Saturday, April 20, 2019

အနာဂတ်အတွက် ခွန်အား


မြန်မာ့အလင်းအယ်ဒီတာအာဘော်



ကျောင်းများ၊ တက္ကသိုလ်များတွင် မူးယစ်ဆေးအန္တရာယ် ကင်းစင် ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက် သေစာသောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ ကျောင်းသားထုအတွင်း ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တတရာယ်တို့ကြောင့် ထိခိုက် ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ ကျောင်းသားလူငယ်များကို မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်း သင်ကြားပေးနိုင်ရေးနှင့် ကျောင်းသားလူငယ်များတွင် ဂိမ်းအလွန် အကျွံစွဲလမ်းမှု ပပျောက်ရေးကိစ္စများကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ဆက်လက်ပူးပေါင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားမည်ဆိုသော သတင်းက နှစ်ထောင်းအားရ ဖွယ်ရာပင် ဖြစ်သည်။


ကျောင်းသားလူငယ်ထုအတွင်း မရှိသင့် မရှိထိုက်သော ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးတို့ ကင်းစင်ရေး၊ ကျောင်းသား လူငယ်များ အတွင်း ရှိသင့်ရှိထိုက်သော ကျန်းမာရေးနှင့် ညီညွတ်သည့် ဘ၀နေထိုင်မှု ပုံစံများ ကျင့်သုံးလာရေးအတွက် အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သွားမည်လည်းဖြစ်ရာ တစ်မျိုးသားလုံးက ကျရာကဏ္ဍအသီးသီးမှ စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြရမည်လည်းဖြစ်သည်။


ဦးဆောင်အကောင်အထည်ဖော်မည့် ပညာရေးဝန်ကြီးဌာနနှင့် လိုအပ် သည်တို့ကို ပံ့ပိုးကူညီပေးမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့အပြင် အခြားဆက်နွှယ်နေသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ နှင့်တကွ ကျောင်းအသီးသီး၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတို့မှ အုပ်ချုပ်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းကော်မတီအသီးသီးနှင့် ကျောင်းသားသမဂ္ဂ၊ ဆရာ ဆရာမ သမဂ္ဂများ၏ အချိတ်အဆက်မိမိ၊ ထိထိရောက်ရောက်၊ စေတနာပါပါ ဆောင်ရွက်မှုများ လိုအပ်သလို ကာယကံရှင်ဖြစ်သည့် ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ ၏ နားလည်မှုရှိရှိ ပူးပေါင်းပါဝင်မှုများက အဓိကကျမည်ဟု ယူဆမိ သည်။


စင်စစ်အားဖြင့် လူငယ်များအတွင်း ဆေးလိပ်၊ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့မှာ အမူအကျင့်ဆိုင်ရာ ပြဿနာများဖြစ်ပြီး ပြုပြင်တည့်မတ်ပေးရန်မှာလည်း ပညာရှာမှီးရာ နယ်မြေကျောင်းပရိဝုဏ် များ၊ ပညာရေးအသိုက်အဝန်းများအကြားတွင် ခဲရာခဲဆစ်ဖြစ်ဖွယ်ရှိမည် မဟုတ်ဟူ၍လည်း ရှုမြင်မိသည်။ ကျောင်းသူ ကျောင်းသားများကိုယ်တိုင် က ကျောင်းသို့လာရောက်၍ ပညာသင်ယူကြခြင်းသည် စာမေးပွဲအောင်ရုံ၊ ဘွဲ့လက်မှတ်တစ်ခု ရရုံမျှသာမဟုတ်ဘဲ မိမိတို့ တစ်ဦးချင်းစီ လျှောက်လှမ်း ကြရမည့် အနာဂတ်ဘ၀ခရီးအတွက် ကြိုတင်ပြင်ဆင်ဖြည့်ဆည်းကြခြင်း ဖြစ်သည်ကို ခံယူလာကြရေးအတွက် လမ်းòန်ပေးကြရမည်လည်း ဖြစ်သည်။ ကျောင်းသင်ခန်းစာများကိုသာမက မိမိတို့ ဝါသနာနှင့်ကိုက်ညီ မည့် အသိပညာ၊ အတတ်ပညာများကို အမှန်တကယ် အသုံးချကာ အသက် မွေးဝမ်းကျောင်းပြုနိုင်သည်အထိ အားထုတ်ဆည်းပူးကြရမည့် အချိန် အခါတွင် အရက်၊ မူးယစ်ဆေး ရေစီးကြောင်းထဲမျောပါကာ ဘ၀မပျက်ကြ စေဖို့၊ နိမ့်ကျသည့်အခြေအနေသို့ ရောက်ရှိမသွားကြစေဖို့ ဂရုပြုကြရမည် ဖြစ်သည်။


မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် လူငယ်ထုကို အနာဂတ် နိုင်ငံတော်အတွက် တန်ဖိုးမြင့်သော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် မဖြစ်မနေပြုစုပျိုးထောင်ရမည့် အချိန်အခါဖြစ်သည်။ လာမည့် ၁၅ နှစ်တာကာလတွင် မြန်မာနိုင်ငံ၏ အလုပ်လုပ်ကိုင်နိုင်မည့် လူဦးရေသည် နိုင်ငံ့လူဦးရေ၏ ၆၇ ရာခိုင်နှုန်းထိ ရောက်ရှိလာမည်ဟု ခန့်မှန်းမှုများရှိရာ အဆိုပါအင်အားသည် နိုင်ငံတည်ဆောက်ရေးအတွက် အင်အားများသာ ဖြစ်ရမည်ဖြစ်ပြီး လမ်းချော်သွားမည့် အင်အားများ၊ ယုတ်လျော့သွားမည့် အင်အားများ၊ အဟောသိကံဖြစ်သွားမည့် အင်အား များ ဖြစ်မသွားသင့်။ တန်ဖိုးမြင့် လူစွမ်းအားအရင်းအမြစ်ကြီး၏ ဆန္ဒ ခွန်အား၊ စိတ်ဓာတ်ခွန်အား၊ ဝီရိယခွန်အား၊ ပညာခွန်အားတို့ဖြင့် အနာဂတ် နိုင်ငံတော်ကြီးကို မြင့်မားလှပစွာ တည်ဆောက်နိုင်ပါစေကြောင်း။ ။

No comments:

Post a Comment