိမ်ခြင်းမှသည်...

မြန်မာ့အလင်းအယ်ဒီတာအာဘော်



လူတို့တွင် ဆင်းရဲချမ်းသာအရ၊ ရာထူးတာဝန်အရ၊ ထင်ရှားကျော်စောခြင်း ဩဇာကြီးခြင်းတို့အရ၊ ဉာဏ်ရည် ဉာဏ်သွေးနှင့်လောက၏အသိအမှတ်ပြု ပညာရှိခြင်း ပညာကြီးခြင်းတို့အရ အစရှိသည်တို့အရ အများသူငါကြား ဂုဏ်သတင်းမြင့်မားသည့် အလေ့အထရှိပါသည်။
ချမ်းသာကြွယ်၀ခြင်း၊ ရာထူးတာဝန်ကြီးမားခြင်း အစရှိသည့်အထက် ဖော်ပြပါ ကြီးကျယ်ခြင်းများအားလုံးသည် လူမှုဝန်းကျင်အတွင်းဂုဏ်ယူ ဖွယ်ရာများဖြစ်ပါ၏။ သို့ပါသော်ငြား ဂုဏ်သိမ်ဟူသည့် ဂုဏ်ကျက်သရေရှိ ခြင်းဖြစ်စေ၊ ဂုဏ်သိမ်ဟူသော သိမ်မွေ့ထက်မြက်သည့်ဂုဏ်ဟူ၍ ရှိခြင်း ဖြစ်စေ ထိုဂုဏ်တို့သည် အခြားသူများအပေါ် မာန်ကြီးဖို့ မောက်မာဖို့ မဟုတ်။


မိမိတို့၏ကြွယ်၀မှု၊ မိမိတို့၏ ရာထူးတာဝန်ကြီးမြင့်မှု၊ မိမိတို့၏ထင်ရှားကျော်စောဩဇာကြီးမှု၊ မိမိတို့၏ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားမှုနှင့် လူမှုလောက၏ အသိအမှတ်ပြုပညာများ တတ်မြောက်မှုတို့သည် လောကတိုးတက်ဖွံ့ဖြိုးရေး၊ လောကသာယာငြိမ်းချမ်းရေးတို့ကို အထောက်အကူဖြစ်ခြင်းက တန်ဖိုးကြီးမြင့်မည် မဟုတ်ပါလား။ လူ အပေါင်းတို့ လေးစားကြ၊ တန်ဖိုးထားကြသော အနှီဂုဏ်တို့သည် လူအများ ၏ အကျိုးအတွက် တစ်စုံတစ်ရာ အားပေးကူညီရာရောက်ခြင်းကသာ ထိုက်တန် အရာရောက်မည်ဟု ယူဆပါသည်။


လူတို့တွင် ကိုယ့်အယူအဆနှင့်ကိုယ် အမှန်အမှားဟူသည်ကို သတ်မှတ် ထားလေ့ရှိ၏။ ကိုယ့်အယူအဆနှင့်ကိုယ် နေထိုင်ခွင့်လည်းရှိ၏။ သဘောထားအယူအဆချင်းမတူညီသည့်အခါ ငြင်းရခုံရသည်လည်းရှိ၏။ ယုံကြည်ပုံချင်း၊ ဖြတ်သန်းခဲ့ကြသည့်အတွေ့အကြုံနှင့် ပတ်ဝန်းကျင်ချင်း မတူညီသည့်အခါ ပို၍ငြင်းရခုံရတတ်၏။


သို့ရာတွင် မိမိအယူအဆမည်မျှလောက်မှန်ကန်သည်ဟု ယုံကြည် စေကာမူ နင့်နင့်သီးသီး ရိုင်းရိုင်းပျပျပြောဆိုကြရန် မသင့်ဟုလည်း ယုံကြည်ပါ၏။ မည်မျှလောက်မှန်ကန်သည်ဖြစ်စေ၊ မည်မျှလောက် လောကီဂုဏ်များမြင့်မား၊ ကြီးထွားသည် ဖြစ်စေကာမူ မိမိကိုယ်ကိုယ် နှိမ်ချပျပ်ဝပ်ခြင်းသည် ရင့်ကျက်ခြင်း၊ ယဉ်ကျေးခြင်း၏ အခြေခံလူမှု ကျင့်ဝတ်ဟု ယူဆကြပါသည်။


လောကလူ့ရွာသည် မတူညီသောလူအမျိုးမျိုး၊ ပတ်ဝန်းကျင်အနေ အထားအဖုံဖုံ၊ ရင်ဆိုင်ရသော လောကဓံအဝ၀ဖြင့် မည်သို့ပင်ရှင်သန် နေထိုင်နေကြရသည်ဖြစ်စေကာမူ လူတစ်ဦးကတစ်ဦးအပေါ် မာနထောင် လွှားခြင်း၊ မောက်မာခြင်း၊ ရိုင်းပျစော်ကားခြင်းတို့က မသင့်လျော် မလျောက်ပတ်သည်ကား အခိုင်အမာဖြစ်ပါ၏။
ကွဲလွဲခွင့်၊ ငြင်းခုံခွင့်၊ မတူညီခွင့် မည်သို့ပင်ရှိစေကာမူ ရိုင်းပျခွင့်၊ စော်ကားနှိပ်စက်ခွင့်တော့မရှိပါ။ ဤသည်ကို ဥပဒေအရလည်းကောင်း၊ လူမှုကျင့်ဝတ်များအရ လည်းကောင်း၊ လောကယဉ်ကျေးမှုအရ လည်းကောင်း ခွင့်မပြုပါ။


လူတစ်ဦး၏နှိမ်ချမှု၊ ပျပ်ဝပ်မှုတို့ကို မေတ္တာကြီးမားမူ၊ ကိုယ်ချင်းစာနာ နားလည်စိတ်မြင့်မားမူတို့က တန်ဖိုးကြီးကာ ရိုသေလေးမြတ်ပြုစရာအဖြစ် သတ်မှတ်ထားကြသည်။ နှိမ်ချပျပ်ဝပ်မှုဟူသည် အနှိမ်ခံအလျှော့ပေးခြင်း မဟုတ်ဘဲ ရင့်ကျက်ခြင်း၊ စာနာနားလည်ခြင်း၊ မေတ္တာကရုဏာကြီးမား ခြင်းတို့ကို ကိုယ်စားပြုတာဖြစ်ပါသည်။ ယင်းကို မင်္ဂလာတရားတော်တွင် နိဝါတောစဟုဆိုပြီး မိမိစိတ်ကို မာန်မာနမထားဘဲ ထောင်လွှားခြင်းမရှိဘဲ နူးညံ့သိမ်မွေ့စွာဆက်ဆံနေထိုင်ခြင်း၊ ပျပ်ဝပ်ခြင်း၊ ရင့်ကျက်တည်ငြိမ်ခြင်း တို့ကို ဆိုလိုပါသည်။ သည်လိုသိမ်မွေ့ခြင်းကပင် မင်္ဂလာရှိကာ ဂုဏ်ကြီး မြင့်ကြီး ဖြစ်သည်ဟု မြင်ပါသည်။


မေတ္တာကရုဏာကြီးမားခြင်း၊ ရင့်ကျက်အမြော်အမြင်ကြီးခြင်း၊ နူးညံ့သိမ်မွေ့ပျပ်ဝပ်ခြင်းတို့သည်သာ လောကလူမှုအဖွဲ့အစည်းက ရိုသေ လေးမြတ်ကြသည့် ခန့်ညားလေးစားဖွယ်ဂုဏ်ဟု ယုံကြည်ယူဆမိပါ ကြောင်း တင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment