Thursday, June 27, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် CLMVT Forum သို့တက်ရောက်ဆွေးနွေး

Image may contain: 5 people, people smiling



နေပြည်တော် ဇွန် ၂၆


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Renaissance Bangkok Ratchaprasong Hotel ၌ ဇွန် ၂၄ ရက်ကကျင်းပသည့် CLMVT Forum 2019 သို့ ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဝန်ကြီးများနှင့်အတူ တက်ရောက် ဆွေးနွေးခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်Ministerial Conversation– CLMVT ၌ Region of Endless Opportunities ခေါင်းစဉ်ဖြင့် ဆွေးနွေး ခဲ့ရာ ဒေသတွင်းနိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် မူတည်၍ ရရှိလာနိုင်မည့်အခွင့်အရေး များကို အကျိုးရှိစွာ အသုံးချနိုင်ရန် အတွက် အချင်းချင်းပူးပေါင်းဆွေးနွေး လေ့လာရန်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အစည်း အဝေးသို့ တက်ရောက်လာကြသော ပုဂ္ဂိုလ်များက သိရှိလိုသည့် မေးမြန်းချက် များအပေါ် သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။


ယင်း CLMVT Forum 2019 သို့ ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင် များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments:

Post a Comment