Monday, May 6, 2019

မြောက်ကိုရီးယားပြည်သူ ၁၀ သန်းကျော် စားနပ်ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့နေ




   ကျော်ထိုက်စိုး

မကြာသေးမီက  ရိတ်သိမ်းခဲ့သည့်  သီးနှံအထွက်နှုန်းမှာ ဆယ်စုနှစ်တစ်ခုအတွင်း အနည်းဆုံးဖြစ်သောကြောင့် မြောက်ကိုရီးယားပြည်သူ ၁၀ သန်းကျော်မှာ ဆိုးရွား သော စားနပ်ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုက သတိပေးခဲ့သည်။ ရာသီ ဥတုအခြေအနေများ၊ အကန့်အသတ်ဖြင့်သာ ထောက်ပံ့ ပေးသည့်  လောင်စာဆီ၊  ဓာတ်မြေဩဇာနှင့်  အခြား လယ်ယာသုံးကိရိယာများကြောင့်    သီးနှံအထွက်နှုန်း တန်ချိန်  ငါးသန်းအောက်   လျော့နည်းသွားခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့က ပြောကြားသည်။

ပြီးခဲ့သော ၁၀ နှစ်အတွင်း စုစုပေါင်း သီးနှံအထွက် နှုန်းမှာ   တန်ချိန်  ငါးသန်းအောက်   ကျရောက်ခဲ့ခြင်း မရှိပေ။  ဇွန်လတွင်  ရိတ်သိမ်းမည့်  သီးနှံများမှာလည်း ရာသီဥတုဖောက်ပြန်မှုများကြောင့် အထွက်နှုန်းကောင်းမွန် မည့်အလားအလာမရှိကြောင်း ကျွမ်းကျင်သူများကပြော သည်။ လူဦးရေ ၁၁ သန်း သို့မဟုတ် မြောက်ကိုရီးယား ပြည်သူ ၄၃ ရာခိုင်နှုန်းခန့်မှာ အာဟာရချို့တဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ စားနပ်ရိက္ခာပြဿနာ အပြင် အာဟာရပြည့်၀သည့် အစားအစာများပြတ်လပ်မှု လည်း ရှိနေသည်။ “ပြည်သူအချို့က   သူတို့ရဲ့နေ့စဉ် အစားအသောက်မှာ         ပရိုတိန်းအနည်းငယ်သာ စားသောက်နေရတယ်လို့ ကျွန်တော်တို့ရဲ့ အကဲဖြတ်မှုက ပြသခဲ့ပါတယ်။ ဒီပြဿနာက အခုအခါ အမှန်တကယ်ကို စိုးရိမ်ရမယ့်  ကိစ္စဖြစ်လာပါပြီ” ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ပြောရေးဆိုခွင့်ရှိသူ စတိဗ်တာရာ ဗယ်လာက ပြောသည်။ ပျမ်းမျှအားဖြင့် မြောက်ကိုရီးယား အစားအစာများတွင်  ဗီတာမင်များ၊ သတ္တုဓာတ်များ၊ ပရိုတိန်းဓာတ်များနှင့်   အဆီများမပါဝင်ဘဲ   အဓိက အားဖြင့် ဆန်၊ ပြောင်းဖူး (သို့မဟုတ်) အာလူး၊ ကင်ချီ (သို့မဟုတ်)အခြားဟင်းသီးဟင်းရွက်များသာ ပါဝင်သည်။

မေလမှ စက်တင်ဘာလအထိ သီးနှံအထွက်နည်း သော ရာသီအတွင်း အဓိကအစားအစာများဖြစ်သည့် ဂျုံ၊ မုယောစပါးနှင့် အာလူးများ ပြတ်လပ်မှုနှင့်ပတ်သက်၍ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က စိုးရိမ်ပူပန် လျက်ရှိသည်။ မြို့ပြနေ မိသားစုအများအပြားက စားနပ် ရိက္ခာရရှိရေးအတွက်  ကျေးလက်ဒေသနေ  ၎င်းတို့၏ ဆွေမျိုးများကို   မှီခိုနေရသော်လည်း  ကျေးလက်နေ မိသားစုများမှာလည်း   ယခုနှစ်အတွင်း   စားနပ်ရိက္ခာ ပြတ်လပ်မှုများ   ကြုံတွေ့နေရကြောင်း  ကုလသမဂ္ဂ၏ အကဲဖြတ်မှုက သတိပေးခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံ သားအများစု မှီခိုအားထားနေရသည့် အစိုးရ၏ ပြည်သူ များထံ  စားနပ်ရိက္ခာဖြန့်ဖြူးရေးစနစ်ဖြစ်သည့်  ရိက္ခာ ခွဲတမ်းကိုလည်း လျှော့ချခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်း များက တွေ့ရှိခဲ့သည်။ ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း နေ့စဉ် ပြည်သူတစ်ဦးသို့ ခွဲဝေပေးသည့် ရိက္ခာခွဲတမ်းကို ဂရမ် ၃၀၀ အထိ လျှော့ချခဲ့ပြီး ယမန်နှစ် အလားတူကာလ၌ ပြည်သူတစ်ဦးလျှင် ရိက္ခာခွဲတမ်း ဂရမ် ၃၈၀  ခွဲဝေပေး နိုင်ခဲ့သည်။ ပြည်ပနိုင်ငံများ၏ အထောက်အပံ့မရှိပါက သီးနှံအထွက်အနည်းဆုံးရာသီအတွင်း  ပြည်သူများသို့ ဖြန့်ဖြူးပေးနေသည့် ရိက္ခာခွဲတမ်းများကို ထပ်မံလျှော့ချ နိုင်ကြောင်း ကုလသမဂ္ဂအဖွဲ့က သတိပေးခဲ့သည်။

တရားမဝင် နျူကလီးယားလက်နက်များ ထုတ်လုပ် မည့်အစီအစဉ် စွန့်လွှတ်ရန် ကြိုးပမ်းမှုအနေဖြင့် နိုင်ငံ တကာအသိုင်းအဝိုင်းက မြောက်ကိုရီးယားနိုင်ငံအပေါ် ပိုမိုပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏    အရေးယူမှုများက မြောက်ကိုရီးယားပြည်သူများကို   ထိခိုက်နစ်နာစေရန် မရည်ရွယ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ  ပြောရေးဆိုခွင့်ရှိသူ   စတိဗ်တာရာဗယ်လာက   ပြော သည်။ သို့သော်လည်း တစ်ခါတစ်ရံ အရေးယူမှုများက မရည်ရွယ်သော အကျိုးဆက်များရှိပြီး မြောက်ကိုရီးယား နိုင်ငံ၌ စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

"ကုန်စည်စစ်ဆေးမှုတွေနဲ့  ဒဏ်ရိုက်ခံရနိုင်မှုတွေ ကြောင့် သင်္ဘောပိုင်ရှင်တွေက မြောက်ကိုရီးယားနိုင်ငံကို  သင်္ဘောတွေပို့ဆောင်ရာမှာ အင်တင်တင်ဖြစ်တာမျိုးလို အရေးယူမှုတွေရဲ့  တိုက်ရိုက်မဟုတ်တဲ့ ရိုက်ခတ်မှုတွေကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်။   ဒါ့ကြောင့်    စားနပ် ရိက္ခာအကူအညီအပါအဝင်   အရေးပါတဲ့ကုန်စည်တွေ        မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိဖို့အတွက်    နှောင့်နှေး ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်"ဟု  ၎င်းက ဆိုသည်။

အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားကြား ဆက်ဆံရေးကောင်းမွန်လာမှုကြောင့်    ပြီးခဲ့သည့်နှစ် အတွင်း ခေါင်းဆောင်နှစ်ဦးကြား ထိပ်သီးအစည်းအဝေး နှစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူမှုများ ဖြေလျှော့ခဲ့ခြင်းမရှိဘဲ ပထမဆုံးအနေဖြင့် မြောက်ကိုရီးယားနိုင်ငံထံမှ နျူကလီးယားဖျက်သိမ်းရေး ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုကိုမြင်တွေ့ရေး စောင့်ဆိုင်းရန် ရွေးချယ်ခဲ့သည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြောက်ကိုရီးယားနိုင်ငံ ပြည်နယ် ကိုးခုရှိ အာဟာရချို့တဲ့ သော   အမျိုးသမီးနှင့်   ကလေးငယ်  ၇၇၀၀၀၀  သို့ အာဟာရအကူအညီများ  ပံ့ပိုးပေးပြီး  ယခုနှစ်အတွင်း စားနပ်ရိက္ခာအကူအညီ ပံ့ပိုးမှုဆက်လက်လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၅ သန်း လိုအပ်သည်။ သီးနှံအထွက်နှုန်းကောင်းမွန်လာစေရန် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က        မြောက်ကိုရီးယား လယ်သမား သန်းဝက်ကျော်သို့ လယ်ယာစိုက်ပျိုးရေးသုံး ကိရိယာများ၊      နည်းပညာများ     ပံ့ပိုးကူညီသည်။ မြောက်ကိုရီးယားပြည်သူ ၁၀ ဒသမ ၁ သန်းမှာ ပြင်းထန် သော   စားနပ်ရိက္ခာမလောက်ငမှုကို   ခံစားနေရပြီး လာမည့် သီးနှံရိတ်သိမ်းချိန်အထိ စားနပ်ရိက္ခာလုံလောက် ဖွယ်မရှိဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပြောရေးဆိုခွင့်ရှိသူ ဟာဗီဗာဟိုဆယ်က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံ၏ လူဦးရေမှာ ၂၅ ဒသမ ၂ သန်းဝန်းကျင်ရှိသည်ဟု    ဗဟိုစာရင်းအင်းဗျူရို၏ ဖော်ပြချက်အရသိရကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာ က ဆိုသည်။ “မိသားစုအများစုမှာ တစ်နှစ်ပတ်လုံး ဆန်နှင့်    ကင်ချီကိုသာ   အဓိကအစားအစာအဖြစ် စားသောက်နေရမှုကြောင့် ပရိုတိန်းဓာတ်အနည်းငယ် သာရရှိကြောင်း ကုလသမဂ္ဂအကဲဖြတ်အဖွဲ့၏ ပူးတွဲ ခေါင်းဆောင်   နီကိုးလပ်ဘီဒေါက်က  ပြောသည်။ မြောက်ကိုရီးယားနိုင်ငံမှာ ကုလသမဂ္ဂ၏ ပုံမှန်စားနပ် ရိက္ခာထောက်ပံ့မှုအပေါ် နှစ်ပေါင်းများစွာကြာ   မှီခို အားထားခဲ့ရသည်။ သီးနှံမရိတ်သိမ်းမီ လေလွင့်ဆုံးရှုံးမှု များ လျော့နည်းသွားစေရန် ပြည်ပမှ အရည်အသွေးမြင့် မျိုးစေ့များ၊ ဓာတ်မြေဩဇာများ၊ စိုက်ပျိုးရေးဓာတုပစ္စည်း များ၊ ရေတင်ကိရိယာများနှင့် ဖန်လုံအိမ်များ တင်သွင်း ခြင်းအပြင် မျိုးစေ့အခြောက်ခံကိရိယာများ ၊ စက်ပစ္စည်း များနှင့် သိုလှောင်ရုံများ အဆင့်မြှင့်တင်ခြင်းအပါအဝင် လယ်ယာထွက်ကုန်များ      ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ဆောင်ရန် အစီရင်ခံစာက အကြံပြုသည်။

ကိုးကား-ဗွီအိုအေ၊ အယ်ဂျာဇီးယား

UN: 10 Million-plus N. Koreans Face Hunger This Year


No comments:

Post a Comment