Tuesday, April 23, 2019

အသိအမြင်ဗဟုသုတဆင်ခြင်ပွားတိုး

Image may contain: text

ဗာဟုသစ္စဥ္စ  အကြားအမြင်ဗဟုသုတတိုးပွားခြင်းသည်   မင်္ဂလာတရားပင် ဖြစ်သည်။ ကြီးပွားချမ်းသာကြောင်းဖြစ်သော လောကီ၊ လောကုတ္တရာ အကြားအမြင် ဗဟုသုတများခြင်းသည် ဗာဟုသစ္စဥ္စ  မင်္ဂလာမည်ပါပေ သည်။ ထို့ကြောင့် အကြားအမြင်ဗဟုသုတပွားတိုးအောင် နေ့စဉ်ကျင့်ကြံ ကြိုးကုတ် အားထုတ်သင့်သည်။

အသိအလိမ္မာ အတတ်ပညာဗဟုသုတဟူသည်   အသက်ထက်ဆုံး၊ လူ့ဘ၀ကာလပတ်လုံး ကြည်လင်အေးမြ ချမ်းသာခွင့်ရရေးအတွက် အသိ ပညာဗဟုသုတများကို  သင်ကြားနာယူ  မှတ်သားနေရခြင်းဖြစ်သည်။ ပညာဗဟုသုတသည် မိမိဘ၀တစ်ခုလုံးအတွက် ဝမ်းစာဖြစ်သည်။ မိမိဘ၀ ရေရှည်ကောင်းမြတ်ရေးအတွက် ကိုယ်ခံဆေးဝါးကောင်းတစ်ခွက်နှင့် လည်း တူပါပေ၏ဟု ရှေးရှေးပညာရှိများက မှတ်တမ်းတင်ခဲ့သည်။

ဗဟုသုတပညာတို့ကိုဆည်းပူးသည့်အခါ မှတ်မှတ်သားသား လေ့လာ လိုက်စား၍ နေ့ရောညပါ အခါမလပ် အပတ်တကုတ်ကြိုးစားအားထုတ် လုံ့လပြုကြရသည်။ ဗဟုသုတပညာ အလိုရှိသူတိုင်းသည် ဗဟုသုတရှိသူ များထံ ချဉ်းကပ်နိုင်မှသာ မိမိရရှိလိုသော ဗဟုသုတများ ဧကန်ရရှိနိုင်သည်။ မိမိတို့အတွက်  ဗဟုသုတပညာရရှိရေးတွင်  ဗုဒ္ဓတရားတော်ပါ အင်္ဂုတ္တရ နိကာယ်၊ စတုက္ကနိပါတ်လာနည်းလမ်းလေးသွယ်ဖြင့်  ချဉ်းကပ်ဆည်းပူးသင့် သည်။

ယင်းနည်းလမ်းလေးသွယ်သည်ကား ဦးစွာသပ္ပုရိသ သံသေ၀ဟူသည့် ဗဟုသုတပညာကြွယ်၀သူများအား     ရှာမှီးချဉ်းကပ်ခြင်းပင်ဖြစ်သည်။ ဗဟုသုတပညာ ရှာမှီးလိုသူများသည် အသိပညာဗဟုသုတကြွယ်၀သူ များထံ ချဉ်းကပ်မှသာ မိမိအလိုရှိသော ဗဟုသုတများကို ရရှိနိုင်ပေသည်။ ဗဟုသုတပညာရှိသူများနှင့် လွဲနေလျှင်ကား မိမိရယူလိုသော ဗဟုသုတ များနှင့် လွဲနေဦးမည်ဖြစ်သည်။

ဒုတိယအချက်ကား သဒ္ဓမ္မဿ၀နဟူသည့် ဗဟုသုတပညာရှိသူများ၏ ဟောပြောပို့ချချက်များကို  မှတ်သားနာခံတတ်ရန်ဖြစ်သည်။  ဗဟုသုတ အလိုရှိသူများသည်   ဗဟုသုတရှိသူများ၏   ဟောပြောပို့ချချက်များကို မှတ်သားနာယူခြင်းမရှိပါက မိမိရရှိလိုသော ဗဟုသုတတို့နှင့် အလှမ်းဝေး နေဦးမည် ဖြစ်သည်။ ထိုသို့မှတ်သားနာယူရာ၌ ယောနိသောမနသီကာရ ဖြစ်ဖို့ အထူးလိုအပ်ပေသည်။

ယောနိသောမနသီကာရဟူသည်   ဗဟုသုတရှိသူများ၏   ဟောပြော ပို့ချချက်များအပေါ်  သင့်တင့်သောအားဖြင့်တွေးခေါ်သုံးသပ် ဆင်ခြင်တတ်ရန် ဖြစ်သည်။ ဗဟုသုတရှိသူများ၏ ဟောပြောပို့ချချက်များအပေါ် သင့်၏၊ မသင့်၏ တွေးခေါ်စဉ်းစားတတ်ရန်နှင့် မသင့်သောအားဖြင့် တွေးခေါ်မိပါက အကျိုးပေးကောင်းသော ဗဟုသုတနှင့်အလှမ်းဝေးမည်ဖြစ်သည်။

ထို့ထက်ဆိုးသည်ကား ဆန့်ကျင်ဘက်တွေးခေါ်မိသဖြင့် အထက်သို့ မဆန်ဘဲအောက်သို့ စုန်ဆင်းရတတ်သည့်အဖြစ်နှင့်  ကြုံတွေ့နိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ နောက်ဆုံးအချက်သည်ကား ဓမ္မာနုဓမ္မပဋိပတ္တိ ဖြစ်ပြီး     မှန်ကန်သောနည်းလမ်းကိုòန်ပြသည့်   ဆရာ၏နည်းကျကျ လိုက်နာကျင့်သုံးတတ်ရေးပင်ဖြစ်သည်။ မျက်မှောက်ကာလတွင် အသိ ပညာဗဟုသုတ ရှာမှီးဖွယ်ရာများမှာ များပြားလှသည်။ သင်ဆရာ၊ မြင် ဆရာ၊ ကြားဆရာဟူသည့် ဆရာသုံးမျိုးတို့မှာ လောကမျက်နှာစာတွင် ပေါများလှသည်။ ဤလူ့ဘောင်လောကနှင့်ပတ်သက်၍ ဟောပြောပို့ချမှု များမှာလည်း စုံလင်လှသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး ကဏ္ဍပေါင်းစုံ စုံလင်လှသည်။

သို့ဖြစ်ရာ   အသိပညာဗဟုသုတအမျိုးမျိုးတို့ကို   လက်လှမ်းတမီ အလွယ်တကူရရှိနေသော မျက်မှောက်ကာလဝယ် ပညာဗဟုသုတ ရှာမှီး လိုသူများအနေဖြင့် သပ္ပုရိသသံသေ၀နှင့် သဒ္ဓမ္မဿ၀န နည်းလမ်းနှစ်သွယ် ဖြင့် မှတ်သားနာယူ ရှာမှီးရမည်ဖြစ်ပြီး ယောနိသောမနသီကာရနှင့် ဓမ္မာနု ဓမ္မပဋိပတ္တိနည်းလမ်းနှစ်သွယ်ဖြင့်      တွေးခေါ်သုံးသပ်ချဉ်းကပ်ကြရမည် ဖြစ်ပါကြောင်း။            ။

No comments:

Post a Comment