Thursday, June 27, 2019

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း

မူးယစ်ဆေးဝါးအ္တရာယ်ကို လျှော့ချဖို့ ပြည်သူလူထုကလည်း အမျိုးသားရေးပြဿနာအဖြစ် ခံယူပြီး အဖွဲ့အစည်း
တစ်ခုချင်းစီမှ လူတစ်ဦးတစ်ယောက်ချင်းစီအထိ တာဝန်ကိုယ်စီရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်



(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့)

ဒီနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နဲ့ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများနဲ့ စစ်သံမှူးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မူးယစ်ဗဟိုအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနဲ့ အခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။


ဧည့်သည်တော်များ ခင်ဗျား-
ကမ္ဘာပေါ်မှာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျင်းပလာခဲ့ကြတာ ဒီကနေ့ဆိုရင် ၃၂ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါတယ်။
မူးယစ်ဆေးဝါးပြဿနာဟာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံ စီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေပြီး နိုင်ငံအတွင်း အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင် ငွေကြေးစီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ဖြစ်ပေါ်စေသလို တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးက ရရှိလာတဲ့ ငွေကြေးတွေကြောင့် လက်နက်ကိုင်တော်လှန်မှု၊ အကြမ်းဖက်တိုက်ခိုက် မှုတွေကိုပါ ဆက်စပ်ဖြစ်ပေါ်စေခဲ့ပါတယ်။


မူးယစ်ဆေးဝါးပြဿနာရဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းကြရာမှာ နိုင်ငံ တွေ၊ အစိုးရတွေအနေနဲ့ မိမိနိုင်ငံရဲ့ အရင်းအမြစ်တွေကို အခြေပြုပြီး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး ပြဿနာကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအစုံစုံမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
က္ဘာ့လူဦးရေ ၅.၆ ရာခိုင်နှုန်းဖြစ်တဲ့ ၂၇၅ သန်းဟာ တစ်နှစ်အတွင်း မူးယစ် ဆေးဝါး အနည်းဆုံးတစ်ကြိမ် သုံးစွဲဖူးသူများဖြစ်ပြီး လူဦးရေ ၃၁ သန်းဟာ မဖြစ်မနေ ဆေးကုသဖို့ လိုအပ်ကြသူများ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ၂၀၁၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံမှာ မူးယစ်ဆေးအကြောတွင်း ထိုးသွင်းသူ ၉၃၀၀၀ ဦးခန့်ထိရှိကြောင်း ခန့်မှန်းထားပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ HIVရောဂါ၊ အသည်းရောင် အသားဝါရောဂါနဲ့ တီဘီရောဂါကူးစက်မှုတွေ မြင့်တက်လာ ကြောင်း သိရှိရပါတယ်။


မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာမှာ ဘက်ပေါင်းစုံ၊ နည်းလမ်းစုံ ပါဝင်တဲ့ ချဉ်းကပ်မှုတွေနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်လို့ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးဥပဒေနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒအသစ်ကို ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ မူဝါဒကို အကောင်အထည်ဖော်မယ့် အမျိုးသားမဟာဗျူဟာစီမံချက်တစ်ခု ရေးဆွဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကအရေးကြီး ဆုံးက အကောင်အထည်ဖော်မှု ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။


ဧည့်သည်တော်များခင်ဗျား-
မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ စတင်ဖွဲ့စည်းထားရှိပြီး ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာတဲ့ တိုင်ကြားစာ သတင်းအချက်အလက်များကို စနစ်တကျစိစစ်လက်ခံပြီး ဖမ်းဆီးလျက် ရှိရာမှာ အတန်အသင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော်လည်း ပမာဏ ကြီးမားတဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ်ဖောက်ကားမှု သတင်းတွေ ရရှိမှု အားနည်းနေတဲ့အတွက် လုံခြုံစိတ်ချစွာ သတင်းပေးတိုင်ကြားကြဖို့လည်း တိုက်တွန်း လိုပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး ဆိုင်ရာ မှုခင်းတွေ ဖြစ်ပွားမှုများပြားတဲ့ နယ်မြေများအလိုက် အထူးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာမှာ ဒီနေ့အထိ အထူးစစ်ဆင်ရေး ၂၅ ခု ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များရဲ့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဘိန်းဖြူအပါအဝင် အခြားမူးယစ်ဆေးဝါး အမြောက်အမြားလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။


မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁၀၀၀ ရှိပြီး ထုတ်လုပ်မှုဟာ ၅၅၀ မက်ထရစ်တန်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဟက်တာ ၃၇၃၀၀ စိုက်ပျိုးပြီး ထုတ်လုပ်မှု ၅၂၀ မက်ထရစ်တန်ရှိတာကြောင့် ဘိန်းစိုက်ပျိုးမှုမှာ ၉.၁ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှုမှာ ၅.၄၅ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် မူးယစ်ဆေးဝါးပြဿနာဟာ ကြီးမားကျယ်ပြန့်လာပြီး စိတ်ပြောင်း ဆေးဝါး ထုတ်လုပ်မှုတွေဟာလည်း မြင့်တက်လာတာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်နဲ့ မူးယစ်ဆေးဝါးတွေထုတ်လုပ်ရာမှာ အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုတဲ့ အစပျိုးဓာတုပစ္စည်း အမြောက်အမြားကို အိမ်နီးချင်း နိုင်ငံ နယ်စပ်များမှတစ်ဆင့် တရားမဝင် သယ်ဆောင်ရောင်းဝယ်လာကြပြီး ဖမ်းဆီးရမိမှုများ မြင့်တက်လာကြောင်းလည်း တွေ့ရှိရပါတယ်။ တစ်ဖက်မှာလည်း ထုတ်လုပ်မှုတွေ မြင့်တက်နေသလို လွယ်လွယ်ကူကူ ရရှိနိုင်မှုရဲ့ အကျိုးဆက်ကြောင့် သုံးစွဲမှုနဲ့ ဝယ်လိုအားများ မြင့်တက်လျက်ရှိတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ လူငယ်လူရွယ်တွေအကြားမှာ မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း မြင့်တက်လာတာနဲ့ အမျှ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာပြီး ရာဇဝတ်မှုခင်းများ များပြားလာတဲ့ ဆိုးကျိုးသံသရာ ကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။


ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ မျိုးဆက်သစ်လူငယ်တွေကို လူညွန့်တုံး စေမယ့် မူးယစ်ဆေးဝါးအ္တရာယ်ကို တားဆီးကာကွယ်ဖို့ တစ်နိုင်ငံလုံး၊ ပြည်သူ တစ်ရပ်လုံးရဲ့ အမျိုးသားရေးတာဝန်ကြီးတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းကြဖို့ အထူးပဲအရေးကြီးပါတယ်။ ယမန်နှစ်က အခုလို အခမ်းအနားမှာ ကျွန်တော် ပြောခဲ့သလိုပါပဲ ဒီကနေ့ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ မူးယစ် ဆေးဝါးအ္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားဟာ မတွေးဝံ့စရာအခြေအနေကို ဆိုက်ရောက် လာနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ဖြည်းဖြည်းချင်း ဝါးမျိုပြီး ကျွန်တော်တို့ရဲ့ လူငယ်တွေကို အညွန့်ချိုးနေတဲ့၊ ကျွန်တော် တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့အနာဂတ်ကို ဖြည်းဖြည်းချင်း ချေမှုန်းနေတဲ့ ဒီမူးယစ် ဆေးဝါးအ္တရာယ်ကို ကျွန်တော်တို့အားလုံး ပြည်သူနဲ့အတူ စုပေါင်းပြီး နှိမ်နင်းကြဖို့ အထူးအလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်။

ဧည့်သည်တော်များ ခင်ဗျား -
မူးယစ်ဆေးဝါးအန္တရာယ် ကို ပြည်သူတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန စတဲ့အစိုးရအဖွဲ့အစည်းတွေအပြင် ပုဂ္ဂလိကမီဒီယာတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမှာ ဖြစ်ပါတယ်။


မူးယစ်ဆေးဝါးသုံးစွဲမှုကို ကြိုတင်ကာကွယ်ပေးဖို့၊ ဆေးကုသပေးဖို့၊ ပြန်လည် ထူထောင်ပေးဖို့၊ လူ့အဖွဲ့အစည်းအတွင်းမှာ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ပရဟိတအဖွဲ့ အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ကျွန်တော်တို့ ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။


မူးယစ်ဆေးဝါးပြဿနာဟာ တစ်နိုင်ငံတည်း ဆောင်ရွက်လို့မရတဲ့အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေ တိုက်ဖျက်နိုင်ရေးကို အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ကျောင်းသားလူငယ်တွေ မူးယစ်ဆေးဝါးကင်းစင်တဲ့ အနာဂတ် မျိုးဆက်သစ်တွေ ဖြစ်စေဖို့ဆိုရင် စာသင်ကျောင်းတွေ အနီးအနားမှာ ဆေးလိပ် အပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ ကင်းစင်စေဖို့နဲ့ လက်လှမ်းမီရရှိ နေတာမျိုး မဖြစ်စေဖို့ ဦးစွာကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ရာမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေအနေနဲ့ ကျောင်းသား၊ မိဘ၊ ဆရာ/ဆရာမတွေ အပြင် လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွား ကြရမှာ ဖြစ်ပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ အောက်ခြေအထိ ဖွဲ့စည်းထားပြီး ဖြစ်တဲ့ ဒေသဆိုင်ရာ မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးအဖွဲ့တွေထံကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သယ်ယူပို့ဆောင်ခြင်းနဲ့ စပ်လျဉ်းပြီး ပြည်သူ များက တိုင်ကြားကြဖို့ လိုအပ်ပါတယ်။ ဒီအဖွဲ့များရဲ့ ဆောင်ရွက်မှုတွေ၊ အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်နဲ့ အကြံပြုချက်များကို ပြန်လည်သုံးသပ်ပြီး ဒေသခံ ပြည်သူနဲ့၊ ဒေသခံလူမှုအဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး လမ်းဖွင့် ပေးထားပြီးဖြစ်လို့ ပိုပြီးထိရောက်ခိုင်မာတဲ့ အပြောင်းအလဲကို အောင်မြင်အောင် အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။


ဧည့်သည်တော်များခင်ဗျား-
ဒီနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းများဆိုင်ရာရုံးမှ ပေးပို့ လာတဲ့ ဆောင်ပုဒ်ကတော့ Health for Justice. Justice for Health ''မူးယစ်ကင်းဖို့ ကျန်းမာရေးနဲ့ တရားရေး လက်တွဲစို့'' ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲမှုပြဿနာကို ကျန်းမာရေးရှုထောင့်မှ ရှုမြင်သုံးသပ်ပြီး ကုသရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ရမှာဖြစ်သလို ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အပိုင်းတွေမှာလည်း ယခုထက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။


နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ နိုင်ငံတော်အစိုးရဟာ မူးယစ် ဆေးဝါးအန္တရာယ် ကို လျှော့ချဖို့ အစိုးရဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ အချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့နည်းတူ ပြည်သူလူထုကလည်း အမျိုးသားရေးပြဿနာအဖြစ် ခံယူပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦး တစ်ယောက်ချင်းစီအထိ တာဝန်ကိုယ်စီ ရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ-

- မူးယစ်ဆေးဝါးအန္တရာယ် ဟာ ကျွန်တော်တို့တိုင်းပြည် အနာဂတ်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု အန္တရာယ် ကြီးဖြစ်ကြောင်း၊ အားလုံးသိရှိနားလည် သဘောပေါက်အောင် မျှဝေပေးနိုင်ဖို့၊ မူးယစ်အန္တရာယ် ပညာပေးဟောပြော ပွဲတွေ၊ ပြပွဲ၊ ပြိုင်ပွဲတွေကိုလည်း ကျောင်းသားလူငယ်တွေအတွက် အဆက် မပြတ် ဆောင်ရွက်ပေးကြပါ။


- ရပ်ရွာလူထုအခြေပြုတဲ့ မူးယစ်အန္တရာယ် ကာကွယ်တားဆီးရေးနဲ့ အသိပညာ ပေးရေးလုပ်ငန်းတွေကို အမျိုးသားရေးလှုပ်ရှားမှု တစ်ရပ်အနေနဲ့ ဖော်ဆောင် ပေးကြပါ။
- မူးယစ်သားကောင်တွေကို ညှာတာထောက်ထားပြီး လှူအဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းနိုင်ရေး ဝိုင်းဝန်းပံ့ပိုး နှစ်သိမ့်ဆွေးနွေးပေးကြပါ။ အားနည်း သူကို ကူညီပြီး အားငယ်သူတွေကို လက်ကမ်းပေးကြပါ။


- မူးယစ်သတင်း၊ ရောင်းဝယ်ဖောက်ကားမှု သတင်းတွေသာမက ထုတ်လုပ်သူတွေ၊ မူးယစ်ရာဇာကြီးတွေရဲ့ သတင်းတွေကို တိတိကျကျ တိုင်ကြားပေးကြပါ။


- မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အတားအဆီးဖြစ်နေတဲ့ တာဝန်ရှောင်လွှဲသူတွေ၊ အဂတိလိုက်စားသူတွေရှိခဲ့ရင် အရေးယူမှာဖြစ်တဲ့အတွက် အမျိုးသားရေး တာဝန်အဖြစ် အချက်အလက်တွေ ပို့ပေးကြပါ။


- တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနဲ့ အုပ်ချုပ်ရေးဌာနအဆင့်ဆင့် အနေနဲ့''မူးယစ်ဆေးဝါးကိစ္စ၊ ခြွင်းချက်လုံး၀ မထားရ'' ဆိုတဲ့ မူဝါဒကို အလေးထား လိုက်နာဆောင်ရွက်ပေးကြပါ။


- မူးယစ်ကင်းစင်တဲ့ လှူအဖွဲ့အစည်း ဖြစ်ပေါ်လာစေရေးအတွက် ပြည်သူ့ကျန်းမာရေးအမြင်နဲ့ မျှတမှုရှိအောင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ မီဒီယာနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အလေးအနက်ထား ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment