Friday, May 17, 2019

ပြည်သူတို့ဘ၀ လုံခြုံအေးချမ်းရေးသည် . . .


မြန်မာ့အလင်းအယ်ဒီတာအာဘော်


မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေက ဒီမိုကရေစီနှင့်လှူအခွင့်အရေး တိုးတက်မြင့်မားခိုင်မာဖို့အတွက် ရုန်းကန်နေရဆဲဖြစ်သလို၊ ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး၊ စီးပွားရေးအနေအထားသစ်တစ်ခု ဆီသို့ တိုးတက်ရောက်ရှိရေး၊ လူမျိုးမရွေး ဘာသာမရွေး၊ အသားအရောင် မရွေး၊ ကျားမ မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ တောနေမြို့နေ မရွေး နိုင်ငံသားပြည်သူတို့၏ နေ့စဉ်ဘ၀များ လွယ်ကူအဆင်ပြေရေး၊ ကာယ စိတ္တ အေးချမ်းလုံခြုံရေးတို့ကို လက်ရှိပြည်သှူအစိုးရနှင့် လွှတ်တော် အသီးသီးက ပြည်သှူကိုယ်စားလှယ်များ အားစိုက်ကြိုးပမ်းနေရသည့် အချိန်ဖြစ်သည်ဟု နားလည်ပါသည်။
သည်လိုအထဲတွင် ပြည်သှူဘ၀များ၏ လတ်တလောရင်ဆိုင် ဖြတ်သန်းနေရသည့် နေ့စဉ်လူမှုဘ၀ လွယ်ကူအေးချမ်းရေးရသင့်သော အခြေခံလှူအခွင့်အရေးကို ရရှိနိုင်ရေးတို့၏ အဓိကသော့ချက်တစ်ခုမှာ ဥပဒေစိုးမိုးရေးဖြစ်ပါသည်။


ဥပဒေစိုးမိုးရေးဆိုသည်မှာ ဥပဒေများကို ပြဋ္ဌာန်းရေးဆွဲခြင်း၊ ခေတ်စနစ်၊ ပြည်သှူလိုအပ်ချက်တို့နှင့်အညီ လိုအပ်သလို ပြင်ဆင်ပြုပြင် ရေးသားခြင်းတို့သာမက ဥပဒေအတိုင်း ခိုင်ခိုင်မာမာဖြစ်စေရေး၊ အဂတိ ကင်းစင်ကာ မည်သူမျှ အခွင့်ထူးခံမရှိဘဲ၊ မည်သူမျှ ချိုးနှိမ်ခံရမှုမရှိဘဲ ဥပဒေအတိုင်း အကာအကွယ်ပေးနိုင်ရေးတို့က အလွန်ပင် အရေးကြီး ပါသည်။
တရားဥပဒေရေးတွင်ဖြစ်စေ၊ ရဲ အစရှိသည့် ဥပဒေဘက်တော်သားတို့ ဖြစ်စေ ၎င်းတို့၏ တာဝန်ကျေပွန်မှု၊ မှန်မှန်ကန်ကန် ရပ်တည်မှု၊ စနစ်တကျ ကိုင်တွယ်မှုတို့သည် ပြည်သူလူထုက အားကိုးယုံကြည်မှုကို ဖြစ်ပေါ်စေ မည်ဟု ယုံကြည်ပါသည်။


ထိုအင်အားစုများအပေါ် ပြည်သူလူထု၏ ယုံကြည်အားကိုးမှုရှိခြင်းက ပြည်သူတို့ကို စောင့်ရှောက်ခြင်းပင်ဖြစ်ပါမည်။ ဒီထက်ဆိုရလျှင်မူ လောကကို စောင့်ရှောက်ခြင်း တစ်စိတ်တစ်ပိုင်းပင် ဖြစ်မည်ဟု ထင်မြင် ပါသည်။ နိုင်ငံသားတို့က တရားစီရင်ရေး၊ ဥပဒေရေး၊ ရဲအစရှိသည့် လူထုကို ကာကွယ်စောင့်ရှောက်မည့် အဖွဲ့အစည်းများ၊ အင်အားများကို ယုံကြည်ပါမှ၊ တရားဥပဒေ၏ အရိပ်အောက်တွင် အားလုံးတန်းတူညီမျှ နေကြရသည်ဟု ယုံကြည်ပါမှ လောကကို စောင့်ရှောက်ရာ၊ တစ်နည်း အားဖြင့် ပြည်သူတို့၏ ကာယစိတ္တ လုံခြုံအေးချမ်းမှုကို စောင့်ရှောက်ရာ ရောက်မည်ဖြစ်ပါသည်။
ဒီလို လုံခြုံအေးချမ်းသည့် လူမှုအဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ရေး သည် နိုင်ငံတည်ဆောက်နေသူတို့အဖို့ အဓိကအကျဆုံးသော လုပ်ငန်းစဉ် ဟုပင် ဆိုနိုင်လောက်ပါသည်။ ဤသို့သော လုံခြုံအေးချမ်းသည့် လူမှု အဖွဲ့အစည်းအဖြစ် ပေါ်ပေါက်တည်တံ့နိုင်ရေးဟူသည် တာဝန်ရှိသူတို့၏ ဥပဒေအပေါ် အလေးအနက်ထားစောင့်ရှောက်မှု၊ ထိရောက်ပြတ်သား သည့် အရေးယူဆောင်ရွက်မှု၊ အဂတိကင်းမှု၊ ပြဋ္ဌာန်းထားသည့် ဥပဒေ များကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းဝင်နားလည်မှုတို့အပေါ်တွင် များစွာတည်မှီ နေပါသည်။


လမ်းဖြတ်ကူးသည်မှအစ၊ ကားမောင်းရသည်မှ အစ၊ ဘတ်စ်ကား စီးသည်မှအစ၊ ကိုယ့်အရပ်ထဲကိုယ် လမ်းလျှောက်ရင်း ခွေးကိုက်မည်လား၊ လူရိုက်မည်လား စိတ်ပူနေရသည်မှအစ၊ မိမိယုံကြည်ကိုးကွယ်ရာ ဘုရား သွား၊ ကျောင်းတက် စိတ်အေးချမ်းသာစွာ ဝတ်ပြုနိုင်ရေးမှအစ၊ စား သောက်ချက်ပြုတ်ရသည့် အသားငါးအသီးအရွက်တို့၏ လတ်ဆတ်မှု စိတ်ချရမှုမှအစ အစစသော နေ့စဉ်လှုပ်ရှားမှုများတွင် ကိုယ်စိတ်နှစ်ပါး လုံခြုံအေးချမ်းသည့် ဘ၀များရရှိကာ နေထိုင်ရှင်သန်ကြရေးသည် ဥပဒေစိုးမိုးရေးတာဝန်ရှိသူတို့က အထူးအလေးအနက်ထားကာ ထိထိ ရောက်ရောက် ဆောင်ရွက်ကြခြင်းဖြင့် ရရှိနိုင်ကြမည်ဟု မျှော်လင့်ရပါ ကြောင်း။ ။

No comments:

Post a Comment