Tuesday, May 7, 2019

JICA ထံမှ ဂျပန်ယန်း ၃၈ ဒသမ ၆၄၂ ဘီလီယံ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေး

Image may contain: one or more people and people sitting

နေပြည်တော်  မေ  ၆

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒေသတွင်း အခြေခံအဆောက်အအုံ မြှင့်တင်ခြင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၃၈ ဒသမ ၆၄၂ ဘီလီယံ    ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ဧရိယာကျယ်ပြန့်လာသည်နှင့်အမျှ ဝန်ထမ်းဖွဲ့စည်းပုံကိုလည်း ကြိုတင်တွက်ချက် လျာထားတင်ပြရန် လိုအပ်မည်

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက  NEP  စီမံကိန်းအရ ဓာတ်အားတစ်နှစ်ထက်တစ်နှစ် တိုး၍ထုတ်လွှတ်ပေးရမည် ဖြစ်သောကြောင့် အရှုံးသည် တစ်နှစ်ထက်တစ်နှစ် ပိုလာ မည်ဖြစ်၍ ယင်းကိစ္စကို ကုစားနိုင်ရန်အတွက် နည်းလမ်း ရှာသင့်ပြီဖြစ်ပါကြောင်း၊    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ဧရိယာကျယ်ပြန့်လာသည်နှင့်အမျှ ပြုပြင်ထိန်းသိမ်းရန် ကျွမ်းကျင်ဝန်ထမ်းများကို ပြည့်ပြည့်၀၀ခန့်ထားနိုင်ရန် အတွက် ဝန်ထမ်းဖွဲ့စည်းပုံကိုလည်း ကြိုတင်တွက်ချက် လျာထားတင်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

NEP  လုပ်ငန်းတိုးချဲ့ဆောင်ရွက်မှုသည် ပြည်သူများ အကျိုးကို ရည်ရွယ်ဆောင်ရွက်သည်ဆိုသော်လည်း  အချို့ ဒေသများ၏ ကျေးရွာမီးလင်းရေးအဖွဲ့များအပေါ် ဩဇာ လွှမ်းမိုးနေမှုများ၊    လုပ်ပိုင်ခွင့်ကို    အလွဲသုံးစားပြုလုပ်ပြီး  မိမိနှင့်ပတ်သက်သည့် ကုမ္ပဏီအဖွဲ့အစည်းနှင့် မဆောင် ရွက်သည့် ကျေးရွာများကို   အချိန်မီမဆောင်ရွက်ပေးမှု၊ လျှပ်စစ်မီတာချထားမှုတွင် ဘက်လိုက်ဆောင်ရွက်မှုများနှင့် အဂတိလိုက်စားမှုများရှိနေကြပြီး သိသိသာသာချမ်းသာ ကြွယ်၀လာမှုများကို ကြားသိနေရသည့်အတွက် ထိုကိစ္စ များကို  ထိထိရောက်ရောက် အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေးသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုက် မန်က  JICA ချေးငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းတွင် တွန်းဇံမြို့နယ် မပါဝင်သေးသည့်အတွက် မိမိမဲဆန္ဒနယ် ပြည်သူများ၏    မေးခွန်းများကိုလည်း ဖြေရှင်းပေးရဦးမည် ဖြစ်ပါကြောင်း၊ မေးခွန်းများဖြစ်လာပါက မိမိတို့ရင်ဆိုင်ရ သည်များကို   သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် တစ်ဆက်တစပ်တည်း     စဉ်းစားပေးစေလိုပါကြောင်း၊       လျှပ်စစ်မီးရရှိမှုနောက်ကျခြင်းကြောင့်      တွန်းဇံမြို့၏ သစ်တောဧရိယာများ     ပြုန်းတီးနေပြီဖြစ်ပါကြောင်း၊ လျှပ်စစ်မီးအမြန်ရမှသာ သစ်တောပြုန်းတီးမှု နည်းလာ မည်ဖြစ်ပါကြောင်း။

မြို့နယ်အတွင်း လျှပ်စစ်မီးရရှိပါက ဒေသတစ်ခုနှင့် တစ်ခု လျှပ်စစ်မီးမရရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေးမညီမျှမှုကိုလည်း ဖြေရှင်းပေးပြီးဖြစ်သကဲ့ သို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် လူမှုစီးပွား များကိုလည်း  ဖြေရှင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊   ယခု JICA ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းတွင် လျှပ်စစ် မီးနှင့် သောက်သုံးရေ အလုံအလောက်ရရှိရေးတွင် အခြား မြို့နယ်များအပါအဝင် တွန်းဇံမြို့နယ်ကိုလည်း တစ်ပါတည်း ဆောင်ရွက်ပေးပါရန် အကြံပြုလိုပါကြောင်း ဆွေးနွေး သည်။

 ဖာပွန်မဲဆန္ဒနယ်မှ ဦးထွန်းမြအောင် (ခေါ်) ဦးစော ထွန်းမြအောင်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင် ဝင်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခေါ်) ဒေါက်တာ အာကာမိုး၊ သံတောင်ကြီးမဲဆန္ဒနယ်မှ ဦးစောဗစ်တာခ လိုက်၊ မြ၀တီမဲဆန္ဒနယ်မှ   ဦးစိန်ဗိုလ်၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊   ကယားပြည်နယ်  မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းနှင့်  ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်တို့က ဆွေးနွေးကြသည်။

ပြည်ထောင်စုလွှတ်တော် နာယကက ယင်းချေးငွေ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ကျန်ရှိသည့် အစီအစဉ်များကို ၂၀၁၉ ခုနှစ် မေ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွား ရန် လျာထားကြောင်း ကြေညာသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထား သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ်ကျပ် ၉၀၉၅ ဒသမ ၂၆၂ သန်း  ခွဲဝေသုံးစွဲခဲ့သည့်   ကိစ္စရပ်များနှင့် စပ်လျဉ်း၍    ကာကွယ်ရေးဝန်ကြီးဌာန၊   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ရှင်းလင်းပြောကြား ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဗိုလ်ချုပ် အောင်သူက အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုငွေကျပ်ကျပ် ၅၈၇ ဒသမ ၄၃၇ သန်းဖြင့် အမှတ် (၁/၂/၃/၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲများ၌ နယ်စပ်ဒေသလုံခြုံရေး အခြေအနေအရ ထရန်စဖော်မာများ တပ်ဆင်ခြင်း၊ အုပ်ချုပ်မှုနှင့် လူနေ အဆောက်အအုံများတွင် လျှပ်စစ်မီးသွယ်တန်းတပ်ဆင် ခြင်း  စသည့် လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းအားဖြင့်  ရခိုင်ပြည်နယ် နယ်စပ် ဒေသလုံခြုံရေးအခြေအနေများ ပိုမိုကောင်းမွန် စိတ်ချစွာ ဖြင့်   တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို     ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အကျိုးရလဒ်များစွာ ရရှိနိုင်မည်ဖြစ်ပြီး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ  သုံးစွဲသွားမည်ဖြစ်သောကြောင့်  ပြည်ထောင်စု လွှတ်တော်မှ မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်  ပြည်ထောင်စုလွှတ်တော် နာယကက ကာကွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ အရေးပေါ်ရန်ပုံငွေမှ   သုံးစွဲခဲ့မှုများကို လွှတ်တော်က မှတ်တမ်းတင်ကြောင်းနှင့်    ကျန်ရှိသည့်   နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲမှုကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီ၀မျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ-မူဝါဒ လုပ်ငန်းအဖွဲ့သို့ ဝင်ရောက်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား

ယင်းနောက် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီ၀မျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ-မူဝါဒ လုပ်ငန်းအဖွဲ့သို့ ဝင်ရောက်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်  နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက   အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Protocol of 1988 relating to the International Convention for the Safety of the Life at Sea, 1974 တွင် မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍   မြန်မာနိုင်ငံ အနေဖြင့် Protocol of 1988 တွင် ပါဝင်ပြီးသည့်အခါ SOLAS 1974 နှင့် ၎င်း၏နောက်ဆက်တွဲ Protocol  များပါ ပြဋ္ဌာန်းချက်များကို မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ပြည်တွင်းဥပဒေတွင် ပြင်ဆင်ဖြည့်စွက်၍ ရေးဆွဲပြဋ္ဌာန်း ခြင်းနှင့်  သတ်မှတ်ပြဋ္ဌာန်းထားသည့် လက်မှတ်ပုံစံများ အတိုင်း ပြောင်းလဲထုတ်ပေးခြင်းကို ဆက်လက်လုပ်ဆောင် ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

Protocol  တွင် ပြဋ္ဌာန်းထားသည့် Harmoniza- tion System of Survey and Certification  အရ သင်္ဘောများ ငါးနှစ်လျှင် တစ်ကြိမ်အထူးလွန်းတင်ပြင်ဆင်မှု ဆောင်ရွက်ချိန်၌ တိုင်းတာစစ်ဆေးခြင်းနှင့် လက်မှတ် အသစ်လဲလှယ်ထုတ်ပေးခြင်းများ အပြီးဆောင်ရွက်ခြင်းကိုလည်းကောင်း၊ ကြားကာလစစ်ဆေးခြင်းများကို ဒုတိယ သို့မဟုတ် တတိယနှစ်၏ နှစ်ပတ်လည်နေ့တွင် ဆောင်ရွက် ခြင်းကိုလည်းကောင်း   မြန်မာနိုင်ငံအနေဖြင့် လိုက်နာ ကျင့်သုံးလျက်ရှိသဖြင့်  အထူးတလည်  ပြောင်းလဲကျင့် သုံးရန် မလိုအပ်ပါကြောင်းနှင့် Protocol of 1988 relating to the International Convention for the Safety of  Life at Sea, 1974 ကို မြန်မာနိုင်ငံက Accession နည်းလမ်းဖြင့်    ပါဝင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က   အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်  နာယကက အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ   သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော "လောင်းကစားဥပဒေကြမ်း" နှင့် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော "တံတားကြီး များဥပဒေကြမ်း"တို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံး အဖြတ်ရယူ၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုသည်။

ဆက်လက်၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသူရိန်ဇော်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ မှ ရုံးသုံးမော်တော်ယာဉ် ငါးစီး တင်သွင်းရာတွင် အကောက် ခွန်၊    ကုန်သွယ်လုပ်ငန်းခွန်နှင့်     အထူးကုန်စည်ခွန်         ကင်းလွတ်ခွင့်ရရှိရေးကိစ္စနှင့်စပ်လျဉ်း၍ ယခုတင်ပြလာ သည့် မော်တော်ယာဉ်ငါးစီးကို အခွန်ကင်းလွတ်ခွင့်များ တောင်းခံလာခြင်းကိစ္စတွင် ကားအမျိုးအစားနှင့် ကား တန်ဖိုးစုစုပေါင်းသာပါရှိပြီး မော်ဒယ်၊ ထုတ်လုပ်သည့် ခုနှစ်၊ နိုင်ငံ၊ ဈေးကွက်အတွင်းရှိ အမှန်တကယ်ဈေးနှုန်း၊ ဆိပ်ကမ်းရောက် တန်ဖိုး၊ အခွန်ပေးဆောင်ရမည်ဆိုပါက နိုင်ငံတော်မှရရှိမည့် အခွန်ငွေပမာဏတို့ကို ထည့်သွင်း ဖော်ပြပေးရန်လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံအနေဖြင့် ကင်းလွတ်ခွင့်ပြုပေးရသော  ငွေကြေးပမာဏနှင့် အခြား အခွင့်အရေးများ ပေးအပ်ရမှုသည် နိုင်ငံတော်မှ ပြန်လည် ရရှိနိုင်မည့် အကျိုးဖြစ်ထွန်းမှုများ၊ နိုင်ငံသားများ၏ အကျိုး ဖြစ်ထွန်းမှုများကို ချိန်ဆနိုင်မည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့်  နိုင်ငံသားများအတွက်  အကျိုးဖြစ်ထွန်းနိုင်မှုအခြေအနေ၊  အခွန်ကင်းလွတ်ခွင့် ပေးခြင်းနှင့်စပ်လျဉ်း၍  တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်း များ၊ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုအခြေအနေ၊ မိမိတို့နိုင်ငံနှင့်  အခြေအနေချင်းတူသော နိုင်ငံများ၏  IHO များအပေါ် အခွန်ကင်းလွတ်ခွင့်နှင့် အခြားသော ကင်းလွတ်ခွင့်များ ပြုပေးနေမှုအခြေအနေ စသည်တို့ကို ထည့်သွင်းစဉ်းစားကာ အဘက်ဘက်မှ လေ့လာသုံးသပ် လျက် နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကို ဦးစားပေး၍ ပြည်ထောင်စုလွှတ်တော်သို့ အတည်ပြုချက်တောင်းခံ သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက ၂၀၁၉ ခုနှစ် မေ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက် ရန် လျာထားကြောင်း ကြေညာသည်။

မော်စီ၊ အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment