Thursday, April 18, 2019

နိုင်ငံတော်သမ္မတအိမ်တော်၌ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကျင်းပ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညို





Image may contain: 5 people, table and indoor
နေပြည်တော် ဧပြီ ၁၇



၁၃၈၁ ခုနှစ် မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ် တရားတော်နာ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။
အခမ်းအနားသို့ နိုင်ငံတော် ဩဝါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီး၊
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၏ ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် ၎င်းတို့၏ ဇနီးများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ၎င်းတို့၏ ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ချိုချိုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့သည် ငုရွှေဝါခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ် ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ် လှူဒါန်းကြသည်။
ကိုးပါးသီလ ခံယူဆောက်တည်
ထို့နောက် ဈေးကုန်းဆရာတော်ထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ပရိတ်တရားတော်များ နာယူကြည်ညို
ယင်းနောက် ဆရာတော်၊ သံဃာတော်များက ပရိတ် တရားတော်များနှင့် အန္တရာယိက ကမ္မဝါစာများကို ရွတ်ပွား သရဇ္ဈာယ်တော်မူကြရာ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ်များက နာယူကြည်ညို ကြသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာ တော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ရေစက်သွန်းလောင်း
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ဧည့်ပရိသတ်များက ဈေးကုန်းဆရာတော်ထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်

No comments:

Post a Comment