Saturday, May 25, 2019

ခေတ်ပြောင်း စနစ်ပြောင်းချိန်


မြန်မာ့အလင်းအယ်ဒီတာအာဘော်


ယနေ့ကာလသည် မိမိတို့နိုင်ငံတွင် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ ပြောင်းလဲတည်ဆောက်နေချိန်ဖြစ်သည်။ စင်စစ်အားဖြင့် ခေတ်ပြောင်း စနစ်ပြောင်းခြင်းဟုဆိုသော အပြောင်းအလဲများကို မဝေးကွာလှသေးသည့် အတိတ်ကာလဆယ်စုနှစ်များထဲတွင် မိမိတို့ တွေ့ကြုံခံစားခဲ့ကြရပြီးဖြစ်သည်။ ဥပမာအားဖြင့် ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးဟူသည်ကို ဆယ်စုနှစ်များနှင့်ချီ၍ ဆင်နွှဲခဲ့ကြရဖူးသည်။ ဆိုရှယ်လစ်ပန်းတိုင်ကိုသော်လည်းကောင်း၊ ဆိုရှယ်လစ်စနစ်၏ အသီး အပွင့်များဟူသည်တို့ကို သော်လည်းကောင်း မတွေ့ရ၊ မမြင်ရ၊ မခံစား ကြရဘဲ ခေတ်စနစ်တစ်ခု ပြိုကျပျက်စီးကာ နောက်ထပ်ခေတ်စနစ်တစ်ခု နှင့် တွေ့ကြုံကြရ၏။ ဤသို့လျှင် ခေတ်ပြောင်းစနစ်ပြောင်းများကို ပိတ်ကားပေါ် မှ အရိပ်ပြဇာတ်များသဖွယ် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားခဲ့ ကြသည်ကို ပြည်သူတို့က ကြည့်ငေးရုံမျှသာ ပါဝင်ခဲ့ကြရပြီး ခေတ်စနစ်၏ အမှားအယွင်းများနှင့် ဒဏ်ရာဒဏ်ချက်များကိုမူ နှစ်ပေါင်းများစွာ ခံစားခဲ့ ကြရသည့် အတွေ့အကြုံများက ရှိနှင့်ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် . . .
သည်တစ်ခါ ခေတ်ပြောင်းစနစ်ပြောင်းခြင်းက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးဖြစ်သည်။ ဒီမိုကရေစီစနစ်သည် နိုင်ငံသူနိုင်ငံသားများအတွင်း၊ မိမိတို့၏ လှူဘောင်အဖွဲ့အစည်းအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ တရားမျှတမှုရှိရေးအတွက်ဖြစ်ပြီး တိုင်းရင်းသားအားလုံး တန်းတူရည်တူ၊ အခွင့်အရေးတူညီမှုကို အခြေပြု၍ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားကြရမှာ ဖြစ်သည်။
]]မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်းသည် ခေတ်ဟောင်းစနစ်ဟောင်းကနေ ခေတ်သစ် စနစ်သစ်ကို ပြောင်းလဲလာခြင်းဖြစ်ပါကြောင်း၊ ထိုသို့ပြောင်းလဲရာတွင် လမ်းရိုးလမ်းဟောင်းမှ ခေတ်စနစ်နှင့်အညီ လမ်းသစ်ကိုထွင်ပြီး လုပ်ရမည် ဖြစ်ပါကြောင်း၊ ယခင်ကအတိုင်း အတွေးအခေါ် အပြုအမူများနှင့် ဆောင်ရွက်မည်ဆိုလျှင် ပြုပြင်ပြောင်းလဲမှု ခရီးမရောက်နိုင်ပါကြောင်း}} နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီ၊ ခရိုင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား မေ ၂၄ ရက်က တွေ့ဆုံလမ်းòန် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ကျော်ကာလအတွင်း ခေတ်စနစ်အပြောင်း အလဲများ မည်ကဲ့သို့ ကြုံခဲ့ကြရသည်ဟု ဆိုစေကာမူ စင်စစ်အားဖြင့် အဆိုပါ အပြောင်းအလဲများအားလုံးသည် ပြည်သူကို ဗဟိုပြုခဲ့သည် မဟုတ်။ နိုင်ငံတော်ကို ဖန်တီးပုံဖော်ရာတွင် ပြည်သူများ ပါဝင်ခွင့် ရခဲ့သည်မဟုတ်။ ပုံစံအမျိုးမျိုးသော ဗဟိုဦးစီးစနစ်များ၏အောက်တွင် အုပ်ချုပ်ခံ လူတန်းစားများအဖြစ်သာ နေထိုင်ခဲ့ကြရခြင်းဖြစ်ပြီး နိုင်ငံ့ ဝန်ထမ်းများဟူသည်မှာလည်း ထိုခေတ် ထိုစနစ်များကို အကောင်အထည် ဖော်ခဲ့ကြရခြင်းဖြစ်သည့်အလျောက် ပြည်သူတို့နှင့် ကင်းကွာခဲ့ကြသည်။ နိုင်ငံ့ဝန်ထမ်းဟူသည် ပြည်သူထဲမှ ပြည်သူများသာလျှင် ဖြစ်သည့် တိုင်အောင် ပြည်သူ့ဘ၀နှင့် ကင်းကွာကာ ပြည်သူကို ဖိစီးခြင်း၊ အာဏာ ပြခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်း စသည့် အမူအကျင့်ဆိုးများဖြင့် ရုံးပြင်ကနားတို့ကို ပြည်သူများ မဝင်ရဲ၊ မသွားရဲလောက်အောင်ပင် အကျင့်ပျက်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေ ခေတ်ပြောင်းစနစ်ပြောင်း အစိုးရအဖွဲ့ အပြောင်း အလဲတို့တွင် နိုင်ငံဝန်ထမ်းဟူသည် ခေတ်စနစ်နှင့်ညီအောင် ပြောင်းလဲ ကြရစမြဲ။ ပြည်သူတို့က ရွေးချယ်တင်မြှောက်သည့် ပြည်သူ့အစိုးရ ခေတ်တွင် နိုင်ငံ့ဝန်ထမ်းသည်လည်း ပြည်သှူအကျိုးစီးပွားကို ဦးတည် ဖော်ဆောင်သည့်၊ ပြည်သှူတာဝန်ကျေပွန်သည့် ဝန်ထမ်းများ၊ စည်းကမ်း လိုက်နာ၊ ကျင့်ဝတ်စောင့်ထိ်န်းသည့် ဝန်ထမ်းများအဖြစ် ခေတ်သမိုင်းကို ရေးထိုး ကြစေလိုပါကြောင်း။ ။

No comments:

Post a Comment