Sunday, May 5, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တနင်္သာရီတံတား တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Image may contain: 4 people, people standing and child
မြိတ်  မေ  ၄

တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်   ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်    ဒုတိယဗိုလ်ချုပ်ကြီး  ရဲအောင်၊  ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့မှ တပ်မတော်အထူး လေယာဉ်ဖြင့်ထွက်ခွာကြပြီး မြိတ်မြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံများက မြိတ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ပေးအပ်လှူဒါန်း

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မြိတ်မြို့တစ်ဖက်ကမ်း ကျွန်းစုမြို့နယ်အတွင်းရှိ ပထက်တောင်အတုလရံသီ ရွှေသာလျောင်းဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီး အလှူငွေများပေးအပ်လှူဒါန်းသည်။

ထို့နောက်  နိုင်ငံတော်သမ္မတသည် ရွှေသာလျောင်းဘုရားကြီးအား လှည့်လည်ဖူးမြော်ပြီး ဂေါပကအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မြိတ်ကမ်းနားလမ်း  ထားဝယ်စုရပ်ကွက်ရှိ သဘာ၀ဇီ၀ဇိုးငှက်သိုက်အိမ်သို့ရောက်ရှိကြပြီး လေ့လာကြည့်ရှုရာ တာဝန်ရှိသူများက ဇီ၀ဇိုးငှက်များ အသိုက်ပြုလုပ်ပုံ၊ ငှက်သိုက်ထုတ်ယူမှုလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။    

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မော်တော် ယာဉ်များဖြင့် တနင်္သာရီမြို့သို့ရောက်ရှိကြပြီး တံတားဦးစီး ဌာန တံတားတည်ဆောက်ရေးအဖွဲ့ (၄)က တာဝန်ယူ တည်ဆောက်လျက်ရှိသည့်    တနင်္သာရီတံတားတည် ဆောက်ရေးစီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေး သည်။

နိုင်ငံတော်သမ္မတအား စီမံကိန်းရှင်းလင်းဆောင်၌ တံတားဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက တနင်္သာရီတိုင်းဒေသကြီးအတွင်း   လမ်း၊  တံတားများ         တည်ဆောက်ပေးထားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ တနင်္သာရီတံတားနှင့် သမုတ်-လွတ်လွတ်တံတား စီမံကိန်း ဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာငွေရရှိမှုနှင့် ဆောင် ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ကြိုးစားပါဝင်ဆောင်ရွက်စေလို

တင်ပြချက်များအပေါ်     နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်များ တစ်ပြေးညီဖွံ့ဖြိုးတိုးတက် ရန်အတွက် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေများကို မျှဝေသုံးစွဲ ဆောင်ရွက်နေပါကြောင်း၊ ခွင့်ပြုပေးသော ဘဏ္ဍာငွေနှင့် လျော်ညီသည့် အရည်အသွေး၊ စံချိန်စံညွှန်းများ ကိုက်ညီ ရန်လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေများသုံးစွဲဆောင်ရွက်ရာ တွင် လေလွင့်ဆုံးရှုံးမှုမရှိစေရန် စနစ်တကျ ဆောင်ရွက် သွားကြရန်  လိုအပ်ပါကြောင်း၊ ယခုတံတားတည်ဆောက် ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာသည့်အခါ တံတား ခံနိုင်ဝန်နှင့် ဖြတ်သန်းမည့်ယာဉ်တန်ချိန်များ မျှတအောင် အထူးကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊  လမ်း၊ တံတားများတည်ဆောက်ရာတွင် သတ်မှတ်အချိန်ကာလ အတွင်း ပြီးစီးရန်လိုအပ်သကဲ့သို့ သတ်မှတ်အရည်အသွေး စံချိန်စံòန်းများနှင့် ကိုက်ညီရမည်ဖြစ်ပါကြောင်း၊ တည် ဆောက်ရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန်ပြီးပါက ပြည်သူ များ မြန်မြန်အကျိုးခံစားနိုင်မည်ဖြစ်ပါကြောင်း၊ လမ်း၊ တံတားနှင့်  လျှပ်စစ်ကဏ္ဍများ   ဖွံ့ဖြိုးတိုးတက်လာပါက ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများပါ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး  လူမှုစီးပွားဘ၀ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတတ်ကျွမ်းသည့် ပညာဖြင့် ကြိုးစားပါဝင်ဆောင်ရွက်စေလိုပါကြောင်းနှင့် မိမိတိုင်းပြည်၊  နိုင်ငံသူ နိုင်ငံသားများနှင့် နောင်လာ နောက်သားများအတွက် စံနမူနာပြဖြစ်အောင် ကြိုးစား လုပ်ဆောင်ပေးကြစေလိုပါကြောင်း မှာကြားသည်။

ယင်းနောက်  နိုင်ငံတော်သမ္မတသည်   တနင်္သာရီ      တံတားတည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုသည်။
တနင်္သာရီတံတားသည်      အာဆီယံလမ်းမကြီး         (AH 112)ဖြစ်သည့် ထားဝယ်-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း- ကော့သောင်းလမ်း မိုင်တိုင်(၄၉/၄)နှင့် (၄၉/၆)အကြား တွင်ရှိပြီး တနင်္သာရီမြစ်ကို ဖြတ်သန်းတည်ဆောက်မည့် တံတားဖြစ်ကာ အရှည်ပေ ၁၄၄၄ ပေ၊ ယာဉ်သွားလမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် လေးပေစီရှိပြီး ခွင့်ပြုယာဉ်အလေးချိန် ၇၅ တန် နှစ်လမ်း သွား သံပေါင်၊ သံကူကွန်ကရစ် ကြမ်းခင်းတံတားဖြစ်သည်။

မွန်းလွဲပိုင်းတွင်   နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မြိတ်မြို့မှ  တပ်မတော်အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်။     
                              
သတင်းစဉ်


No comments:

Post a Comment