Wednesday, May 1, 2019

အလုပ်သမားများ၏ဘ၀ တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရက အလေးပေးဆောင်ရွက်




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ
အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွာ
(၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်)

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

ယနေ့ကျရောက်သည့် အလုပ်သမားနေ့အခါသမယမှာ ပြည်ပနိုင်ငံအသီးသီး၌ ရောက်ရှိနေကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် မြန်မာအလုပ်သမားထုတစ်ရပ်လုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း ပြည့်၀ပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ၊ လုပ်ငန်းခွင်အေးချမ်းသာယာပြီး လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါသည်။

က္ဘာတစ်ဝန်းရှိ အလုပ်သမားများကို အလေးထားဂုဏ်ပြုသည့်အနေဖြင့် ပေါ်ပေါက်ခဲ့သော အလုပ်သမားနေ့ သည် ခေတ်အဆက်ဆက် ရှည်လျားသည့် သမိုင်းကြောင်းနှင့်အတူ ကျော်ဖြတ်ခဲ့ရခြင်းဖြစ်ပါသည်။ စက်မှုတော်လှန် ရေးအဆက်ဆက်တွင် အလုပ်သမားများအနေနှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ လိုလားချက်များကို အခက် အခဲမျိုးစုံကြားမှ တောင်းဆိုရယူနိုင်ခဲ့ကြပါသည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံအပါအဝင် က္ဘာတစ်ဝန်းမှ အလုပ် သမားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများသည် ယခင်ကထက် ပိုမိုတိုးတက်ရရှိနေကြောင်း တွေ့မြင်နိုင်ပါသည်။ ယခုကဲ့သို့ တိုးတက်မှုများ ဖြစ်ပေါ်လာရန် စိတ်ထား ကောင်းနှင့် ဦးဆောင်ဦးရွက်ပြုခဲ့သည့် အလုပ်သမားများကို လေးစားအသိအမှတ်ပြုအပ်ပါသည်။ အလုပ်သမားများ ရသင့်ရထိုက်သည့်  အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းနေသည့်နိုင်ငံဖြစ်ပြီး ပြည်တွင်းမှာသာမက နိုင်ငံတကာ မျက်နှာစာတွင်ပါ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေးအတွက် ပြည်သူလူထု အားသာမက ပြည်တွင်းပြည်ပ မိတ်ဖက်များ၏ အကူအညီများကို ရယူဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်အနေဖြင့် ပြည်သူအများ ဆန္ဒပြင်းပြမျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မျက်ခြည်ပြတ်မခံဘဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူထဲက ပြည်သူဖြစ်သည့် အလုပ်သမားများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြပြီး ကြုံတွေ့ရသည့် အခက်အခဲများကို ဥပဒေနှင့်အညီ စေ့စပ်ညှိနှိုင်းဆွေးနွေးဖြေရှင်းကြရမည် ဖြစ်ပါသည်။

လုပ်သားအားလုံး၏ ထုတ်လုပ်နိုင်မှုစွမ်းအားကို အသုံးချ

နိုင်ငံတော်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို အခြေခံပြီး ချမှတ်ထားရှိသော မြန်မာနိုင်ငံရေရှည် တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)တွင်လည်း (၂၁)ရာစု လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်များနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ပန်းတိုင်သတ်မှတ်ထား ရှိပြီး ရွှေ့ပြောင်းလုပ်သားအပါအဝင် လုပ်သားအားလုံး၏ ထုတ်လုပ်နိုင်မှုစွမ်းအားကို အသုံးချရေးနှင့် အလုပ်သမား အခွင့်အရေးကို ကာကွယ်ပေးရေးဟူ၍ မဟာဗျူဟာ ထည့်သွင်းသတ်မှတ်ကာ အလုပ်သမားများဘ၀ သာယာရေး အတွက် လုပ်ငန်းစဉ်များကိုလည်း ဦးစားပေးလုပ်ငန်းစဉ်များထဲတွင် ထည့်သွင်းချမှတ် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းစဉ်များအရ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး အလုပ်ရှာဖွေ နေသူများ အလုပ်အကိုင်ရရှိရေးအတွက် ဝန်ဆောင်မှုအပြည့်အဝပေးရေး၊ လိုအပ်သည့်ကျွမ်းကျင်မှုသင်တန်းများ ပေးရေး၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရေး၊ လုပ်ငန်းခွင်ဝင်ရောက်စဉ် လုပ်ခလစာများ ပုံမှန် ရရှိရေး၊ ခွင့်ရက်အလုပ်ပိတ်ရက်များ ခံစားရရှိရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လုပ်ငန်း ခွင်တည်ငြိမ်အေးချမ်းသာယာပြီး လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို အာမခံအလုပ်သမားများမှ ရရှိခံစားနိုင်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ ဖြစ်ပေါ် လာပါက တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဖြေရှင်းရေး စသည့် လုပ်ငန်းရပ်များအား အလေးထားဆောင်ရွက် ပေးလျက်ရှိပါသည်။

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

အလုပ်လုပ်ကိုင်လိုသူတိုင်း အလုပ်အကိုင်ရရှိနိုင်စေရန် နိုင်ငံတော်၏ စီမံကိန်းများနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ၊ အလုပ်အကိုင်မူဝါဒ၊ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊ နိုင်ငံအဝန်းအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ Mobile Team များ၊ One Stop Service များ ဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်းတို့ဖြင့် စီစဉ်ပေးလျက်ရှိပါသည်။

ထို့အပြင် ပြည်ပအလုပ်အကိုင် ရရှိစေရန်အတွက် မူဝါဒချမှတ်ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ရွှေ့ပြောင်း လုပ်သားများနှင့်စပ်လျဉ်း၍လည်း အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂)ကို ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပါသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကာကွယ်စောင့်ရှောက်

အလားတူ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို   ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများတွင် အလုပ်သမားသံအရာရှိများ ခန့်အပ်ပြီး သက်ဆိုင်ရာ မြန်မာသံရုံးများနှင့်ပူးပေါင်းကာ ဖြေရှင်းပေးလျက်ရှိပါသည်။ ထို့အပြင် ပြည်တွင်းရွေ့ပြောင်းလုပ်သားများအတွက်ကိုလည်း ILOIOM  အကူအညီ များနှင့် ထောက်ပံ့ကူညီရေးဗဟိုဌာနများ ဖွင့်လှစ်ထားပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။

ရုပ်မြင်သံကြားနှင့် သတင်းမီဒီယာများမှ အသိပညာပေး အစီအစဉ်များ ထုတ်လွှင့်ခြင်း၊ ပြည်ပအလုပ်အကိုင် အတွက် ကျင့်ဝတ်နှင့်အညီ အလုပ်သမားစုဆောင်းရန်နှင့် ဥပဒေနှင့် ညီညွတ်စေရန် ကြပ်မတ်ခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်း၊ နေရပ်ပြန်လုပ်သားများဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းပေါင်းစပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ခေတ်ကာလနှင့်အညီ အလုပ်သမားများ၏ ကျွမ်းကျင်မှုသည် အထူးအရေးပါလာသောကြောင့် နိုင်ငံတော် အနေဖြင့် ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ရေးဆိုင်ရာ ကိစ္စရပ်များအား အလေးထားဆောင်ရွက်ပေးလျက် ရှိသကဲ့သို့  ဈေးကွက်မှတောင်းဆိုနေသည့်  ကျွမ်းကျင်လုပ်သားများဖြစ်စေရန်၊  အလုပ်သမားများကိုယ်တိုင်က အားထုတ်ရန်လည်း လိုအပ်ပါသည်။

အလုပ်ရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးသောကြောင့် ကျွမ်းကျင်မှု ရန်ပုံငွေထူထောင် နိုင်ရန်အတွက် တည်ဆဲအလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ကိုလည်း အသိပေးအပ်ပါသည်။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် လုပ်ငန်းခွင်များ ဘေးကင်းလုံခြုံစေရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ အသစ်ကိုလည်း ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို အလုပ်သမားများ ပိုမိုရရှိခံစားနိုင်စေရန်အတွက် ဝန်ဆောင်မှုများတိုးချဲ့ ခြင်းနှင့် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့နိုင်ရေးတို့အတွက် ပြုပြင်ပြောင်းလဲခြင်းများကို အရှိန်မြှင့်ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ရေးအတွက်ကိုလည်း အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) များကို  လုပ်ငန်းခွင်တိုင်းတွင် အလုပ်ရှင်၊ အလုပ်သမားများမှ ညှိနှိုင်းဖွဲ့စည်းရေးကိစ္စရပ်များ နှင့် အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း  စနစ်တကျ ကြိုးပမ်းစီမံပေးလျက်ရှိပါသည်။

နိုင်ငံခြားသားအလုပ်သမားဥပဒေရေးဆွဲ

နိုင်ငံတော်အနေဖြင့် အလုပ်သမားများအကျိုးရှေးရှုပြီး ခေတ်ကာလနှင့်ဆီလျော်သော အလုပ်သမားလျော်ကြေး များရရှိနိုင်ရန် ဥပဒေပြင်ဆင်ရေးဆွဲခြင်း၊ အခြားနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း လာရောက်လုပ်ကိုင်မည့် နိုင်ငံခြား သားအလုပ်သမားများကို စနစ်တကျ ကြီးကြပ်နိုင်ရန် နိုင်ငံခြားသားအလုပ်သမားဥပဒေရေးဆွဲခြင်း၊ ခေတ်ကာလနှင့် မလျော်ညီသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

လက်ခံကျင့်သုံးလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာစံများနှင့်အညီ အလုပ်သမားရေးရာ ကိစ္စရပ်များအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့ အစည်းဥပဒေနှင့်အညီ အခြေခံအလုပ်သမားအဖွဲ့အစည်းများ၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့ချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ အခြေခံ အလုပ်ရှင်အဖွဲ့အစည်းများနှင့် အလုပ်ရှင်အဖွဲ့ချုပ် စသည်ဖြင့် ယနေ့အထိ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်း စုစုပေါင်း (၂၉၃၂)ဖွဲ့  ဖွဲ့စည်းပြီးဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် ILO နှင့် ပူးပေါင်း၍ တိုင်ကြားမှုယန္တရားတစ်ရပ် ထူထောင်ဆောင်ရွက်လျက်ရှိသကဲ့သို့ ထိခိုက်လွယ်သော ပြည်သူတို့အပါအဝင် တိုင်းရင်းသားလူနည်းစု၏ အလုပ် သမားအခွင့်အရေးများ မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲလျက်ရှိပြီး နိုင်ငံအဆင့် တိုင်ကြားမှုယန္တရားတစ်ရပ် (National Complaints Mechanism) အမြန်ဆုံး ထူထောင်နိုင်ရေး ဆောင်ရွက်နေပါသည်။

အန္တရာယ်ရှိသော အလုပ်များစာရင်း အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်

ကလေးအလုပ်သမားများ  လျော့နည်းပပျောက်ရေးနှင့် အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေမှုမရှိစေရေးအတွက် သက်ဆိုင်ရာကော်မတီများအား ကြပ်မတ်လမ်းòန်ခြင်းနှင့် အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဖြေရှင်းခြင်းတို့ဖြင့် အကောင်အထည်ဖော်လျက်ရှိပြီး အန္တရာယ်ရှိသော အလုပ် များစာရင်း အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

"အစိုးရ၊  အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေး" ဟူသော ရည်မှန်းချက်ဖြင့် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ (National Tripartite Dialogue Forum-NTDF)များကို လေးလတစ်ကြိမ်ကျင်းပ၍ အလုပ်သမားဥပဒေ ပြင်ဆင်ရေး အပါအဝင် အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေးအတည်ပြု ဆုံးဖြတ်လျက်ရှိပါသည်။

နိုင်ငံတော်အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှုပန်းတိုင်ရောက်ရှိရန် မျှော်မှန်း၍ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်အခါဖြစ်သည်နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအနေဖြင့် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်ပါသည်။ အလုပ်သမားများ၏ဘ၀ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရက အရေးကြီးသောမူဝါဒဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်းများ အလေးပေးဆောင်ရွက်နေချိန်တွင် အလုပ်ရှင်၊ အလုပ်သမားနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အပြန်အလှန်နားလည်မှုရှိရှိ ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်နိုင် ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။


No comments:

Post a Comment