Thursday, May 16, 2019

ယနေ့ ကမ္ဘာ့ကကုန်စည်များထဲတွင် ရေနံပြီးပါက ကော်ဖီသည် ဒုတိယအဆင့် အရေးအပါဆုံးကုန်စည်တစ်ခုဖြစ် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံခြားဝင်ငွေပိုမိုရရှိလာပြီး အကျိုးဖြစ်ထွန်းလာမည်

Image may contain: 4 people, people smiling, people standing, people sitting and outdoor

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Myanmar Coffee Forum 2019 ဖွင့်ပွဲ တက်ရောက်


မန္တလေး မေ ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြီးမှူး ကျင်းပသည့် Myanmar Coffee Forum 2019 ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေး မြို့ရှိ Mercure Mandalay Hill Resort Hotel ၌ကျင်းပရာ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ မန္တလေး တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ မြို့တော်ဝန် ဒေါက်တာ ရဲလွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင် များ၊ ပြည်တွင်းပြည်ပမှ ကော်ဖီဆိုင်ရာ ပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပထမအကြိမ် Coffee Forum ကို ၂၀၁၇ ခုနှစ်
မေ ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး အဆိုပါ Coffee Forum မှ ထွက်ရှိလာသည့် ဖော်ထုတ်ချက်များကို အကောင် အထည်ဖော်ခဲ့ရာတွင် အောင်မြင်မှုများရှိသကဲ့သို့ လိုအပ်ချက် တချို့ရှိနေသေးသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခု Coffee Forum နှင့် ပြီးခဲ့သည့် Coffee Forum အကြား နှစ်နှစ်တာ ကာလအတွင်း ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြရာ အောင်မြင်မှုများရှိကြောင်းကို ထုတ်လုပ်မှု တိုးတက်လာခြင်း၊ ဈေးကွက်တစ်ခုဖြစ်ထွန်းလာခြင်းနှင့် တောင်သူများ နည်းပညာကောင်းများ အသုံးချလာနိုင်ခြင်းတို့ သည် မြင်သာသည့်အချက်များ ဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
ထိုသို့ ကော်ဖီကဏ္ဍတိုးတက်ဖွံ့ဖြိုးလာမှုကို အရှိန်အဟုန် မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရန် လက်ရှိကာလနှင့် လိုက်လျောညီထွေမှုရှိပြီး လိုအပ်ချက်များကို ထပ်မံဖြည့်ဆည်း အကောင်အထည်ဖော်နိုင်ရန်အတွက် ယခု Forum ကိုကျင်းပ ရခြင်း ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် ဒုတိယအကြိမ် Coffee Forum ကို မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိက ရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းဖြစ်ပြီး ရည်ရွယ်ချက် အောင်မြင်နိုင်ရေးအတွက် ဦးစီးဦးဆောင်ပြုနိုင်သည့် Coffee Board အဖွဲ့ဖွဲ့စည်းရေး၊ကော်ဖီအရည်အသွေး၊ ဈေးကွက်နှင့် ထိုက်သင့်သည့် ဈေးနှုန်းရရှိလာစေရေး၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်နေသူများအတွက် ချေးငွေနှင့်အရင်းအနှီးများရရှိနိုင်ရေးတို့ကို အဓိကထားပြီး ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကတို့ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
သင့်တင့်သည့်ဈေးနှုန်းများရရှိ
ယနေ့ကမ္ဘာ့ကကုန်စည်များထဲတွင် ရေနံပြီးပါက ကော်ဖီသည် ဒုတိယအဆင့် အရေးအပါဆုံးကုန်စည်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှထွက်ရှိသည့် ပြည်ပပို့ကုန် များအနက် ဆန်စပါး၊ ပဲမျိုးစုံတို့သည် အဓိကနိုင်ငံခြားငွေရှာဖွေ ပေးသည့် သီးနှံများဖြစ်သကဲ့သို့ ကော်ဖီသီးနှံသည်လည်း နိုင်ငံခြားဝင်ငွေရရှိသည့် တန်ဖိုးမြှင့်စက်မှုသီးနှံတစ်မျိုး ဖြစ်ပါ ကြောင်း၊ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံဒေသမှ ထွက်ရှိ သည့် မြန်မာ့အာရေဗီးကားကော်ဖီသည် ကမ္ဘာ့ကအဆင့်မီ (Spe- ciality Coffee)အဆင့် သတ်မှတ်ခံခဲ့ရပြီး ယခုအခါတွင် ကော်ဖီဈေးနှုန်းသည်လည်း သင့်တင့်သည့်ဈေးနှုန်းများ ရရှိ လာပြီဖြစ်သည့်အတွက် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ နိုင်ငံခြားဝင်ငွေပိုမိုရရှိလာပြီး မြန်မာ့ကော်ဖီ စိုက်တောင်သူများ၊ လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ အာရေဗီးကားကော်ဖီသာမက နိုင်ငံတွင်း တင်သွင်းနေသည့် Instant Coffee များနေရာတွင် သွင်းကုန် အစားထိုးနိုင်ပြီး စိုက်ပျိုးရန် ရာသီဥတုနှင့်မြေနေရာ အလား အလာရှိသည့် ရိုဘတ်စတာကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးကို လည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း။
လက်ရှိ မြန်မာနိုင်ငံ၏ကော်ဖီကဏ္ဍသည် ကော်ဖီစိုက်ပျိုး သည့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ထိုင်း၊ ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက Processing နည်းပညာ အားနည်းခြင်း၊ သတင်းအချက်အလက်ဖလှယ်မှု လိုအပ်ချက် များရှိနေခြင်းနှင့် ကော်ဖီသီးနှံဈေးကွက်ဝေစုရရှိမှုများ အားနည်း နေခြင်းတို့ကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသေးသည်ကို တွေ့ရှိရပါ ကြောင်း၊ မိမိတို့၏ ကော်ဖီကဏ္ဍတစ်ခုလုံးရေရှည်ဖွံ့ဖြိုး တိုးတက် လာစေလိုပါက နိုင်ငံတော်အစိုးရ၏ မူဝါဒများဆိုင်ရာရပ်တည် ချက်များနှင့်ပုဂ္ဂလိက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ပေါ်တွင် အတူတကွလက်တွဲ ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။
မိမိတို့၏ ကော်ဖီများကို အရည်အသွေးထိန်းသိမ်းထားနိုင် မည်ဆိုပါက သွင်းကုန် အစားထိုးကုန်ပစ္စည်းအဖြစ်သာမက မိမိတို့လုပ်နိုင်ပါက လုပ်နိုင်သလောက် ပြည်ပပို့ကုန်အဖြစ် ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ တိုးတက်လာစေရန်မှာလည်း မိမိတို့၏ကော်ဖီရပ်ဝန်းကြီး တစ်ခုလုံးနှင့် တိုက်ရိုက်၊ သွယ်ဝိုက်ဆက်နွှယ်ပတ်သက်နေသည့် ပြည်တွင်းဆိုင်ရာကိစ္စရပ်များ၊ ပြည်ပဆိုင်ရာကိစ္စရပ်များကို လေ့လာချိတ်ဆက်သုံးသပ်နိုင်ရန်နှင့် ပေါင်းစည်းပေးနိုင်ရန် အတွက် ဦးဆောင်ဦးရွက်ပြုကြမည့်ပုဂ္ဂိုလ်များ၏အားကို မဖြစ် မနေရယူရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လည်းယနေ့ Coffee Board အဖွဲ့ ဖွဲ့စည်းနိုင်ရေးကို ဦးစားပေးလုပ်ငန်းရပ်တစ်ခု အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊Coffee Board ဖွဲ့စည်းအကောင်အထည်ဖော်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီး ဌာန၊ မြန်မာနိုင်ငံကော်ဖီအသင်း၊ အခြားဆက်စပ်ဌာနများ ဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့မှ စတင်ဆောင်ရွက်စေလိုပါကြောင်း။
အပြန်အလှန်ဖလှယ်
အခြားအခက်အခဲတစ်ခုဖြစ်သည့် ရင်းနှီးငွေနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပမှ ချေးငွေရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေကြ စေလိုပါကြောင်း၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊အတွေ့အကြုံများ၊နည်းပညာများနှင့် ရလဒ်ကောင်းများ၊ အကြံဉာဏ် များကို ယခုဒုတိယအကြိမ်Coffee Forum တွင် အပြန်အလှန် ဖလှယ်ပြီး ကော်ဖီကဏ္ဍတိုးတက်ရေးအတွက် အလျင်အမြန် အထောက်အကူဖြစ်စေမည့် နည်းလမ်းများ ရရှိလာစေရန် ဆောင်ရွက်စေလိုပါကြောင်း၊ ဆောင်ရွက်နိုင်ကြမည်ဟုလည်း ယုံကြည်မျှော်လင့်ပါကြောင်း။
မြန်မာ့ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးရာ တွင် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ဝန်ကြီးဌာန မှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ အနာဂတ် ကော်ဖီဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရမည့် လုပ်ငန်းများ၊ လက်ရှိကော်ဖီဈေးကွက် အခြေအနေများ၊ ကော်ဖီစိုက်တောင်သူ များအတွက်ပံ့ပိုးပေးရန် လိုအပ်ချက်များအား ထည့်သွင်း ဆွေးနွေးကြပြီး စီးပွားရေးပညာရှင်များအနေဖြင့်လည်း တန်ဖိုး မြှင့်ထုတ်ကုန် (Coffee Value Added) အတွက် စီးပွားရေး ရှုထောင့်အမြင်များနှင့် အကြံပြုဆွေးနွေးကြစေလိုပါကြောင်း။
Coffee Board ဖွဲ့စည်းနိုင်သည့်အပြင် ယနေ့မိမိတို့ ကော်ဖီကဏ္ဍအတွက် လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင် မည့် နည်းလမ်းများကို ယနေ့ဖိုရမ်မှ ဖော်ထုတ်ရရှိမည်ဆိုပါက မိမိတို့နိုင်ငံ၏ ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာ သည့် လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ပြီဟု ပြောနိုင်ပြီဖြစ်ပါ ကြောင်း၊ ပါဝင်ပတ်သက်သူများအားလုံးအနေဖြင့်လည်း ရေရှည် ဖွံ့ဖြိုးနေမည့်အခြေအနေများရရှိစေရန် ဝိုင်းဝန်းဆွေးနွေး ပေါင်းစပ်ဆောင်ရွက်နိုင်စွမ်းရှိကြသည်ကိုလည်း ယုံကြည်ပါ ကြောင်း။
နိဂုံးချုပ်အနေဖြင့် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် ယခု Coffee Forum မှထွက်ပေါ်လာသည့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မြန်မာကော်ဖီအသင်းနှင့် အစုအဖွဲ့များ မှ ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်ပျိုးသူတောင်သူများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် အလေးအနက်တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ကော်ဖီကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် မှုဆိုင်ရာ Video Clip ကို ပြသသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက Coffee Cupping Competition နှင့် ပတ်သက်၍ Natural Category တွင် ဆုရရှိသူများအား လည်းကောင်း၊ မန္တလေး တိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က Washed Category တွင် ဆုရရှိသူများအား လည်းကောင်း၊ ဒုတိယ ဝန်ကြီး ဦးလှကျော်က Other Category တွင် ဆုရရှိသူများ အားလည်းကောင်း ဆုများချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဒုတိယသမ္မတသည် မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ရဲရမန်းရွာအနီးရှိ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင် ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ရဲရွာ တမံတည်ဆောက်ထားရှိမှု အခြေအနေများနှင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု
ယင်းနောက် ရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဦးဆောင်òန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ရဲရွာစက်ရုံအား နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားမှု အခြေအနေ၊ နှစ်အလိုက်ဓာတ်အားထုတ်လုပ်ခဲ့မှုအခြေအနေ၊ ဒီဇိုင်းသတ်မှတ်ချက်နှင့် အမှန်ဓာတ်အားထုတ်လုပ်မှု အခြေ အနေ၊ နှစ်အလိုက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေ များနှင့် လုံခြုံရေးနေရာချထားမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၉ ခုနှစ်အတွင်း အသစ်ပြီးစီးသည့် ဓာတ်အားပေးစက်ရုံများ အခြေ အနေ၊ နှစ်စဉ်လအလိုက် အမြင့်ဆုံးလျှပ်စစ်ထုတ်လုပ်မှု အခြေ အနေ၊ နှစ်စဉ်လအလိုက် ရေအားစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေများကို လည်းကောင်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးချစ်တိုးက ရေအားလျှပ်စစ်ရေလှောင်တမံများ တည်ဆောက် ပြီးစီးမှုအခြေအနေများနှင့် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ယခုနှစ် သည် မုတ်သုံရာသီ နောက်ကျပြီး အထွက်စောမည်ဟု သိရသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ရာတွင် ချိန်ဆဆောင်ရွက်သွားရန်၊ ရေအားဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းသည် ရာသီဥတုအခြေအနေ အပေါ် မူတည်၍ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အခြား သော နည်းလမ်းများဖြင့် သင့်တင့်သည့်ပမာဏဖြင့် ပေါင်းစပ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ယခုအချိန်တွင် တာဘိုင် နှစ်လုံးသာ လည်ပတ်လျက်ရှိရာ ကျန်တာဘိုင်နှစ်လုံး၏ ကြံ့ခိုင်မှု ကောင်းမွန်စေရေး ပြင်ဆင်မွမ်းမံခြင်းအား အချိန်မီဆောင်ရွက် သွားရန် မှာကြားသည်။
ဂုဏ်ပြုလက်ဆောင်ပေးအပ်
ယင်းနောက် ဒုတိယသမ္မတသည် ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် တမံတို့အား လှည့်လှည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်း များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။
ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၀၁- ၂၀၀၂ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ရေလှောင်တမံအချက်အလက် များအနေဖြင့် ကွန်ကရစ်တမံအမျိုးအစား အလျား ၂၂၆၄ပေ၊ အမြင့် ၄၃၃ ပေ ဖြစ်ကြောင်း၊ ရေလှောင်ကန်အတွင်းသို့ ရေဆင်း ဧရိယာ ၁၀၈၉၀ စတုရန်းမိုင်ဖြစ်ပြီး နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ၁၂၁ သိန်းဧကပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏမှာ ၂၁ သိန်းဧက ပေဖြစ်ကြောင်း၊ ရေပိုလွှဲမှာ ရေတံခါးမပါ ရေပိုလွှဲ (Ogee Type Ungated) အမျိုးအစားဖြစ်ပြီး အကျယ်အားဖြင့် ၄၄၈ ပေ ဖြစ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ အချက်အလက်များအနေဖြင့် စက်တပ်ဆင်အင်အား ၇၉၀ မဂ္ဂါဝပ်၊ တာဘိုင်အမျိုးအစားမှာ ဖရန်စစ်တာဘိုင်(ဒေါင်လိုက်) ဖြစ်ပြီး တစ်နှစ်ထုတ်လုပ်မှု ၃၅၅၀ ကီလိုဝပ်နာရီသန်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment