Friday, May 24, 2019

မိုးကြို၊ မိုးဦးကာလနှင့် မိုးကြိုးအန္တရာယ်


မြန်မာ့အလင်းအယ်ဒီတာအာဘော်


မြန်မာနိုင်ငံ၏ ဒေသအနှံ့အပြားတွင် နေ့အပူချိန်များ မြင့်တက်နေခြင်းနှင့် အတူ မိုးကြိုကာလ၏ တစ်နေ့တာ မိုးလေ၀သလှုပ်ရှားပြောင်းလဲမှုများ ကလည်း နေ့စဉ်မပြတ် ဖြစ်ပေါ်နေသည်။ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ် ချုန်းရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း စသည့်ဖြစ်စဉ်များကြောင့် လူနေ ရပ်ရွာများတွင် အဆောက်အဦပျက်စီးမှုများ၊ သစ်ပင်လဲကျခြင်း၊ ဓာတ်အားလိုင်းတိုင်များနှင့် ဆက်သွယ်ရေးတိုင်များ ထိခိုက်ပျက်စီးခြင်း၊ ကျွဲ နွား တိရ္ဆာန်နှင့် လူတို့ ထိခိုက်ဒဏ်ရာရသေဆုံးခြင်းတို့မှာ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိသည်။


ယခုရက်ပိုင်းအတွင်းမှာပင် မိုးကြိုးပစ်မှုကြောင့် အသက်ဆုံးရှုံးမှုများရှိလာပြီဖြစ်ရာ မိုးကြိုးအ္တရာယ်မှ ရှောင်ရှားနိုင်ရေး အတွက် ဂရုပြုကြရန် နှိုးဆော်လိုသည်။ အထူးသဖြင့် ကျေးလက်ဒေသနေ ပြည်သူများမှာ လယ်ကွင်း၊ လွင်တီးခေါင်များနှင့် အင်းကဲ့သို့သော ရေပြင် ကျယ်နေရာ ဒေသများမှာ နေထိုင်လုပ်ကိုင်အသက်မွေးကြရသူများ ဖြစ်သဖြင့် မိုးကြိုး၏ သဘောသဘာ၀ကို သိထားသင့်ကြသည်။
မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည်တို့မှာ မိုးကြိုကာလ၊ မိုးဦးကာလတို့တွင် အဖြစ်များကြသည်။


ယင်းသို့သော ကာလတွင် မိုးတိမ်၏အောက်ခြေတွင် လျှပ်စစ်အမဓာတ်များ ဖြစ်ပေါ် စုဝေးလာကြပြီး တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ လျှပ်စစ်အဖိုဓာတ်များ ဖြစ်ပေါ်စုဝေးလာကြကာ ရင်ဆိုင်မိကြသည်။ မိုးသက်လေပြင်းတိုက်ခတ် ခြင်းကြောင့် မိုးတိမ်များရွေ့လျားကြသည့်အခါ မိုးတိမ်တိုက်၏ အောက်ခြေ တွင် စုဝေးနေသော လျှပ်စစ်အမဓာတ်များက မိုးကောင်းကင်မှ ရွေ့လျား ကြပြီး မြေပြင်မှ လျှပ်စစ်ဓာတ်ဖိုများကလည်း မြေပြင်မှ လိုက်ပါရွေ့လျား သွားကြသည်။ ယင်းသို့ ရွေ့လျားကြရင်း ဓာတ်ဖိုများသည် မြေပြင်ပေါ်ရှိ မြင့်သောအရာဝတ္ထုများဖြစ်သည့် ဓာတ်တိုင်၊ အလံတိုင်များ၊ သစ်ပင်များ၊ အဆောက်အအုံများ စသည်တို့၏ ထိပ်ဆုံးများပေါ်အထိ တက်ရောက် လာကြပြီး စုဝေးမိသည့်အခါ လျှပ်စစ်ဓာတ် အဖိုနှင့် အမတို့ ခုန်ကူး ပေါင်းစပ်ကြသည်။ ဤသို့ဖြစ်သည့် ဖြစ်စဉ်သည်ပင် မိုးကြိုးပစ်ခြင်း ဖြစ်သည်။


သို့ဖြစ်သည့်အလျောက် မိုးကြိုကာလ၊ မိုးဦးကျနှင့် ရာသီဥတု ဖောက်ပြန်သည့်ကာလများတွင် မိုးကြိုးပစ်သည့်ဖြစ်စဉ်များ အဖြစ်များပြီး မြင့်မားသည့် အဆောက်အအုံများ၊ သစ်ပင်မြင့်ကြီးများ၊ ထိုးထိုး ထောင်ထောင်တည်ရှိနေသည့် အရာဝတ္ထုများမှာ မိုးကြိုးပစ်ခံရမည့် အန္တရာယ် နှင့် အလွန်နီးစပ်သည်။ လယ်ကွင်းကျယ်၊ ရေပြင်ကျယ်တို့တွင် တည်ရှိနေသော လယ်တဲ၊ သစ်ပင်၊ ကျွဲ၊ နွား၊ လှေ၊ သင်္ဘော၊ လူ စသည် တို့မှာ လျှပ်စစ်ဓာတ်ဖိုနှင့် ဓာတ်မတို့ ခုန်ကူးသည့် ဗဟိုချက်အဖြစ်နှင့် မိုးကြိုးပစ်ခံရနိုင်သည့် အန္တရာယ် ကြီးမားသည်။


မိုးကြိုးပစ်သည့်အချိန်တွင် လျှပ်စီးအင်အား အမ်ပီယာ သုံးသောင်းခန့်မှ နှစ်သိန်းခန့်အထိ ဖြစ်ပေါ်နိုင် ခြင်းကြောင့် မိုးကြိုးလျှပ်စီး၏ အင်အားမှာ ကြောက်ခမန်းလိလိ ကြီးမား လှသည့်အလျောက် အဆောက်အအုံများကို မိုးကြိုးအန္တရာယ် မှ ကာကွယ် ရန် ကောင်းကင်မြေစိုက်ကြိုးများ၊ မိုးကြိုးလွှဲများကို ပညာရှင်များနှင့် စနစ်တကျ တပ်ဆင်ထားကြရမည်ဖြစ်သည်။


မိမိနေအိမ်ဒေသအနီးတစ်ဝိုက် ထစ်ချုန်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်နေပြီဆိုလျှင် မိုးကြိုးသည်လည်း နောက်ဆက်တွဲပါလာနိုင်ခြင်းကြောင့် ယင်းအချိန်တွင် ရေသုံးစွဲခြင်း၊ ရေချိုးခြင်း၊ တယ်လီဖုန်းအသုံးပြု ခြင်းတို့ကို ရှောင်ရှားရန်၊ သံထည် သတ္တုထည်ပစ္စည်းများ၊ လျှပ်စစ် အသုံးအဆောင်ပစ္စည်းများ အသုံးမပြုရန်၊ မီးခလုတ်၊ မီးပလပ်များ ပိတ်ထား ဖြုတ်ထားရန် ၊ အိမ်အပြင်တွင်ရှိနေသူများ မိုးကြိုးအ္တရာယ် ရှိချိန်တွင် အဆောက်အအုံ/အိမ်အတွင်းဝင်ရန်၊ ကွင်းပြင်၊ သစ်တော တို့ထဲတွင် ရောက်ရှိနေပါက အနိမ့်ပိုင်းနေရာများတွင် အကာအကွယ် ယူရန်၊ လျှပ်စစ်ဆွဲအားကြောင့် ဆံပင်များထောင်လာသည်ဟု ခံစားရ ပါက ဒူးပေါ်လက်ယှက်တင်၍ ပုဆစ်တုတ်ထိုင်ချရန် စသည့်အချက်အလက် များကို မှတ်သားလေ့လာ လိုက်နာကျင့်သုံးသင့်ကြခြင်းအားဖြင့် မိုးကြိုး အန္တရာယ် မှ ကာကွယ်နိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment