Saturday, April 6, 2019

သထုံမြို့ရှိ ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေး

Image may contain: one or more people

မော်လမြိုင်  ဧပြီ   ၅

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း ၄၀ ဒသမ ၄၈ မိုင်နှင့် ၆၆/၃၃ ကေဗွီ၊ ၂၀ အမ်ဗွီအေ သံဖြူဇရပ် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားနှင့် သထုံမြို့ သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားတို့သို့ တက်ရောက်အမှာစကားပြောကြား သည်။                                                                                                                                                                                                                    
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့်       ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊   ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်နယ်အစိုးရအဖွဲ့      ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်   ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပို၍ကြိုးစားရန်လို

အခမ်းအနားတွင်     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  လျှပ်စစ်ဓာတ်အားသည် မိမိတို့နိုင်ငံတစ်နိုင်ငံလုံးအတွက် လိုအပ်ချက် ဖြစ်ပါကြောင်း၊ ယခုအချိန်အထိလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းမပြည့်သေးပါကြောင်း၊ သို့သော် မိမိတို့၏အိမ်နီးနားချင်းနိုင်ငံတော်တော်များများတွင် ၈၀ ရာခိုင်နှုန်းကျော်၊ ၉၀ ရာခိုင်နှုန်း ကျော်၊ ၁၀၀ ရာနှုန်းပြည့် စသည်ဖြင့် လျှပ်စစ် ဓာတ်အားလုံလောက်နေသည်ကို တွေ့ရပါ ကြောင်း၊   ထို့ကြောင့်   မိမိတို့နိုင်ငံသည်ပို၍ ကြိုးစားရန်လိုအပ်ပြီး မိမိတို့အတွက် လျှပ်စစ် ဓာတ်အားသည် အင်မတန်အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်နေပါကြောင်း။

ယခုဆိုလျှင်  လျှပ်စစ်ဓာတ်အားလိုင်း အသစ်များဖွင့်လှစ်ခြင်း၊   ဓာတ်အားခွဲရုံ အသစ်များ ဖွင့်လှစ်ခြင်းသည် ပြည်သူလူထု၏ဘ၀တိုးတက်ရေးအတွက်ဖြစ်သည်ဟု ယူဆပါ ကြောင်း၊ ဘ၀တိုးတက်ရေးအတွက်ဆိုသည် မှာ စီးပွားရေးသာမဟုတ်ဘဲ လမ်းပန်းဆက် သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးပါဝင် ပါကြောင်း၊    လျှပ်စစ်ဓာတ်အားရရှိမှုသည် စီးပွားရေး၊ ကျန်းမာရေးနှင့်ပညာရေးစသည် တို့ကို အထောက်အကူပြုပါကြောင်း၊ မိမိတို့ နိုင်ငံသည် ရှေ့သို့ တစ်လှမ်းချင်း သွားနေသည် ဆိုသည်ကို ပြသနေခြင်းဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင်      လျှပ်စစ်ဓာတ်အားရရှိမှုမှာ တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပင် မပြည့်သေး ပါကြောင်း၊  သို့သော် ယခုနှစ် မကုန်မီ ၅၀ ရာခိုင်နှုန်း    လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည်ဟု မိမိတို့မျှော်လင့်ပါကြောင်း။

ဆက်လက်ဆောင်ရွက်နေ

ယနေ့ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ဖွင့်လှစ်ပြီးနောက်        မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိလာမည့် အိမ်ထောင်စုပေါင်း ၂၂၀၀၀၀ ရှိလာမည်ဖြစ်ပါကြောင်း၊ မွန်ပြည် နယ်အတွင်းတွင်   လျှပ်စစ်ဓာတ်အားလုံလုံ လောက်လောက်ဖြန့်ဖြူးနိုင်ရေးအတွက် ၂၃၀ ကေဗွီ မော်လမြိုင်-ခရုံဂူ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတိုးချဲ့ ခြင်းလုပ်ငန်း၊ ၅၀၀ ကေဗွီ ဘုရားကြီး-ကန်ပေါက်-မော်လမြိုင်ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း၊ ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ်ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း ၊ ၂၃၀ ကေဗွီ ထားဝယ်-မြိတ် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း၊ ၆၆ ကေဗွီ မြိတ်-တနင်္သာရီဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံစီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင် ရွက်နေသည်ကို ပြည်သူများသိရှိ မည်ဆိုပါက ဝမ်းသာလိမ့်မည်ဟုမျှော်လင့်ပါကြောင်း။

မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတွင် ဖြန့်၍လုပ်ကိုင်နေရခြင်းဖြစ်ပါကြောင်း၊ တစ်နေရာ တည်းတွင် လုပ်နေခြင်းမဟုတ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် တစ်နေရာတည်း တွင် အောင်မြင်မှုဖြစ်သော်လည်း တစ်တိုင်း ပြည်လုံးအတွက်  အောင်မြင်မှုဖြစ်သည်ဟု ယူဆစေချင်ပါကြောင်း၊ မော်လမြိုင်၊ သထုံ၊ သံဖြူဇရပ်နေရာများတွင် တိုင်းရင်းသားပေါင်း စုံနေထိုင်ပါကြောင်း၊ မွန်တိုင်းရင်းသားများ သာမက ကရင်တိုင်းရင်းသားများ၊ ပအိုဝ်းတိုင်း ရင်းသားများ၊    ဗမာတိုင်းရင်းသားများရှိပါ ကြောင်း၊ နေရာတစ်နေရာတွင် ဓာတ်အားခွဲရုံ တစ်ခု၊ လိုင်းတစ်ခုဖွင့်လိုက်ခြင်းသည် မိမိတို့ ပြည်ထောင်စုသားအားလုံးအတွက် တိုးတက် မှုတစ်ခုဟုယူဆပါကြောင်း၊ ထိုသို့ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်လာသည်နှင့်အတူ စိတ်ပိုင်း ဆ်ိုင်ရာ တိုးတက်မှုများကိုလည်းမျှော်လင့်ပါ ကြောင်း၊ စိတ်ပိုင်းဆိုင်ရာဆိုသည်မှာ ပထမ အနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဆိုလို ခြင်းဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် အချင်း ချင်း မေတ္တာစေတနာထားနိုင်သည့် စိတ်ဓာတ် များကို ဆိုလိုခြင်းဖြစ်ပါကြောင်း။

သံဖြူဇရပ်

ယခု ဓာတ်အားလိုင်းသည် မော်လမြိုင် သံဖြူဇရပ် ဓာတ်အားလိုင်းဖြစ်ပါကြောင်း၊ သံဖြူဇရပ်သည်       ဒုတိယကမ္ဘာစစ်နှင့် ပတ်သက်၍နာမည်ကြီးသည့်   နေရာတစ်ခု ဖြစ်ပါကြောင်း၊ သံဖြူဇရပ်သည် ဒုတိယကမ္ဘာ စစ်အတွင်းအနိဋ္ဌာရုံများ၏ သင်္ကေတနေရာ တစ်ခုကဲ့သို့ဖြစ်နေပါကြောင်း၊  ဒုတိယက္ဘာ စစ်က ကျဆုံးခဲ့ သည့်  မဟာမိတ်တပ်သားများ၏ စစ်သချိုင်းရှိပါကြောင်း၊ အချို့စစ်သည်များ၏ ဂူဗိမာန်များကို ၎င်းတို့၏မိသားစုများက  ပုံမှန် ထိန်းသိမ်းသည့်သူများသို့  နှစ်စဉ်နှစ်တိုင်း ငွေကြေးပေးပို့ပြီး   မိမိတို့၏သား၊   ခင်ပွန်း၊ ညီအစ်ကိုမောင်နှမများ၏    ဂူသချိုင်းများ ပေါ်တွင်   သတိရသောအားဖြင့်   ပန်းများ၊ ပန်းကုံးများ အမှတ်တရချပေးခြင်း စသည်ဖြင့် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့ရပါ ကြောင်း၊ လူသားများ၏ မေတ္တာစေတနာများ ကို   ပြသခြင်းဖြစ်ပါကြောင်း၊ လူသားများ၏ လောဘ၊ ဒေါသ၊ မောဟများကြောင့် စစ်များ ဖြစ်ခဲ့ပြီးစစ်မီးများလည်း    ပွားခဲ့ပါကြောင်း၊ လူသားများ၏    မေတ္တာစေတနာများဖြင့် စစ်မီးများကို ငြိမ်းအောင်လုပ်နိုင်ပါကြောင်း။

မိမိတို့ နိုင်ငံသည်   လွတ်လပ်ရေးရစဉ် ကတည်းက လုံး၀စစ်မီးငြိမ်းသည်ဟု မရှိခဲ့ပါ ကြောင်း၊ ပြည်တွင်းစစ်နှင့် လွတ်လပ်ရေးသည် တစ်နေ့တည်းကဲ့သို့       ပေါက်ဖွားလာခဲ့ပါ ကြောင်း၊ သို့သော် ယခုတွင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရန်အတွက် ပြည်သူ ပြည်သားများ သည် မည်သည့်နေရာတွင် ရောက်သည်ဖြစ် စေ၊   မည်သည့် အလုပ်လုပ်သည်ဖြစ်စေ  ငြိမ်းငြိမ်းချမ်းချမ်းနှင့် လုပ်နိုင်သည်ဆိုသည့် ယုံကြည်မှုရှိရန် ကြိုးစားနေပါကြောင်း၊ ထိုသို့ ကြိုးစားရာတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ရာ   အဘက်ဘက်မှ   လုပ်ရပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုသည် ငြိမ်းချမ်းရေး တစ်ခုတည်းဦးတည်၍ မရပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဦးတည်ရပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးရှိမှသာ ငြိမ်းချမ်းရေးကို ခိုင်မာအောင် လုပ်နိုင်မည်ဖြစ်ပါကြောင်း။

အလင်းရောင်လှိုင်း

 ယမန်နှစ်က မွန်ပြည်သစ်ပါတီက NCA  ကို   လက်မှတ်ရေးထိုးသည့်အတွက်   ဝမ်း မြောက်ရပါကြောင်း၊ အဖွဲ့တစ်ဖွဲ့တိုးတိုးလာသည်နှင့်အမျှ ငြိမ်းချမ်းရေးရနိုင်ကိန်းသည် တိုးတိုးလာသည်ဟု   သတ်မှတ်ပါကြောင်း၊  ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားလုံးတိုးတက်အောင် လုပ်သည့်နေရာတွင် လျှပ်စစ်ဓာတ်အား      ရရှိရေးသည်လည်း သူ့ကဏ္ဍနှင့်သူ အလွန်အရေးကြီးပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအရ အမှောင်ထဲမှ အလင်းကို လွယ်လွယ်ကူကူရောက်နိုင်သည့်   အနေ အထားဖြစ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာလည်း ထိုသို့ ဖြစ်စေလိုပါကြောင်း၊   အမှောင်ထဲမှ အလင်းသို့ရောက်ရန်အတွက် ပြည်ထောင်စု သား သမီးအားလုံး တစ်ဦးချင်းတွင် တာဝန်ရှိ ပါကြောင်း၊    စိတ်ဓာတ်ထားတတ်မှသာ အမှောင်ထဲမှ အလင်းသို့ ရောက်ရှိမည်ဖြစ်ပါ ကြောင်း၊            အမှောင်ထဲမှအလင်းကို တစ်ယောက်ချင်းက      ရောက်လိုသည့် စိတ်ဓာတ်ရှိမှသာ ရောက်မည်ဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက် အတူလက်တွဲပြီး  တိုးတက်သည့် လမ်းကို လျှောက်ရန် သန္နိဋ္ဌာန် ချရန် အလွန်အရေးကြီးပါကြောင်း၊ ခွဲခြားစိတ်၊ ပြိုင်လိုသည့် စိတ်မဟုတ်ဘဲ တစ်ဦးအပေါ် တစ်ဦး အာဃာတစိတ်၊ ဒေါသစိတ်မထားဘဲ စေတနာ၊ မေတ္တာစိတ်ဖြင့် အတူတူတိုးတက် ကြမည်၊ အတူတူ ဆက်လက်ချီတက်ကြမည်၊ အတူတူပြည်ထောင်စုကို ထူထောင်သွားကြ မည်ဆိုသည့်   စိတ်ဓာတ်ကို   ခိုင်မာအောင် လုပ်နိုင်မည်ဆိုပါက စိတ်ချင်းဆက်သွယ်ထား သည့် အလင်းရောင်လှိုင်းကြီး ဖြစ်သွားမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် မွန်ပြည်နယ်တွင် စက်ရုံတစ်ခု ဖွင့်သည့်အခါ    တိုင်းရင်းသားတစ်စုတစ်ဖွဲ့ အတွက် မဟုတ်ဘဲ  တိုင်းရင်းသားအများစု အတွက်ဆိုသည့်  အသိစိတ်ဖြင့်  အင်မတန် ဝမ်းသာရပါကြောင်း၊ မိမိတို့ခေတ်တွင် မိမိတို့ မျိုးဆက်များ တာဝန်ကျေပါက နောင်ခေတ် တွင် နောင်မျိုးဆက်သစ်များ၏ အခြေအနေ သည် မိမိတို့ထက်များစွာ တိုးတက်သည့်အခြေ အနေတွင်   ရှိရန်လိုပါကြောင်း၊ အနာဂတ် အတွက် လုပ်ရန်ဆိုပါက အားလုံးက ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊   ပြည်သူ လူထု၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစိုးရ၊ ဥပဒေ ပြုရေးဆိုင်ရာ လွှတ်တော်၊ တရားရေးဆိုင်ရာ တရာရေးမဏ္ဍိုင် စသည့် မဏ္ဍိုင်ကြီးသုံးရပ်နှင့် ပြည်သူလူထုသည် အတူလက်တွဲ၍ တက်ညီ လက်ညီလုပ်မှသာ မိမိတို့နိုင်ငံသည် မြန်မြန် ဆန်ဆန်တိုးတက်လာမည်ဖြစ်ပါကြောင်း။

ခွဲခြားရှုမြင်၍မရ

မိမိတို့နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက် ရေးသည် စိတ်ပိုင်းဆိုင်ရာအတွက် အလွန် အရေးကြီးပါကြောင်း၊ ထိုနှစ်ခုကို ခွဲခြားရှုမြင်၍ မရပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခု အတွက် အားလုံးဝိုင်းဝန်းပြီး အခမ်းအနားဖြင့် ကြိုဆိုသည့် အချိန်တွင်  စိတ်ပိုင်းဆိုင်ရာပို၍ တိုးတက်ရန်အတွက်   တစ်ယောက်အပေါ် တစ်ယောက်          စေတနာထားတတ်ရန်၊  ပူးပေါင်းဆောင်ရွက်နိုင်သည့်စိတ်ဓာတ်များ အင်အားမြင့်လာရန်  လုပ်ဆောင်ကြပါစို့ဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး   ဦးဝင်းခိုင်က ဓာတ်အားလိုင်းနှင့်   ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်       ဒေသခံပြည်သူများ ကိုယ်စား      သံဖြူဇရပ်မြို့နယ်   ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက်    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ     ဒေါ်တင်အိ၊      ပြည်နယ်ဝန်ကြီး ဦးဝ္ဏကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်   ဦးနိုင်သောင်းညွန့်၊   ဦးဉာဏ်ဟိန်း၊ အမျိုးသားလွှတ်တော်       ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်နှင့်  ဒေါ်မြတ်သီတာထွန်း တို့က  ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်းနှင့်   ၆၆/၃၃ ကေဗွီ၊ ၂၀ အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်    ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ဒေသခံ တိုင်းရင်းသားများနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်သည်။

ဓာတ်အားပို့လွှတ်

ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်  ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တို့သည် စက်ခလုတ်နှိပ်၍ သံဖြူဇရပ်ဓာတ် အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ပေးသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်    လျှပ်စစ်ဝန်ထမ်းများအား ရင်းရင်းနှီးနှီး     တွေ့ဆုံနှုတ်ဆက်စကား ပြောကြားပြီး စက်ရုံအတွင်း ဓာတ်အားပေးရေး လုပ်ငန်းများ  ဆောင်ရွက်နေမှုကို ကြည့်ရှု သည်။
 
ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည်  ရဟတ်ယာဉ်များဖြင့် သထုံမြို့သို့ ရောက်ရှိပြီး ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာ၀ဓာတ်ငွေ့သုံး  ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

တစ်ထောင့်တစ်နေရာမှ ပံ့ပိုး

အခမ်းအနားတွင်     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကားပြော ကြားရာတွင် ပြည်သူလူထုအတွက် လျှပ်စစ် ဓာတ်အားရရှိပြီဆိုပါက ခလုတ်တစ်ခုဖွင့်လိုက် သည်နှင့် အမှောင်ထဲမှ  အလင်းဘက်သို့ ကူးပြောင်း၍ရပါကြောင်း၊  ခလုတ်နှိပ်လိုက် သည်နှင့် လျှပ်စစ်မီးရရှိရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ကြရခြင်း      ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှု၊ ငွေရေး၊ ကြေးရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုလိုအပ်ပါကြောင်း၊    ပူးပေါင်း ဆောင်ရွက်မှုသည် အဓိကအရေးကြီးသည်ဟု ပြောလိုပါကြောင်း၊ မိမိတို့နိုင်ငံသည်လွတ်လပ် ရေးရပြီးသည့်အချိန်မှစ၍ နိုင်ငံခြားရေးမူဝါဒ အဖြစ် တစ်က္ဘာလုံးတွင်ရှိသည့် နိုင်ငံအားလုံး နှင့် ခင်ခင်မင်မင်၊  ရင်းရင်းနှီးနှီး အေးအေး ချမ်းချမ်းနေထိုင်ရေးကို   အထူးသတိပြုပြီး အားပေးခဲ့ပါကြောင်း၊ ဆက်လက်လုပ်ဆောင် သွားရန်လည်း ရည်ရွယ်ချက်ရှိပါကြောင်း၊  မိမိတို့နိုင်ငံသည် ကမ္ဘာကြီးအေးချမ်းသာယာ ရေးနှင့်       ကမ္ဘာ့တိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးနိုင်သည့် နိုင်ငံဖြစ်စေလိုပါကြောင်း၊  မိမိတို့နိုင်ငံသူနိုင်ငံ သားများကလည်း   ထိုနည်း၎င်း ဖြစ်စေချင် ကြပါကြောင်း။

တန်ဖိုးကို နားလည်မှသာ

နိုင်ငံတစ်နိုင်ငံ  တည်ငြိမ်အေးချမ်းရန် ဖွံ့ဖြိုးတိုးတက်မှုသည်  အင်မတန်အရေးကြီးပါ ကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဝိုင်းဝန်းပံ့ပိုးပေးသည့်   အဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျေးဇူးဆိုသည်မှာ    လူတိုင်းလူတိုင်းမှာ ရှိသင့်သည့် ခံစားချက်တစ်ခုဖြစ်ပါကြောင်း၊ ကျေးဇူးတရားရှိမှသာလျှင်   ကမ္ဘာ၏တန်ဖိုး      မိမိတန်ဖိုးကို   သိရှိမည်ဖြစ်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက်၏  တန်ဖိုးကို နားလည်မှသာ မိမိတန်ဖိုးကို မြှင့်တင်နိုင်မည့် အခြေအနေဖြစ်ပါကြောင်း။

စီမံကိန်းတစ်ခုကို အောင်အောင်မြင်မြင် မိမိတို့  အကောင်အထည်ဖော်နိုင်လိုက်ပြီ ဆိုလျှင် နောင်စီမံကိန်းများထပ်မံအကောင် အထည်ဖော်နိုင်ရန်   အင်အားဖြည့်ပေးရာ ရောက်ပါကြောင်း၊  လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းခြေလှမ်း များသည်  နိုင်ငံသူ၊  နိုင်ငံသားများ၏  အရည် အချင်းများကို မြှင့်တင်ပေးရန် ဦးတည်လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဦးတည် လုပ်ဆောင်ရာတွင် အစိုးရပါဝင်ရမည်ဖြစ်ပြီး အုပ်ချုပ်ရေး၊  တရားစီရင်ရေး၊  ဥပဒေပြုရေး မဏ္ဍိုင်ကြီး ၃ ခုသာမက  ပြည်သူပြည်သားများ ပူးပေါင်းဆောင်ရွက်မှသာ   မြန်မြန်ဆန်ဆန် နှင့် ထိထိရောက်ရောက် တိုးတက်နိုင်မည်ဖြစ်ပါ ကြောင်း။

မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်

မွန်ပြည်နယ် သထုံတွင် လျှပ်စစ်ဓာတ်အား ရရှိခြင်းသည် တစ်နိုင်ငံလုံးအတွက် ဝမ်းသာ စရာ ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားမရ သေးသည့်နေရာများတွင် လျှပ်စစ်ဓာတ်အား ရရှိရေး   မျှော်လင့်ချက်များနီးလာပြီဆိုသည့် စိတ်ဓာတ်များ ဖြစ်ပွားစေမည် ဖြစ်ပါကြောင်း၊ တစ်နေရာတိုးတက်မှုရှိခြင်းသည်  တစ်တိုင်း ပြည်လုံး၏  တိုးတက်မှုပင်ဖြစ်ပါကြောင်း၊ တစ်တိုင်းပြည်လုံး တိုးတက်မှုရှိမှသာ နေရာ တိုင်းနေရာတိုင်းတွင်  တိုးတက်မှုရှိမည်ဖြစ်ပါ ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မိမိ နိုင်ငံ   တိုးတက်မှုအတွက်  မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်ရန်  အဓိကဖြစ်သည်ကို သတိပေးလိုပါကြောင်း၊      အခြားသူကို အားကိုးခြင်းထက်  မိမိကိုယ်ကိုအားကိုးခြင်း သည် အကောင်းဆုံးဖြစ်ပါကြောင်း၊ မိမိတို့၏စွမ်းရည်များကို မိမိတို့ကိုယ်တိုင် သေသေ ချာချာထိထိရောက်ရောက်   သုံးနိုင်ပါမှ အခြားမှ  စွမ်းရည်များလည်း   မိမိတို့ဆီသို့ ရောက်လာမည်ဟု ယုံကြည်ပါကြောင်း။

လက်တွဲ၍ ထမ်းဆောင်
 နိုင်ငံ၏ အဓိကလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့်    လျှပ်စစ်မီး ရရှိရေးကို   အစိုးရအနေဖြင့်  အထူးဂရုပြု ဆောင်ရွက်နေပါကြောင်း၊  ပြည်သူလူထု၏ အရည်အချင်းများ  တစ်နေ့ထက်တစ်နေ့ပိုပြီး တက်လာလိမ့်မည်ဟု    ယုံကြည်သကဲ့သို့ နိုင်ငံ၏ဖွံ့ဖြိုးရေးအင်အားသည်လည်း တစ်နေ့ ထက် တစ်နေ့တက်လာမည်ဟု ယုံကြည်ပါ ကြောင်း၊  ယုံကြည်ချက်အတိုင်း   ဝိုင်းဝန်း ပူးပေါင်းလက်တွဲ၍  ထမ်းဆောင်ပေးမည်ဟု မိမိအနေဖြင့် မျှော်လင့်ပါကြောင်းပြောကြား သည်။

ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး    ဦးဝင်းခိုင်က      ၁၁၈ ဒသမ ၉ မဂ္ဂါဝပ်  သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ပေါ်ပေါက်လာပုံ၊   တည်ဆောက်ရေးလုပ်ငန်းများနှင့် ဓာတ်အား ပေးစက်ရုံ  စမ်းသပ်မောင်းနှင်ခဲ့သည့် အခြေ အနေများကို  ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒေသခံပြည်သူများကိုယ်စား သထုံမြို့နယ်       ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ကျေးဇူးတင် စကားပြောကြားသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ယင်းနောက်  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊  ပြည်နယ်ဝန်ကြီး  ဦးဝဏ္ဏကျော်၊ သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့်   အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်တို့က ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်    ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားလူငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ  ကမ္ပည်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး   အမွှေး နံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည်    သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ထားမှုအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုကြ သည်။

ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံ

ယင်းနောက်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သထုံမြို့ သုဝဏ္ဏခန်းမ၌ ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံသည်။တွေ့ဆုံစဉ်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဖွင့်အမှာစကားပြောကြားရာ တွင်   မွန်ပြည်နယ်ကို   လာရောက်ရသည့် အကြောင်းရင်း နှစ်ရပ်ရှိပါကြောင်း၊ ပထမ တစ်ခုအနေဖြင့် လျှပ်စစ်ဓာတ်အားပေးရေးနှင့် ပတ်သက်သည့်    စီမံကိန်းဖွင့်ပွဲများသို့ တက်ရောက်ရန်  ဖြစ်ပါကြောင်း၊  ဒုတိယ အနေဖြင့်  ပြည်သူလူထုနှင့်   တွေ့ဆုံရန် ဖြစ်ပါကြောင်း၊          လျှပ်စစ်ဓာတ်အားရရှိရေးကို  အလေးထား သည်ဆိုသည်မှာ   ပြည်သူက အလေးထား သည့်ကိစ္စရပ်ဖြစ်၍  ဖြစ်ပါကြောင်း၊  ခရီးသွား ပါက  တတ်နိုင်သမျှသောကိစ္စများကို စုပေါင်း လုပ်ဆောင်ရန် ကြိုးစားပါကြောင်း၊ ထိုသို့သော ကိစ္စရပ်များကို အလေးထားသည်ဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်    ရှေ့သို့        ခြေလှမ်းတစ်လှမ်းလျှောက်သည်ဆိုသည့်ပုံစံ ဖြင့် အလေးထားခြင်းဖြစ်ပါကြောင်း။

နိုင်ငံ၏    ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ကောင်းမွန်နေပါကြောင်း၊   ကုန်သွယ်မှု ကွာဟမှုကျလာပါကြောင်း၊  မူလက သွင်းကုန် တွင်သုံးသည့် ငွေကြေးသည်များပြီး ထုတ်ကုန် ပို့သည့်တန်ဖိုးသည် နည်းနေပါကြောင်း၊ ယခု ထုတ်ကုန်တန်ဖိုးသည် တက်လာပြီး သွင်းကုန် ၏ တန်ဖိုးနှင့် ပို၍နီးကပ်လာသည်ကို တွေ့ရ ပါကြောင်း၊ နိုင်ငံ၏တိုးတက်မှုကို ပြနေခြင်း ဖြစ်ပါကြောင်း၊ ထိုတိုးတက်မှုသည် နေ့စဉ်နှင့် အမျှ  ဖြစ်နေသော်လည်း  ပြည်သူလူထု အားလုံးက ချက်ချင်းခံစား၍ ရမည်မဟုတ်ပါ ကြောင်း၊ တဖြည်းဖြည်းဖြင့်သာ ခံစားရမည် ဖြစ်ပါကြောင်း။

အများတိုးတက်မှသာ

လျှပ်စစ်ဓာတ်အားရရှိရေးကိစ္စသည် သာမန်ပြည်သူများအားလုံး  တစ်ပြိုင်နက် ခံစားနိုင်သည့်  အခွင့်အရေးရှိပါကြောင်း၊ အိမ်တိုင်းတွင် ခလုတ်နှိပ်လိုက်ရုံဖြင့် မီးလင်း လာနိုင်သည့်အခြေအနေကို   ခံစားနိုင်ပါ ကြောင်း၊  ထို့ကြောင့်  အများနှင့်ဆိုင်သည့် စီမံကိန်းများကို အထူးအလေးပေးဆောင်ရွက် နေပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးသည် လည်း ထိုကဲ့သို့ ဖြစ်ပါကြောင်း၊ လမ်း၊ တံတား သည်   အစုအဖွဲ့တစ်ခုတည်းနှင့်မဆိုင်ဘဲ ပြည်သူအားလုံးနှင့် ဆိုင်ပါကြောင်း၊ ဒေသ တွင်ရှိသည့်  ပြည်သူများအားလုံးအတွက် လမ်းကောင်းခြင်း၊ တံတားကောင်းခြင်းသည် များစွာအရာရောက်ပါကြောင်း၊    အများ အတွက် ကောင်းကျိုးကို ဦးစားပေးရမည်ဖြစ်ပါ ကြောင်း၊  လူနည်းစုအတွက်  မစဉ်းစားခြင်း မဟုတ်ပါကြောင်း၊ သို့သော် အများစုအတွက် ပထမဦးဆုံး   ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် အများတိုးတက်မှသာ  အနည်းစုကိုလည်း ခေါ်သွား၍ရမည်ဖြစ်ပါကြောင်း။

အားလုံးကို  မုဒိတာပွားနိုင်မည်ဆိုပါက နိုင်ငံစည်းလုံးညီညွတ်ရေးနှင့်  ပြည်ထောင်စု ထူထောင်ရေးသည် ပူပင်စရာအခက်အခဲ မရှိ ပါကြောင်း၊ အများအကျိုးသည် မိမိအကျိုး၊ မိမိအကျိုးသည်  အများအကျိုးဆိုသည့် စိတ်ဓာတ်များ ခိုင်မာလာမည်ဖြစ်ပါကြောင်း၊  တိုင်းရင်းသားပေါင်းစုံဖြင့် စုဖွဲ့ထားသည့် နိုင်ငံ တွင် မည်သည့်တိုင်းရင်းသားများ တိုးတက် တိုးတက်  အားလုံးအတွက် စိတ်ချမ်းသာသည် ဆိုသည့်စိတ်ဓာတ်ရှိပါက   ပြည်ထောင်စု စိတ်ဓာတ်သည် ခိုင်မြဲသွားမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အပါအဝင်  ဆက်စပ်နေသည့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စသည်တို့တွင်  လျှပ်စစ်ဓာတ်အားရရှိမှုများ ပွားများသွားမည်ကို  ယခုတိုင်းဒေသကြီးနှင့်  ပြည်နယ်များတွင် နေထိုင်သည့် ပြည်သူလူထု များသာမက    အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များက ပြည်သူလူထုများက မုဒိတာ ပွားများ ဝမ်းသာနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ တိုးတက်မှုသည်   အဆပေါင်းများစွာ   ပိုမို မြန်ဆန်လာမည်ဟု ယူဆပါကြောင်း။

 နိုင်ငံတစ်နိုင်ငံ၏  ဂုဏ်သိက္ခာသည် အချင်းချင်းတွင်  မှန်မှန်ကန်ကန် ဆက်ဆံမှု နှင့် နိုင်ငံပြင်ပမှ  အခြားကမ္ဘာသူ ကမ္ဘာသား များအပေါ်တွင် မျှမျှတတ ကောင်းကောင်း မွန်မွန်  ဆက်ဆံမှုအပေါ်တွင်  အခြေခံပါ ကြောင်း၊  အချို့က  နိုင်ငံတစ်နိုင်ငံ၏  ဂုဏ် သိက္ခာသည် ချမ်းသာကြွယ်၀မှုအပေါ်တွင် မူတည်သည်ဟု ထင်ကြပါကြောင်း၊ ဂုဏ် သိက္ခာမဟုတ်ဘဲ အရှိန်အဝါသည် ချမ်းသာ ကြွယ်၀မှုအပေါ်တွင် မူတည်သည်ကို လက်တွေ့  ကျကျ လက်ခံရမည် ဖြစ်ပါကြောင်း၊  ရုပ်ပိုင်း ဆိုင်ရာအင်အားသည် မည်သူမျှ ငြင်းပယ်၍ မရနိုင်ပါကြောင်း၊  မိမိတို့၏  ဂုဏ်သိက္ခာ အတွက်  အချင်းချင်းအကြားတွင်  မုဒိတာ မေတ္တာပွားရန် အရေးကြီးသကဲ့သို့ အရှိန်အဝါ အတွက် ကြိုးစား၍  လုံ့လဝီရိယရှိပြီး  နိုင်ငံ တိုးတက်ဖွံ့ဖြိုးအောင်     လုပ်ရမည်ဖြစ်ပါ ကြောင်း၊ တိုးတက်ဖွံ့ဖြိုးမှုရှိမှသာ  မိမိတို့နိုင်ငံ တည်ငြိမ်ရေးနှင့် အေးချမ်းရေးကို ထိန်းသိမ်း ထားနိုင်မည်ဖြစ်ပါကြောင်း။

ဂုဏ်သိက္ခာရှိအောင်နေ

 တိုးတက်ဖွံ့ဖြိုးမှုမရှိသည့် နိုင်ငံများနှင့် လူ့အသိုင်းအဝိုင်းများတွင်  ရေရှည်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အလွန်ခက်ခဲပါ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းသာယာမှု နှစ်ခုလုံးကို   ဒွန်တွဲ၍   ဖြစ်မြောက်အောင် ဆောင်ရွက်ရမည်ဟု  အစိုးရက လက်ခံထားပါ ကြောင်း၊ တိုးတက်မှုအတွက် ဝိုင်းဝန်းကူညီပေး သည့် ပြည်သူလူထုများ၊ ဝန်ထမ်းများနှင့် အဖွဲ့ အစည်းအားလုံးကိုလည်း   တန်ဖိုးထားပါ ကြောင်း၊ မိမိတို့၏ အရင်းအမြစ်များ၊ ရတနာ များသည် ပြည်သူလူထုဖြစ်ပါကြောင်း၊ ပြည်သူ လူထုအနေဖြင့် တစ်နေ့ထက်တစ်နေ့ မိမိကိုယ် ကို တန်ဖိုးရှိပြီး ဂုဏ်သိက္ခာရှိအောင်နေကြပါ ဟု တိုက်တွန်းလိုပါကြောင်း။

 လူတိုင်းသည် မိမိကိုယ်ကို အားကိုးနိုင်ပြီး မိမိအစွမ်းအစကို အားကိုးကာ တိုးတက်အောင် လုပ်နိုင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် မိမိနိုင်ငံသူ နိုင်ငံသားများကို အားကိုးလိုပါ ကြောင်း၊ ပြည်ပမှ မိတ်ဆွေများ၏ အကူအညီ များကို တန်ဖိုးထားကြိုဆိုပါကြောင်း၊ သို့သော် နောက်ဆုံးတွင် မိမိအင်အားကိုသာ အားကိုး ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိဘဆရာ များသည် ကလေးများကို  တိုးတက်အောင်၊ ပညာရှာတတ်အောင်၊ ပညာရှာချင်အောင် အားပေးစေလိုပါကြောင်း၊ မိဘများကိုယ်တိုင် ကလည်း အသက်ထက်ဆုံး ပညာရှာတတ် သည့်  အမူအကျင့်များကို ပြကြပါဟု မေတ္တာ ရပ်ခံလိုပါကြောင်း၊ ပညာရှာခြင်းသည် ကျောင်း တွင် သင်ယူခြင်းကို ဆိုလိုခြင်းမဟုတ်ပါကြောင်း၊ လောကတွင် ရင်ဆိုင်ရမည့် ပြဿနာ၊ စိန်ခေါ် မှုများကို ကျော်လွှားသည့်နေရာတွင် မှန်မှန် ကန်ကန် သိက္ခာရှိရှိဖြင့်  ကျော်လွှားနိုင်ရန် နည်းလမ်းများရှာခြင်းကို  ဆိုလိုခြင်းဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့် ပြည်သူများနှင့် တွေ့ဆုံ သည့်အခါ ပြည်သူများထံမှ သင်ယူရသည်များ လည်းရှိပါကြောင်း၊  ပြည်သူများ၏ လုပ်ပုံ၊ ကိုင်ပုံ၊ ပြောပုံ၊ ဆိုပုံများကို သင်ခန်းစာယူရပါ ကြောင်း ပြောကြားသည်။

ဖြည့်စွက်ရှင်းလင်း

ယင်းနောက်  ဒေသခံပြည်သူများက စာဖြင့်ကြိုတင်တင်ပြထားသည့်  ကျိုက်ထို မြို့ရှောင်လမ်း တည်ဆောက်ပြီးစီးမည့်အချိန် နှင့် သုံးစွဲမည့်ရန်ပုံငွေကို သိရှိလိုခြင်း၊ သထုံ နှင့်  ဘီးလင်းမြို့နယ်များတွင်   နွေစပါး ပိုမို တိုးတက် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက် ပေးမည့်အစီအမံများကို    သိရှိလိုခြင်း၊ ကျိုက်မရော၊ ချောင်းဆုံ၊ ဘီးလင်းမြို့ နယ်များ တွင် Telemedicine, Teleradiology  ဌာနများဖွင့်လှစ်ထားပြီး ခေတ်မီဒစ်ဂျစ်တယ် X-Ray
ဓာတ်မှန်စက်ကြီးများဖြင့် ဆောင်ရွက် ပေးနေသည့်အတွက် အဖြေများကို လွယ်ကူ လျင်မြန်စွာရရှိပြီး    ကုန်ကျစရိတ်များ သက်သာသဖြင့် ကျန်မြို့နယ်များတွင်လည်း ထိုဌာနများကို ဆက်လက်ဆောင်ရွက်ပေးရန် ရှိ/မရှိ သိရှိလိုခြင်း၊ သထုံခရိုင် ခုတင် ၁၀၀ ဆံ့ ဆေးရုံကြီးအား ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီး အဖြစ်  အဆင့်တိုးမြှင့်ပေးရန်နှင့်  ပိန္နဲတော ကျေးလက်ကျန်းမာရေးဌာနအား  တိုက်နယ် ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ သထုံ မြို့နယ်တွင်  ဓာတ်အားခွဲရုံကြီး  မကြာမီ ဖွင့်လှစ်မည်ဆိုသည်ကို သိရှိရသည့်အတွက် ယနေ့အချိန်အထိ လျှပ်စစ်မီးမရရှိသေးသည့် သထုံမြို့နယ်၏ အရှေ့ဘက်ခြမ်း ကျေးရွာများ ဖြစ်သော     နောင်ကုတ်ကျေးရွာအုပ်စု၊ ဝီယော်ကျေးရွာအုပ်စု၊  မတ်ချကျေးရွာအုပ်စု၊ ဝင်းဖုန်းကျေးရွာအုပ်စု၊   ပိန္နဲတောကျေးရွာ အုပ်စု၊ ကော့လှိုင်ကျေးရွာအုပ်စု၊ ချောင်းဇောင့် ကျေးရွာအုပ်စုတို့ကို    လျှပ်စစ်မီးရရှိရေး ကူညီဆောင်ရွက်ပေးရန်၊  ညောင်ကုန်းကြီး-ထန်းတပင်-ချောင်လေး-မြလေးချောင်-ရင်းငြိမ်မြောက်လမ်းသည် ၁၁ မိုင် ရှည်လျား ပြီး ၇ မိုင်ကို ကတ္တရာခင်းပြီးဖြစ်သည့်အတွက် ကျန် ၄ မိုင်အား  လာမည့်ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းအဖြစ် ဆက်လက်ဆောင်ရွက် ပေးရန်၊ ကျွဲခြံ-ကော့ကရင်-ဒေးကင်းလမ်းသည် ၄/၃ ဒသမ ၄၅ မိုင်မှ ၂/၀ မိုင်ခန့်သည် ကတ္တရာလမ်းအမျိုးအစားဖြစ်ပြီး  ကျန် ၂ မိုင် ၃ ဖာလုံကို  ကတ္တရာလမ်းအဖြစ် ဆက်လက် ဆောင်ရွက်ပေးရန်၊ ဇင်းကျိုက်-တပ်မှူးချောင်း- ဘိုင်လောင်းလမ်းသည် စုစုပေါင်း ၆ မိုင် ၆ ဒသမ ၅ ဖာလုံရှိသော မြေသားလမ်းဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင်    ကျောက်ချော လမ်းအဖြစ်  အဆင့်မြှင့်တင်ဆောင်ရွက် ပေးရန် စသည့်တင်ပြချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ခန်းမအပြင်ဘက်ရှိ  ဒေသခံ ပြည်သူ (၃)ဦးတင်ပြသည့် ယာယီလာရောက် နေထိုင်သည့်   မြေနေရာတွင်  တရားဝင် နေထိုင်ခွင့်ရရှိရေး၊ သုသာန်မြေအား ရွာသူ ရွာသားများ၏ဆန္ဒမပါဘဲ စီမံကိန်းအကောင် အထည်ဖော်ရန်    ဆောင်ရွက်နေမှုနှင့် ကျေးရွာများ  လျှပ်စစ်မီးရရှိရေးဆိုင်ရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ခန်းမအတွင်းရှိ ဒေသခံပြည်သူ(၅)ဦးတင်ပြ သည့်    သထုံမြို့    အောက်ကျင်းရပ်ကွက် ကန်ညီနောင် သောက်သုံးရေလုံလောက်စွာရရှိရေးအတွက်     ဆောင်ရွက်ပေးရန်၊             မီးလင်းရေးကော်မတီအပြောင်းအလဲဖြစ်မှု နှင့် ငွေစာရင်းရှင်းတမ်းကိစ္စ၊ ရှေးဟောင်းဘုရား စေတီပြုပြင်ခြင်းကိစ္စ၊ သိမ်ဇရပ်မြို့ ပလပ်မြေ နေရာများတွင်  ဆိုင်ခန်းများ၊   အဆောက်အဦ များ  ဝင်ရောက်တည်ဆောက်ခြင်းကိစ္စ၊      ကျေးရွာဖယ်ရှားပြောင်းရွှေ့ခံရမှုနှင့် နစ်နာ ကြေးမရမှုဆိုင်ရာ     တင်ပြချက်များနှင့် စပ်လျဉ်း၍  လည်းကောင်း   မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာ  တာဝန်ရှိသူများက   ပြန်လည်  ရှင်းလင်းဖြေကြားကြပြီး     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က  နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် အချင်းချင်း မကျေလည်မှုများရှိပါက ညှိနှိုင်းတိုင်ပင်ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ ထွက်ပေါက်တစ်ခုကို နှစ်ဦးနှစ်ဖက်စဉ်းစားပြီး ရှာရန်လိုအပ်ပါကြောင်း၊ မိမိဖြစ်စေချင်သည့် အတိုင်းဖြစ်မှ             
အဆင်ပြေမည်ဆိုပါက အလုပ်ဖြစ်မည်မဟုတ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် ပါဝင်ကြသည့်  ပြည်သူလူထုကို  ကျေးဇူးတင်ရှိပါကြောင်း၊  မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထု ရင်ဆိုင်နေရသည့် ပြဿနာများကို အတိုင်းအတာတစ်ခုထိ သိခွင့်ရခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ယင်းပြဿနာများကို မြန်မြန်ဆန်ဆန်နှင့် အများထင်သာ မြင်သာရှိအောင်  ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင်   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသခံ တိုင်းရင်းသားလူငယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနား သို့  တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် သထုံမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ မော်လမြိုင်သို့ ရောက်ရှိကြပြီး မော်လမြိုင်လေဆိပ် ဧည့်ခန်းမဆောင်၌ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီးနှင့် ဌာန ဆိုင်ရာ အကြီးအကဲများက နေပြည်တော်လေဆိပ်၌ ကြိုဆိုကြသည်။
သထုံ ၁၁၈ ဒသမ ၉ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို အတိုးနှုန်း သက်သာသော ကမ္ဘာ့ဘဏ် IDA ချေးငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးကာလ  (၃၆) လနှင့် အပြီးတည်ဆောက်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ပြီဖြစ်ကြောင်း၊ သထုံစက်ရုံ ပတ်ဝန်းကျင်အနီးရှိ ကျေးရွာများမှ အိမ်ခြေ ၁၂၂၀ အထိ လျှပ်စစ်မီး တိုးတက် သုံးစွဲနိုင်ခဲ့ကြောင်း။

နောင်တိုးတက်သုံးစွဲလာမည့်   မွန်ပြည်နယ်နှင့်   ကရင်ပြည်နယ်၏ ဓာတ်အားသုံးစွဲမှုများကို ဖြည့်ဆည်းနိုင်ရန် သထုံဒေသတွင် ၁၀၆ မဂ္ဂါဝပ် Combined Cycle Power Plant စီမံကိန်းကို ထပ်မံအကောင်အထည်ဖော် ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မွန်ပြည်နယ်အနေဖြင့် မြို့ (၁၄)မြို့၊ ကျေးရွာပေါင်း(၈၃၀) ၊ အိမ်ထောင်စုပေါင်း(၂၁၆၂၈၃)၊ (၅၁ ဒသမ ၁၈ ရာခိုင်နှုန်း) လျှပ်စစ်ဓာတ်အားရရှိပြီဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တွင် ၅၅ ရာခိုင်နှုန်း အထက်သို့လည်းကောင်း၊ NEP Phase -I အရ (၆၇) ရွာ ဓာတ်အားတိုးတက်ရရှိလာမည်ဖြစ်၍ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း အထက်သို့လည်းကောင်း ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ ပြည်သူများ ဓာတ်အားရရှိသုံးစွဲနိုင်ရေး အတွက် ယနေ့အထိ နိုင်ငံတော်မှ မွန်ပြည်နယ်တစ်ခုလုံးအတွက် ငွေကျပ်ကျပ် ၇၇ ဒသမ ၇ ဘီလီယံ အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။

နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်သည် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိပြီး မဂ္ဂါဝပ်အားဖြင့် တစ်နှစ်လျှင် ၃၀၀ မှ ၅၀၀ ကြား တိုးတက် လိုအပ်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ်  (၃၈၀၀) ခန့်ရှိသော်လည်း နောက်(၃)နှစ်ခန့်အတွင်းတွင် တိုးတက် လာမည့် ဓာတ်အားလိုအပ်ချက်အရ နောက်ထပ်မဂ္ဂါဝပ် (၃၀၀၀) ခန့် တိုးမြှင့် ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။

ဓာတ်အားများကို တစ်နိုင်ငံလုံးပို့ဆောင်ရာတွင်  တောင့်တင်းသော ဓာတ်အားကွန်ရက်ဖြင့် သယ်ဆောင်နိုင်ရန် ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း များနှင့် ၅၀၀ ကေဗွီ ပြည်ထောင်စုမဟာဓာတ်အားလိုင်းများ တည်ဆောက် နိုင်ရေး အစီအစဉ်များရေးဆွဲဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈ သန်းကျော်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် မတ်လအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၇ သန်းကျော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီးဖြစ်ကြောင်း၊ ၆ ဒသမ ၁ သန်းကျော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ်အကုန်တွင် တစ်နိုင်ငံလုံးရှိ ၅၀ ရာခိုင်နှုန်းသော    အိမ်ထောင်စုများ လျှပ်စစ်မီးရရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ ၅၅ ရာခိုင်နှုန်းကျော်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ပြည့်၀စွာသုံးစွဲနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment