Thursday, May 16, 2019

မရှိမဖြစ် လျှပ်စစ် စနစ်တကျ သုံးစွဲ





နိုင်ငံအတွင်း ဒေသအချို့တို့တွင် မိုးထစ်ချုန်းရွာသည်နှင့်အတူ နွေ အပူဒဏ်မှ အနည်းငယ်သက်သာမှုရကြသည်။ သို့ရာတွင် အယ်နီညိုဖြစ် စဉ်က ဩဂုတ်လအထိရှိနေဦးမည်ဟု မိုးလေ၀သသတင်းများက ဆိုထားရာ ယင်း၏ အကျိုးသက်ရောက်မှုက မိမိတို့နိုင်ငံကို မည်မျှရိုက်ခတ်နိုင်မည် နည်း။ နေအပူရှိန်မြင့်တက်မှုကို နောက်ထပ်မည်မျှခံစား ကြရဦးမည်နည်းဟူ သော မေးခွန်းများနှင့်အတူ မုတ်သုံမိုးကို မျှော်လင့်ကြသည်။ နွေကာလ တွင် အပူဒဏ်နှင့်အတူ ခံစားကြရသည်မှာ လျှပ်စစ်ဓာတ်အား အပြည့်အဝ မရကြသည့် ပြဿနာပင်ဖြစ်သည်။
အပူဒဏ်မှ သက်သာရန် အလို့ငှာ လေအေးပေးစက်၊ ပန်ကာစသည် တို့ကို ပိုမိုသုံးစွဲလာကြသလို ဓာတ်အားထုတ်လုပ်မှု အပိုင်းတွင်မူ မြန်မာ နိုင်ငံ၏ အဓိကဓာတ်အားအရင်းအမြစ်များဖြစ်သည့် ရေအားလျှပ်စစ် စက်ရုံများက ဓာတ်အားထုတ်လုပ်ရန် လုံလောက်သော ရေမရရှိခြင်း ကြောင့် ထုတ်လုပ်မှုလျှော့ချရခြင်းနှင့်အတူ ဖြန့်ဖြူးမှုအပိုင်းတွင် ဓာတ်အားကို ဒေသအလိုက် အလှည့်ကျဖြန့်ဖြူးနေရသည့် အခြေအနေ ဖြစ်ပေါ်ရသည်ဟု သိရသည်။
မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ လူတစ်ဦးချင်းသုံးစွဲမှုသည် တစ်နှစ်တာအတွင်း ကီလိုဝပ်နာရီ ၃၇၀ အထိရှိလာကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံအတွင်းရှိ အိမ်ထောင်စုများအားလုံး၏ ၄၄ ရာခိုင်နှုန်းအထိ ဓာတ်အားသုံးစွဲလာနိုင်ပြီဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ တတိယတစ်နှစ်တာ စွမ်းဆောင်မှုများနှင့် စပ်လျဉ်း၍ တင်ပြချက်များတွင် တေ့Gရှိရသည်။ လက်ရှိအချိန်ကာလသည် နွေကာလဖြစ်သည့်အတွက် ဓာတ်အားသုံးစွဲမှု အမြင့်ဆုံး ပမာဏဖြစ်ပြီး ၃၇၀၀ မဂ္ဂါဝပ်အထက်သို့ ရောက်ရှိနေကြောင်းလည်း သိရသည်။
နိုင်ငံအတွင်း လူနေမှုစနစ်မြင့်မားလာမှုနှင့်အတူ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမြင့်တက်လာသည်မှာလည်း သဘာ၀ကျသည်။ ထမင်းဟင်း ချက်ပြုတ်ခြင်း၊ အဝတ်လျှော်ခြင်း၊ မီးပူတိုက်ခြင်း၊ သားငါးဟင်းသီး ဟင်းရွက်နှင့် အစားအစာများသိုလှောင်သိမ်းဆည်းခြင်း အပါအဝင် နေ့စဉ်လူနေမှုဘ၀တွင် ဓာတ်အားသုံးစွဲမှုများ ပို၍ ပို၍ုမြင့်မားလာခြင်းက နိုင်ငံ၏ ဓာတ်အားထုတ်လုပ်နိုင်သည့် ပမာဏထက်များစွာ ပိုနေသည်ဟု လည်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကာလအတွင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀၀ ခန့် ပိုမိုသုံးစွဲခဲ့ရာ ၎င်းအရင်နှစ်ကထက် ၁၂ ရာခိုင်နှုန်းမြင့်တက် ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။ လူနေမှုမြင့်မားလာခြင်း၊ စက်မှု လက်မှုလုပ်ငန်းများ များပြားလာခြင်း၊ စက်မှုဇုန်များ ထူထောင်လာခြင်း စသည်တို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ဆက်လက်၍ မြင့်တက်နေဦးမည်သာ ဖြစ်သည်။
ယင်းသို့သော အခြေအနေတွင် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ရရှိနေ သူများအားလုံးတို့က ဂရုပြုကြရမည်မှာ ''လိုအပ်သည်ထက် ပိုမသုံးရေး''ပင် ဖြစ်သည်။ လူမရှိပါက အခန်းထဲမှ မီး၊ ပန်ကာ၊ လေအေးပေးစက် တို့ကို ပိတ်ထားခဲ့ရန်၊ ကြည့်ရှုနားထောင်ခြင်းမရှိပါက ရုပ်မြင်သံကြား စက်၊ ဆောင်းဘောက်စသည်တို့ကို ပိတ်ထားရန်စသည်ဖြင့် ဓာတ်အား သုံးစွဲမှုများကို မလိုဘဲမသုံးရန်၊ စည်းစနစ်တကျအသုံးပြုကြရန် လိုအပ် သည်။ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးရာ၌ ငွေကျပ်ဘီလီယံရာနှင့်ချီ၍ အရှုံးပမာဏကြီးမားစွာဖြင့် ဖြန့်ဖြူးပေးနေ ခြင်းဖြစ်ရာ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်ထပ်ဆယ်စု နှစ်များနှင့်ချီ၍ ကြိုးပမ်းနေကြရဦးမည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ အိမ် ထောင်စုအားလုံး၏ ထက်ဝက် ၅၀ ရာခိုင်နှုန်း မီးသုံးစွဲခွင့် ရရှိရေးနှင့် ရာနှုန်းပြည့် မီးသုံးစွဲခွင့်ရရှိရေးတို့အတွက် သက်ဆိုင်ရာတို့က ကြိုးပမ်း ရုန်းကန်နေကြချိန်တွင် လက်ရှိမီးသုံးစွဲခွင့် ရရှိထားသူတိုင်းက နားလည် မှုရှိစွာဖြင့် ပူးပေါင်းပါဝင်ကြရမည်သာ ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment