Thursday, May 23, 2019

စိုက်ပျိုးသီးနှံတို့၏ အန္တရာယ် အမျိုးမျိုးကို ကာကွယ်နိုင်ရေး


မြန်မာ့အလင်းအယ်ဒီတာအာဘော်



မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အားပြုလုပ်ကိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင် ရေးသည် အလွန်အရေးကြီးသည့် အားလျော်စွာ သီးနှံများကြီးထွားအထွက် တိုးမှုကို အဟန့်အတားဖြစ်စေမည့် အ္တရာယ်များမှ ကာကွယ်နိုင်ရေးသည် အထူးဂရုပြုဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါသည်။
အဟန့်အတားဖြစ်စေသည်ဟုဆိုရာ၌ သဘာ၀ဘေး၊ ပိုးမွှားတို့၏ဘေးနှင့် တိရ္ဆာန်တို့၏ အန္တရာယ် များ စသည့်ဘေးအားလုံးပါဝင်ပါသည်။
မိုးခေါင်၊ လေပြင်းတိုက်၊ အခါမဟုတ်မိုးရွာ၊ ရေကြီးရေလျှံ အစ ရှိသည့် သဘာ၀ဘေးအန္တရာယ် များ၊ ရွှေခရု၊ ကြွက်မျိုးစုံ၊ လယ်ပုစွန် အစ ရှိသည့် တိရ္ဆာန်တို့၏ အန္တရာယ် များနှင့် ငမြှောင်တောင်၊ ဆစ်ပိုး၊ ရွက်ဝါ ဗိုင်းရပ်စ်ပိုး အစရှိသည့် ပိုးမွှားနှင့် မှိုတို့၏ အန္တရာယ် များက စိုက်ပျိုးရေး တောင်သူတို့အတွက် ထိခိုက်ဆုံးရှုံးမှုများစွာကို ဖြစ်စေပါသည်။
မကြာသေးမီကဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသီးများ ကြွေခြင်း၊ လေပြင်းတိုက်ခတ်မှုဖြစ်ခြင်းတို့ကြောင့် ဖရဲခင်းပျက်စီးခဲ့ရမှု၊ သရက်သီးများ ကြွကျပျက်စီးရမှုတို့သည် တောင်သူတို့အတွက် လွန်စွာ ထိခိုက်ဆုံးရှုံးနစ်နာမှုများ ဖြစ်ခဲ့ရသည်။
ဧရာ၀တီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် စပါးခင်းများကို ရွှေခရု များကိုက်ဖြတ်မှုကြောင့် လည်းကောင်း၊ ဒေသအတော်များများ၌ လယ်ပုစွန်များ ညှပ်ဖြတ်ဖျက်ဆီးမှုကြောင့် စပါးအထွက်လျော့နည်းမှု များသည်လည်းကောင်း စိုက်ပျိုးရေးသမားတို့အတွက် နစ်နာမှုများစွာ ဖြစ်ခဲ့ရသည်။ ယင်းသို့ဖျက်ဆီးကြကုန်သော အ္တရာယ်များလှသည့် တိရ္ဆာန်များထဲတွင် ကြွက်တို့၏ဘေးမှာ ထိတ်လန့်ဖွယ်ကောင်းလောက် အောင်ဖြစ်ပါသည်။ ပဲခင်း၊ စပါးခင်း၊ ပြောင်းခင်း၊ နေကြာခင်းတို့သာမက မီးဖိုချောင် သီးနှံများကိုပါ ဖျက်ဆီးစားသောက်ကြလေရာ တောင်သူတို့ အလွန်စိတ်ညစ်ရသည့် အ္တရာယ်များ ဖြစ်ရပါသည်။
အထက်ပါ ဘေးအ္တရာယ်မျိုးစုံတို့၏ရန်ကို ထိထိရောက်ရောက် ကာကွယ်နိုင်မှသာ တောင်သူတို့လည်းဝင်ငွေတိုး နိုင်ငံသားတို့လည်း ချောင်လည်ပါလိမ့်မည်။
သဘာ၀ဘေးဟူသည် တားဆီးရန် လွယ်လှသည် မဟုတ်သော်လည်း တတ်အားသမျှကြိုးစားကာကွယ်ကြရန် လိုပါမည်။ စိုက်ခင်းများတွင် လေကာပင်များ စိုက်ပျိုးပေးခြင်း၊ လိုအပ်သလို တမံတုတ်ခြင်း၊ လယ်ကြား မြောင်းများဖော်ခြင်း စသည်တို့ဖြင့် လေပြင်းနှင့် ရေကြီးနစ်မြုပ်မှုကို အတော်အသင့်ကာကွယ်နိုင်မည် ဖြစ်ပါသည်။
ပိုးမွှားအ္တရာယ်အတွက် သဘာ၀နည်း၊ ဓာတုနည်းတို့ဖြင့် ကာကွယ် ဆေးကုသဆေးများပေါ်ပေါက်နေပြီဖြစ်ရာ သက်ဆိုင်ရာက အမှန်အကန် ဖြစ်အောင် စိစစ်ပေးခြင်း၊ သုံးစွဲရာတွင် စနစ်တကျဖြစ်အောင် ပညာပေး ခြင်း၊ ကူညီထိန်းကွပ်ပေးခြင်းတို့ဖြင့် သက်သာအောင် ဆောင်ရွက်နိုင်မည် ဟုမြင်ပါသည်။
တိရ္ဆာန်တို့၏ အန္တရာယ် များအတွက်မူ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းစုံကို ပြင်ဆင်စီမံသင့်ပါသည်။ သက်ဆိုင်ရာတို့က ကူညီပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ပညာပေးခြင်းတို့လိုအပ်ပါမည်။ ကြွက်များ ခိုအောင်းနိုင်သည့် ချုံများ၊ ရိုးပြတ်များကို ရှင်းလင်းခြင်း၊ ဆေးဝါးများ၏ အကူအညီဖြင့်ဖြစ်စေ၊ လူအားဖြင့်ဖြစ်စေ ရှာဖွေရှင်းလင်းခြင်း၊ ကြွက်နှင့် အဖျက်တိရ္ဆာန်များကို သဘာ၀အားဖြင့် ရှင်းလင်းပေးသည့် လင်ကောင် ပိုးငှက်များ၊ လင်းမြွေများ စသည်တို့ကို သီးနှံကွင်းများတွင် ကျက်စားစေ ခြင်းတို့က ထိရောက်သော ကာကွယ်မှုများဖြစ်ပါမည်။ လင်းမြွေများကို အစုအဝေးနှင့် သတ်ဖြတ်စားသုံးခြင်း၊ ပြည်ပသို့ တရားမဝင်ပို့ခြင်း၊ လင်ကောင်ပိုးလိုငှက်များကို ငှက်ဆိုးအဖြစ် အယူသီးကာသတ်ဖြတ်ကြ ခြင်းတို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် ကြွက်နှင့် အချို့ သော တိရ္ဆာန်တို့၏ အန္တရာယ် များက ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။
စိုက်ပျိုးသီးနှံထွက်ရေးကို အန္တရာယ် ပြုနေသည့် ဘေးအမျိုးမျိုးကို ရင်ဆိုင်နေရသည့် အခြေအနေတွင် ကြိုတင်ကာကွယ်ရေးနည်းစနစ်များ ကို သက်ဆိုင်ရာက စနစ်တကျပြင်ဆင်ခြင်း၊ စီမံခန့်ခွဲကူညီပေးခြင်းတို့ ဖြင့် တောင်သူများ၏ အထွေထွေအခက်အခဲများ ကျော်လွှားနိုင်မည်၊ နိုင်ငံ့ဝင်ငွေတိုးရေးကိုလည်း အားဖြည့်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment