Sunday, June 2, 2019

အမေရိကန်ကုန်ပစ္စည်းများကို အခွန်အခတိုးမြှင့်ကောက်ခံကာ တရုတ်လက်တုံ့ပြန်


Image may contain: sky, outdoor and water

ပေကျင်း ဇွန် ၁

အမေရိကန်နှင့်   တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပဋိပက္ခ ဖြစ်ပွားနေစဉ်အတွင်း တရုတ်နိုင်ငံသို့   တင်သွင်းသည့်    ဒေါ်လာ ဘီလီယံ ၆၀ တန်ဖိုးရှိ  အမေရိကန်ကုန်ပစ္စည်း များကို     တရုတ်အစိုးရက    အခွန်တိုးမြှင့် ကောက်ခံခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
ရက်သတ္တသုံးပတ်အကြာက   တရုတ် ကုန်ပစ္စည်းများကို  အမေရိကန်က အခွန်အခ တိုးမြှင့်ကောက်ခံခဲ့သည့်အပေါ်   ပြန်လည် တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ အမေရိကန် ကုန်ပစ္စည်းများကို အခွန်အခတိုးမြှင့်ကောက်ခံ ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်က  ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများကို အခွန် တိုးမြှင့်ကောက်ခံခဲ့သည်။
အမေရိကန်ကုန်ပစ္စည်းများကို အခွန်အခ တိုးမြှင့်ကောက်ခံခြင်းနှင့်     ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးသဘောတူညီမှုတစ်ရပ် ထွက်ပေါ်လာတော့မည့်       မျှော်လင့်ချက် ရောင်ခြည်များ    ပျောက်ကွယ်သွားပြီဖြစ် ကြောင်း ပြောကြားခဲ့သည်။
သမ္မတထရန့်   အစိုးရအဖွဲ့ကလည်း ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိ  တရုတ် ကုန်ပစ္စည်းများကို အခွန်တိုးမြှင့်ကောက်ခံရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အခွန်အခများ  အပြိုင်အဆိုင်တိုးမြှင့် ကောက်ခံခြင်းသည် နှစ်နိုင်ငံအတွက် ထိရောက် မှုရှိသော  လုပ်ဆောင်ချက်များ မဟုတ်ပေ။ အမေရိကန်က တရုတ်ပိုင် ဟွာဝေးနည်းပညာ ကုမ္ပဏီအား အမေရိကန်နိုင်ငံတွင် လာရောက် လုပ်ကိုင်ခြင်းမှ ပိတ်ပင်တားဆီးခဲ့သည်။
တရုတ်နိုင်ငံကလည်း  လျှပ်စစ်ပစ္စည်း၊ မော်တော်ကားနှင့် အခြားသောကုန်ပစ္စည်း များတွင်  အဓိကထားအသုံးပြုရသည့် ရှားပါး သတ္တုများတင်သွင်းခြင်းကို အကန့်အသတ် ဖြင့်တင်ပို့ကာ ပြန်လည်တုံ့ပြန်မည်ဖြစ်သည် ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်က  ဇွန်လနှောင်း ပိုင်းတွင် အိုဆာကာမြို့၌  ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်   သီးခြားတွေ့ဆုံရန်   ဆန္ဒရှိ ကြောင်း   ပြောကြားခဲ့သည်။   သို့သော်  ယခု အချိန်ထိတိုင် နှစ်နိုင်ငံဝန်ကြီးအဆင့် ကုန်သွယ် ရေးဆွေးနွေးပွဲအတွက်      စီစဉ်မှုများကို လုပ်ဆောင်ရခြင်းမရှိသေးကြောင်း သိရသည်။

အင်န်အိတ်ခ်ျကေ

No comments:

Post a Comment