Monday, May 6, 2019

သဘာ၀ဘေးအတွက် ကြိုတင်ပြင်ဆင်



Image may contain: text


ယခုကာလတွင်   မြန်မာနိုင်ငံအတွင်းရှိ   အချို့ဒေသများတွင်  နေရာ အနှံ့အပြား၊  အချို့ဒေသများတွင်  နေရာစိပ်စိပ်၊  အချို့ဒေသများတွင် နေရာကျဲကျဲ၊ အချို့နေရာဒေသများတွင် နေရာကွက်၍ မိုးရွာသွန်းနေ သည်ကို တွေ့ရပါ သည်။ ရွာသွန်းသည့်မိုးသည် များများစားစားတော့မဟုတ်၊ ခဏတစ်ဖြုတ် မစို့မပို့ရွာသည်။ နေရာဒေသအချို့တွင် အပူလွန်ကဲသဖြင့် မိုးခေါ်လွန်ဆွဲပွဲများ ဆင်နွှဲနေကြသည်။

ယခုရွာသွန်းဖြိုးသောမိုးသည် မိုးရာသီကာလ၌ ပုံမှန်ရွာသွန်းနေကျ မုတ်သုံမိုးမဟုတ်၊   ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုအချို့ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ဧပြီ၊ မေလများသည် ပူပြင်းသော နွေရာသီကာလများ ဖြစ်သည်။   ရွာသီဥတုပူပြင်းလွန်းသဖြင့်   မိုးဖြစ်စေသည့်   မုန်တိုင်းကို မမျှော်ကောင်းမျှော်ကောင်း မျှော်ခဲ့ကြသည်။

အလွန့်အလွန်အားကောင်းသောမုန်တိုင်းမှာ    အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မွှေနှောက်ပြီး အားလျော့ကာ မုန်တိုင်းငယ်မှ လေဖိအားနည်းရပ်ဝန်းအဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား မည်ဖြစ်သည်။  မုန်တိုင်းဒဏ်ကြောင့်   အိန္ဒိယနှင့်   ဘင်္ဂလားဒေ့ရှ်တွင် ထိခိုက်ပျက်စီးမှုများနှင့် လူအနည်းငယ်သေဆုံးမှု ဖြစ်ခဲ့သည်။ ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်မှုကြောင့်    အင်အားမည်မျှကြီးသည်ဖြစ်စေ လူအသေအပျောက် အထိအခိုက်နည်းအောင် ဆောင်ရွက်နိုင်ခဲ့သည်။

မုန်တိုင်းဒဏ်မခံရသည့်  မြန်မာနိုင်ငံအဖို့ မုန်တိုင်းကင်းသည်ဟူ၍  မမှတ်ယူအပ်ချေ။ ဖန်နီမုန်တိုင်းသည် ယခုရာသီ၌ ဘင်္ဂလားပင်လယ်အော် တွင် ပထမဆုံးပေါ်ပေါက်ခဲ့သည့် မုန်တိုင်းဖြစ်သည်။ နောက်ရာသီကာလ များသည် နွေရာသီကာလပင်ရှိသေးသောကြောင့် မုန်တိုင်းမိုးပြီးသည့် နောက် အပူရှိန်ပြင်းထန်ပေလိမ့်ဦးမည်။ မြန်မာနိုင်ငံအဖို့ မုန်တိုင်းဒဏ်မခံရသည်ဆိုသော်ငြားလည်း    အပူရှိန်ဒဏ်၊   အခြားမုန်တိုင်းများ၏ အဖျားခတ်ဒဏ် စသည်တို့ကို သတိထားရမည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းသည် ထိခိုက်ပျက်စီးဆုံးရှုံးမှုကို လျော့ပါး သက်သာစေသဖြင့် ဖြစ်ပေါ်လာနိုင်သော ရာသီဥတုပြောင်းလဲမှု၏ အကျိုး ဆက်များကို သတိမူရမည်ဖြစ်သည်။ အပူဒဏ်ကာကွယ်ရေးကို ဆက်လက် သတိပြုရမည်ဖြစ်သည်။  ပူအိုက်သောကာလတွင်  ဖြစ်ပွားတတ်သည့် ရောဂါများကို သတိထားရမည်ဖြစ်သည်။ ယခုကာလသည် ရာသီဥတုအပြောင်းအလဲအမြန်ဆုံးဖြစ်ပေါ်နေသောကာလဖြစ်၍ မိုးလေ၀သသတင်း များကို စဉ်ဆက်မပြတ် ကြည့်ရှုနားထောင်ပြီး သက်ဆိုင်ရာဌာနအသီးသီးမှ ထုတ်ပြန်သော အကြံပြုချက်များကို လိုက်နာရမည့်အပြင် အခြားသူများ ကိုလည်း မျှဝေပေးရမည်ဖြစ်သည်။

မြန်မာနိုင်ငံအထက်ပိုင်းနေပြည်သူများအဖို့ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းများကို    သတိထားရမည်ဖြစ်သည်။    တောင်ပေါ်ဒေသ ချောင်းဖျား၊   မြစ်ဖျားများတွင်   မိုးကြီးပါက   မြစ်ဝှမ်းဒေသများတွင် လျှပ်တစ်ပြက် ရေကြီးနိုင်သည်ကို သတိထားရမည်ဖြစ်သည်။ ထိုဒေသ များတွင်  ဘေးလွတ်ရာနှင့်  အရေးပေါ်သုံးပစ္စည်း၊  စားနပ်ရိက္ခာတို့ကို အသင့်ပြင်ထားရမည်ဖြစ်သည်။ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး၊   တိရစ္ဆာန်များနှင့်  ဘေးအန္တရာယ် မဖြစ်စေရေး စသည်တို့ကို သတိထား၍ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ ပြည်သူလူထုအများစုမှာ မိမိတို့ဘ၀ ရှင်သန်ရပ်တည် နိုင်ရေးအတွက် ကြိုးပမ်းရုန်းကန်နေရသဖြင့် သဘာ၀ဘေးအန္တရာယ်နှင့် ပတ်သက်၍ အမှုမဲ့အမှတ်မဲ့ နေထိုင်တတ်ကြရာ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက ပြည်သူများ ဘေးကင်းလုံခြုံ ရေးအတွက် စဉ်ဆက်မပြတ်အသိပေးနှိုးဆော်ရမည်ဖြစ်သည်။ အရေးပေါ် ဖြစ်ပေါ်လာပါကလည်း အလျင်အမြန် ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်  အသင့်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ယခုကဲ့သို့ ရာသီဥတုဖောက်ပြန်နေသော အချိန်ကာလတွင် သဘာ၀ဘေးအန္တရာယ်များမှာ အချိန်အခါမရွေး ရောက်ရှိလာနိုင်သည် ဖြစ်၍ အခြားနိုင်ငံများ၏ သဘာ၀ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ် ထားနိုင်ပုံကို နမူနာထား၍ မြန်မာနိုင်ငံတွင် သဘာ၀ဘေးအန္တရာယ်မှ လျော့ပါးသက်သာစေရေး   ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်  ဖြစ်ပါကြောင်း။   ။

No comments:

Post a Comment