Thursday, April 4, 2019

ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီများ


 
 
မြန်မာ့အလင်း အယ်ဒီတာအာဘော်
 
 
ဒီမိုကရေစီစနစ်အောက်တွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ၏ အခန်းကဏ္ဍမှာ အရေးကြီးလှပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ် ခိုင်မာ အခြေတကျမဖြစ်သေးသည့် တိုင်းပြည်အဖို့ အရည် အချင်းပြည့်၀သည့် နိုင်ငံရေးသမား အများအပြား ပိုမိုလိုအပ်သည်မှာ အမှန်။
နိုင်ငံရေးပါတီကောင်း၊ သို့မဟုတ် နိုင်ငံရေးသမားကောင်းတစ်ဦး၏ အဓိကအကျဆုံး အရည်အချင်းမှာ ပြည်သူလူထုနှင့်အတူ ရပ်တည်ရင်း ပြည်သူလူထု၏ ဆန္ဒသဘောထားကို သေသေချာချာ နားလည်ခြင်းဟု ယူဆပါသည်။ နိုင်ငံရေးမူဝါဒလမ်းစဉ်တို့ကို ဦးဆောင်ချမှတ်နိုင်ရန် လိုအပ်ပြီး လူထုနှင့် နီးကပ်မှုကအရေးကြီးပါသည်။ လူထု၏ နောက်က ဒရောသောပါးလိုက်နေရသည့် နိုင်ငံရေးသမားများ ဖြစ်ဖို့ မသင့်သလို၊ လူထုနှင့် မနီးစပ်သည့် လုပ်ငန်းစဉ်များကိုဖော်ထုတ်နေသူများလည်း ဖြစ်ဖို့ မသင့်ပါ။ တစ်နည်းအားဖြင့်ဆိုရလျှင် အလွန်အင်မတန်ကောင်းမွန် လှသည်ဟု ကိုယ်တိုင်မည်သို့ပင် ယုံကြည်သည့် လုပ်ငန်းစဉ်ဖြစ်စေကာမူ ပြည်သူလူထုက လက်ခံသဘောတူခြင်းမရှိလျှင် အောင်မြင်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။
ထို့အတူ လူထုနှင့် အေးအတူပူအမျှ ခံစားစံစားလိုစိတ်ရှိပြီး ကိုယ်ကျိုး စီးပွားကို နောက်တန်းပို့ထားနိုင်မှ နိုင်ငံရေးသမားကောင်း ဖြစ်ပါမည်။ ဒီမိုကရေစီအမှောင်ဖုံးကာလများက ကိုယ်ကျိုးရှာ စည်းစိမ်ကြီးသူ အခွင့်ထူးခံ နိုင်ငံရေးသမားများကြောင့် နိုင်ငံဆင်းရဲ ပြည်သူမွဲခဲ့သည့် သမိုင်းက သက်သေခံနေပါသည်။
ထို့ပြင် လူထုနှင့် နီးစပ်သော အနစ်နာခံ နိုင်ငံရေးသမားဖြစ်ရုံ မျှမက လူထုကို ဦးဆောင်မှုပေးနိုင်သည့်၊ မူဝါဒနှင့် ပေါ်လစီရေးရာ ပိုင်နိုင်သည့်၊ ဇွဲလုံ့လရှိရှိ အလုပ်လုပ်နိုင်သည့် အရည်အချင်း အရည်အသွေးကောင်းများ လည်း ရှိရန်လိုပါမည်။ မည်သို့သော အလုပ်မျိုးက ပြည်သူလူထုအတွက် ထိရောက်အကျိုးရှိမည်ဆိုသည်ကိုပါ နားလည်ပါးနပ်ရန်လည်း လိုပါမည်။ပြီးနောက် လူထုနှင့်ဆက်သွယ်ပြောဆိုနိုင်စွမ်း၊ နားထောင်နားလည်နိုင် သော နှလုံးသားရှိရန်လည်း လိုအပ်ပါမည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်နှင့် လွန်မင်းစွာ အလှမ်းဝေးသည့် အမူအလေ့ကြားမှာ နှစ်ငါးဆယ်ကျော် ခြောက်ဆယ်ခန့် ကျင်လည်ခဲ့ရသည် ဖြစ်သည့်အတွက် ထိုကာလများတွင် နိုင်ငံရေး ပီပီသသလုပ်ခွင့်ရသည့် နိုင်ငံရေးသမားဟူ၍ မရှိခဲ့ရ။ နိုင်ငံရေးသမားဟုဆိုလျှင် ရာသက်ပန် အတိုက်အခံလုပ်နေကြရတော့မည့်သူများလိုလို၊ သို့မဟုတ် ထောင်နှင့် အကျဉ်းစခန်းများ၊ စစ်ကြောရေးစခန်းများတွင် ကျင်လည်နေရသူများ လိုလို၊ သို့မဟုတ် လှုပ်၍မရအောင် ထိန်းကွပ်ခံထားရသူများလိုလိုသာ ဖြစ်နေခဲ့သည် မဟုတ်ပါလား။
သည်လိုကြားထဲတွင် လမ်းစဉ်ပါတီအစိုးရက ပါတီစုံဟုအမည်တပ် ကြွေးကြော်လိုက်သည့်အခါ၊ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို အာဏာ သိမ်းလိုက်သည့်အခါ၊ ထိုပါတီစုံအထွေထွေရွေးကောက်ပွဲ ပေါ်ပေါက်လာခဲ့ သည့်အခါ အရေးတော်ပုံ၏ ရလဒ်တစ်ခု အောင်မြင်မှုတစ်ခုအနေဖြင့် နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခွင့်ရခဲ့ကြခြင်း ဖြစ်ပေ၏။
လူထု၏ ဒီမိုကရေစီစနစ်ပေါ် ယုံကြည်ချက်၊ အာဏာရှင်စနစ်ကို မလိုလားချက်တို့၏ အခြေခံဖြင့် ဒီမိုကရေစီရေး နိုင်ငံရေးပါတီများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်၏။ သို့သော်လည်း နိုင်ငံရေးအင်အားစုများအတွင်း၌ ပါတီအဖွဲ့အစည်းနှင့် နိုင်ငံရေးဆောင်ရွက်သည့် အစဉ်အလာ ခါးဆက် ပြတ်မှုဖြစ်ပေါ်ခဲ့ပြီး နိုင်ငံရေး ပီပီသသနှင့် နိုင်ငံရေးအင်အားကောင်းသည့် ပါတီများများစားစား မပေါ်ပေါက်နိုင်ခဲ့ဟု မြင်ပါသည်။
ယခုအခါတွင်မူ နိုင်ငံရေးကို အတော်အသင့် ကျကျနနလုပ်ခွင့်ရသည့် ခေတ်ကို ရောက်ရှိလာပြီ၊ ဒီမိုကရေစီ အခွင့်အရေးများလည်း အတော် အတန် ရရှိလာခဲ့ကြပြီဟု ယူဆပါသည်။ ထို့ပြင် ပြည်သူလူထု၏ နိုင်ငံရေး နိုးကြားမှု ပါးနပ်မှုတို့ကလည်း နိုင်ငံရေးပါတီတို့အတွက် အားတက်စရာ ဖြစ်ပါသည်။ သည်လိုအချိန်တွင် သည်လိုအခွင့်အရေးများပေါ်မူတည်ပြီး နိုင်ငံအတွင်း၌ အလွန်လိုအပ်နေသည့် နိုင်ငံရေးသမားကောင်းများ အင်နှင့် အားနှင့်ပေါ်ထွန်းလာရေးအတွက် နိုင်ငံရေးပါတီများက စနစ်တကျ ဦးစား ပေးဆောင်ရွက်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်နေပါကြောင်း။ ။

No comments:

Post a Comment