Wednesday, April 3, 2019

တရားဥပဒေစိုးမိုးမှ နိုင်ငံတည်ငြိမ်အေးချမ်း




မြန်မာနိုင်ငံသည်    ဒီမိုကရေစီအသွင်ကူးပြောင်းပြီးစ   နိုင်ငံများနှင့် နှိုင်းစာလျှင် စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင် ကြုံတွေ့ရသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ်ကာလမှစ၍ ယနေ့ကာလထိတိုင် ငြိမ်းချမ်း  သည်ဟူ၍ တစ်ကြိမ်တစ်ခါမျှမရှိသေးချေ။ ငြိမ်းချမ်းရေးရရှိရန်လည်း နိုင်ငံတော်အစိုးရက အလေးထား ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်း ခြင်းနှင့် မငြိမ်းချမ်းခြင်း၏ ရလဒ်များကို မငြိမ်းချမ်းသည့် အနိဋ္ဌာရုံများအား ကိုယ်တိုင်ကြုံတွေ့ရသူများသာ လက်တွေ့ခံစားကြည့်နိုင်သည်။

မကြာသေးမီက ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံတစ်ပတ်ပတ်ပြီး တစ်ကိုယ်တော်စက်ဘီးစီးနင်း၍ လှည့်ပတ်နေသော အဘိုးအိုတစ်ဦးသည် မြန်မာနိုင်ငံ   လွတ်လပ်ရေးမရမီ   စစ်အတွင်းကာလနှင့်   လွတ်လပ်ရေး ရပြီးနောက်ပိုင်း   ပြည်တွင်းစစ်ကာလများအား  ဖြတ်သန်းခဲ့ရာ၌ ကြုံတွေ့ ခဲ့သော စစ်ပွဲများ၏အနိဋ္ဌာရုံများနှင့် ဒုက္ခဆင်းရဲရောက်ခဲ့ပုံများကို အသိ ပေးပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်း သာယာ၀ပြောစေရန်   ရောက်ရာအရပ်၌  အသိပေးနှိုးဆော်ခဲ့သည့် ကောင်းသောပြုလုပ်မှုကို တွေ့ရသည်။

ငြိမ်းချမ်းရေး၊      ဖွံ့ဖြိုးရေး၊   တရားဥပဒေစိုးမိုးရေးနှင့်စပ်လျဉ်း၍ ]]မိမိတို့နိုင်ငံ   တိုးတက်ရန်၊  ငြိမ်းချမ်းရန်၊  တစ်နိုင်ငံလုံးသာယာရန် အင်မတန်မှ အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ရှိရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမှ နိုင်ငံတစ်နိုင်ငံသည် တည်ငြိမ်နိုင်မည် ဖြစ်ပါကြောင်း၊ ရေရှည် တည်ငြိမ်မှုရှိမှ ရေရှည်ငြိမ်းချမ်းရေး ရရှိမည်ဖြစ်ပါကြောင်း}} ဧပြီလ ၁ ရက်နေ့က ကျောင်းကုန်းမြို့ မြို့နယ်အားကစားခန်းမ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိသည်။ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးသည် ဒွန်တွဲနေပြီး တရားဥပဒေစိုးမိုးမှုပျက်ယွင်းလျှင် ငြိမ်းချမ်းမှု ပျက်ယွင်းပြီး ငြိမ်းချမ်းမှုပျက်ယွင်းလျှင် တရားဥပဒေစိုးမိုးမှု ပျက်ယွင်း သည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေး၏ အရေးကြီးပုံ၊ အရေးပါပုံတို့ကို ပြည်သူ ပြည်သားများ နားလည်သိရှိထားကြရန်လိုအပ်သည်။

အချို့ပြည်သူများအနေဖြင့် တရားဥပဒေဆိုသည်မှာ ပြည်သူများ အား ထိန်းချုပ်ရန်၊ ကန့်သတ်ရန်၊ အပြစ်ပေးရန်အတွက်ဖြစ်သည်ဟု အထင်လွဲမှားနေသူများရှိသည်။ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းကို ပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်းဟု အထင်ရောက်နေသူများလည်း ရှိသည်။ ဥပဒေဆိုသည်မှာ လူမှုအသိုင်းအဝိုင်းတစ်ခုကို တည်ငြိမ်အောင် လုပ်ပေးရန်၊ တစ်ဦးနှင့်တစ်ဦးအကြား၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ပဋိပက္ခ များ    နည်းနိုင်သမျှနည်းအောင်၊    ရှောင်ရှား၍မရသည့်  လူသားများ အချင်းချင်းအကြား ဖြစ်ပွားသည့်ပြဿနာများကို ငြိမ်းချမ်းသည့်နည်းလမ်း ဖြင့် ဖြေရှင်းနိုင်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ဥပဒေသည် တရားမျှတသည့် ဥပဒေသာဖြစ်သည်။ တရားမျှတသည့် ဥပဒေများသည် အများပြည်သူ ကောင်းကျိုးအတွက် ညီညီမျှမျှ ရေးဆွဲ ထားသည့် ဥပဒေဖြစ်ရမည်။ ထိုဥပဒေများကို လူတိုင်းလူတိုင်း လေးစား လိုက်နာပါက မငြိမ်းချမ်းသည့်အခြေအနေ၊ မအေးချမ်းသည့်ဘ၀များ မည်သို့ရှိနိုင်ပါမည်နည်း။ ဥပဒေအမျိုးမျိုးတို့ကို လူသားများ၏အကျိုး စီးပွားကိုရှေးရှု၍ ရေးဆွဲပြဋ္ဌာန်းလိုက်နာဆောင်ရွက်ကြရသည်။

ဥပဒေသည် ပြောင်းလဲလာသော ခေတ်စနစ်နှင့်ကာလဒေသအခြေ အနေနှင့်လည်း  ဆီလျော်ကိုက်ညီမှုရှိရမည်။  ထိုဥပဒေတို့၏ အကျိုး သက်ရောက်မှုများကို ပြည်သူများအနေဖြင့် နားလည်သိရှိလက်ခံနိုင် ကြရမည်ဖြစ်သည်။ နားလည်လက်ခံနိုင်ရန်အတွက် ပြောင်းတန်၊ ပြင်တန်၊ ပြုတန်ပြုကြရသည်။ ထိုပြုထားသော ဥပဒေများနှင့်အညီ အထက်ပိုင်းမှ အစ အောက်ခြေအဆုံးရှိ ပြည်သူအားလုံး လေးစားလိုက်နာကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူအားလုံးလိုလားလက်ခံသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ရည်ရွယ်တည်ဆောက်ကြရာတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့် လျော်ကန်သင့်မြတ်သည့် ဥပဒေများနှင့်အညီ တိုင်းရင်း သားပြည်သူအားလုံး၏ အကျိုးစီးပွားကို မျှတစွာဖြင့် လွှမ်းခြုံဆောင်ရွက် နိုင်ပါက တရားဥပဒေစိုးမိုးသည့် ငြိမ်းချမ်းသာယာသော ပြည်ထောင်စု နိုင်ငံတော်ကြီးဖြစ်ထွန်းမည်မှာ မလွဲဧကန်အမှန်ဖြစ်ပါသည်။    


No comments:

Post a Comment