Monday, April 1, 2019

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲရလဒ်များ ယနေ့ညပိုင်းမှစတင်ကာ ကြေညာသွားမည်




ရန်ကုန် မတ် ၃၁
ရန်ကုန်မြို့နေပြည်သူများ  မျှော်လင့်နေသည့်  သန့်ရှင်းသာယာလှပပြီး      စည်းကမ်းရှိသည့် မြို့တော်ကြီးအဖြစ်   အကောင်အထည်ဖော် ဆောင်ပေးနိုင်မည့်        ရန်ကုန်မြို့တော်   စည်ပင်သာယာရေးကော်မတီ   အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲကို ယနေ့ နံနက် ၆ နာရီမှစတင်၍ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် တစ်ပြိုင်နက်တည်း    ကျင်းပရာ     မဲဆန္ဒရှင် ပြည်သူများသည် သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးသို့ လာရောက်ဆန္ဒမဲပေးကြသည်။
မရမ်းကုန်းမြို့နယ် အမှတ်(၁)   ရပ်ကွက်မှ မဖြူဖြူထွန်းက "ကိုယ့်ရပ်ကွက်ကို ဘာတွေ အထောက်အကူပြုနိုင်မလဲ၊ ဘာတွေလုပ်ပေး နိုင်မလဲ   ဆိုတဲ့အပေါ်မှာ   က်ိုယ်ယုံကြည်တဲ့ ကိုယ်စားလှယ်လောင်းကို  မဲထည့်ခဲ့တယ်။ အနိုင်ရတဲ့ကိုယ်စားလှယ်အနေနဲ့ လမ်းတွေ၊ ရေမြောင်းတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးစေချင်တယ်။    ရန်ကုန်မြို့ကြီးကို ပြုပြင်ပြောင်းလဲဖို့ အများကြီးလုပ်ရပါဦးမယ်။ အဲဒီလိုအပ်ချက်တွေကို     နောက်ထပ် တင်မြှောက်ခံရမယ့် ကိုယ်စားလှယ်တွေအနေ နဲ့ လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟုပြောသည်။
ကတိကဝတ်များပြု
ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်   ရွေးကောက်တင် မြှောက်ပွဲတွင်      ဝင်ရောက်အရွေးခံကြ    သည့် ကိုယ်စားလှယ်လောင်းများသည်လည်း      ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ရန်ကုန်မြို့ နေပြည်သူများ၏ မျှော်လင့်ချက်အတိုင်း သန့်ရှင်း သာယာလှပပြီး စည်းကမ်းရှိသည့် မြို့တော် ကြီးအဖြစ် ပြောင်းလဲပေးနိုင်မည့်   အစီအစဉ်များကို  ရန်ကုန်မြို့နေ မဲဆန္ဒရှင် ပြည်သူများထံ ကတိကဝတ်များ ပြုခဲ့ကြသည်။
မရမ်းကုန်းမြို့နယ်   စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ   ကိုယ်စားလှယ်လောင်း ဦးစိန်ထွန်းက       "စည်ပင်နဲ့ပတ်သက်လို့  ပြည်သူတွေ အလေးအနက်ထားတဲ့ကိစ္စတွေ၊ လိုအပ်ချက်တွေကို ဥပဒေဘောင်အတွင်းက ဥပဒေနဲ့အညီ    ဖြည့်ဆည်းပေးသွားမယ်။ အကျင့်ပျက်ခြစားမှုတွေကို    တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့အတူ      ကိုယ်နိုင်သလောက် တိုက်ဖျက်သွားမယ်။ ပြည်သူ့အသံ၊ ပြည်သူ့ ဆန္ဒကိုနားထောင်ပြီး ပြည်သူတွေရဲ့  လိုအပ် ချက်တွေကို       ဖြည့်ဆည်းပေးသွားမယ်။ ရန်ကုန်မြို့ကြီး   စည်းကမ်းတကျ   ဖွံ့ဖြိုး တိုးတက်ဖို့   တစ်ထောင့်တစ်နေရာကနေ လုပ်ဆောင်ပေးသွားမယ်"ဟုပြောသည်။
၃ ဒသမ ၄ သန်းရှိ
ရန်ကုန်စည်ပင်သာယာ   နယ်နိမိတ် အတွင်း ၃၃  မြို့နယ်တွင်   ကျင်းပသည့် ရန်ကုန်မြို့တော်      စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်   ရွေးကောက်တင် မြှောက်ပွဲတွင်   အသက် ၁၈  နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃ ဒသမ ၄ သန်း ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်    ရွေးကောက်တင် မြှောက်ပွဲတွင်  မြို့တော်ကော်မတီဝင်နေရာ အတွက် ၂၇ဦး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနေရာအတွက် ၉၉ ဦး၊ မြို့နယ် အဖွဲ့ဝင် (၁) နေရာအတွက် ၇၄ ဦးနှင့် မြို့နယ် အဖွဲ့ဝင် (၂) နေရာအတွက် ၇၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စား လှယ်လောင်းများအား   မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် ဆန္ဒမဲပေးရာတွင် မဲလက်မှတ် လေးစောင်ထုတ်ယူရပြီး မြို့တော်ကော်မတီ ဝင်၊   မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အဖွဲ့ဝင် (၁)နှင့် မြို့နယ်အဖွဲ့ဝင် (၂) နေရာများအတွက် မဲဆန္ဒပေးရကြောင်း သိရသည်။
လိုအပ်သည်များကိုကူညီ
မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသည့် မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက်  သက်ဆိုင်ရာမြို့နယ် အလိုက်   ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊   မဲရုံမှူးများနှင့် အဖွဲ့ဝင်များ က   လိုအပ်သည်များကို   ကူညီဆောင်ရွက် ပေးကြသည်။
ကျောက်တံတားမြို့နယ်   အမှတ် (၇) ရပ်ကွက် ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌ  ဦးဝင်းနိုင် ဦးက "အမှတ် (၇) ရပ်ကွက်မှာ မဲရုံ (၁)၊ (၂)၊ (၃) ဆိုပြီး စုစုပေါင်း မဲရုံသုံးရုံရှိတယ်။ အားလုံးပေါင်း မဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၄၀၀ ကျော်ရှိပါတယ်။ မဲလာထည့်တဲ့အပေါ် စနစ် တကျဖြစ်အောင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးတွေကို ဆရာ ဆရာမတွေက တာဝန်ယူထားပါတယ်။ အတွေ့အကြုံရှိတဲ့သူတွေပါပဲ။ အခက်အခဲ တော့မရှိပါဘူး။ မြို့နယ်ကလည်း စနစ်တကျ သင်တန်းတွေပေးထားပါတယ် "  ဟု  ပြော သည်။
နောက်ဖေးလမ်းကြား သန့်ရှင်းစေချင်
စည်ပင်ရွေးကောက်ပွဲကို ရန်ကုန်စည်ပင် သာယာနယ်နိမိတ်အတွင်းရှိ   မြို့နယ် ၃၃ မြို့နယ်တွင် မဲဆန္ဒနယ် ခြောက်ခုသတ်မှတ်ကာ မဲရုံပေါင်း ၂၈၇၉ ရုံရှိကြောင်း  မဲဆန္ဒနယ် (၁)တွင်   တောင်ဥက္ကလာ၊   မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မဲဆန္ဒနယ် (၂)တွင် ဒဂုံမြို့သစ် တောင်ပိုင်း၊   ဒဂုံမြို့သစ်မြောက်ပိုင်း၊   ဒဂုံ မြို့သစ်အရှေ့ပိုင်း၊     ဒဂုံမြို့သစ်ဆိပ်ကမ်း၊ မဲဆန္ဒနယ်   (၃)တွင်    ကြည့်မြင်တိုင်၊ စမ်းချောင်း၊   ဆိပ်ကမ်း၊  ဒဂုံ၊  ပန်းဘဲတန်း၊ ဗဟန်း၊  လသာ၊ လမ်းမတော်၊ အလုံ၊ တာမွေ၊ ကမာရွတ်၊ ရန်ကင်း၊ မဲဆန္ဒနယ် (၄)တွင် ကျောက်တံတား၊  ဒေါပုံ၊   ပုဇွန်တောင်၊ ဗိုလ်တထောင်၊      မင်္ဂလာတောင်ညွန့်၊ သာကေတ၊   ဒလ၊   ဆိပ်ကြီးခနောင်တို၊ မဲဆန္ဒနယ် (၅)တွင် လှိုင်သာယာ၊ အင်းစိန်၊ မဲဆန္ဒနယ်   (၆)တွင်   မရမ်းကုန်း၊ လှိုင်၊ မင်္ဂလာဒုံ၊   ရွှေပြည်သာမြို့နယ်တို့   ပါဝင်ကြ ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ် (၇)ရပ်ကွက်မှ ဦးမှတ်ကြီးက   "လူမှန်နေရာမှန်   အများ အကျိုးသယ်ပိုးမယ့်သူကိုပဲ မဲပေးခဲ့ပါတယ်။ အရင်အစိုးရလက်ထက်တုန်းကလည်း စည်ပင် ရွေးကောက်ပွဲလုပ်ခဲ့တယ်။  အခုရွေးကောက် ပွဲကတော့ ပိုပြီးပွင့်လင်းမြင်သာမှုရှိပါတယ်။ စည်ပင်နဲ့ပတ်သက်ပြီးပြောရရင်  နောက်ဖေး လမ်းကြား သန့်ရှင်းစေချင်တယ်။ အိမ်ရှေ့တွေ မှာ လမ်းလျှောက်လို့မရအောင် ပန်းအိုးတွေ ချထားတယ်။   ဒါကိုလည်း   တက်လာမယ့် ကိုယ်စားလှယ်တွေ  ရှင်းပေးစေချင်ပါတယ်" ဟု ပြောသည်။
စနစ်တကျစီမံဆောင်ရွက်
ရန်ကုန်မြို့တော်    စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်     ရွေးကောက်တင် မြှောက်ပွဲကို ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ သန့်ရှင်းလွတ်လပ်ပြီး တရားမျှတ စွာဖြင့်   မဲဆန္ဒရှင်ပြည်သူများ  လွတ်လပ် လွယ်ကူစွာမဲပေးနိုင်ရေးအတွက်  သက်ဆိုင်ရာ တာဝန်ရှိသူများက  စနစ်တကျစီမံဆောင် ရွက်ပေးခဲ့ကြသည့်နည်းတူ       အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့များကလည်း သက်ဆိုင်ရာမဲရုံများအလိုက်   လာရောက် ကြည့်ရှုလျက်ရှိသည်။
အလားတူ မဲရုံသို့ လာရောက်ဆန္ဒမဲပေး ကြသည့် ကျန်းမာရေးမကောင်းသော မဲဆန္ဒ ရှင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းမဲဆန္ဒ ရှင်များအတွက် လူမှုရေးအဖွဲ့ အစည်းများက လည်း ကူညီဆောင်ရွက်ပေးကြသည်။
မြတ်ကုသိုလ်      လူမှုကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဦးသန်းဝင်းက "လာရောက် မဲထည့်ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေ၊ သက်ကြီး ရွယ်အိုတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ     ကူညီပေးနေတာပါ။ ချော်လဲပြီး ခြေခေါက်သွားတာတစ်ယောက်ပဲ ရှိပါတယ်။ ဆေးလိမ်း၊ ပတ်တီးစည်းပေးပြီး အိမ်ပြန်ပို့ပေးခဲ့ပါတယ်။  ကျန်တဲ့ကျန်းမာရေး ဖောက်ပြန်မှုမျိုးတော့မရှိပါဘူး။    မဲဆန္ဒရှင် ပြည်သူတွေ  စိတ်အေးချမ်းသာစွာနဲ့  မဲပေး နိုင်အောင်  တစ်ဖက်တစ်လမ်းက ပါဝင်ကူညီ စောင့်ရှောက်ခွင့်ရတဲ့အတွက် အသင်းအနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်"ဟုပြောသည်။
ယနေ့ကျင်းပသည့် စည်ပင်ရွေးကောက်ပွဲတွင် ညနေ ၄ နာရီနောက်ပိုင်း မဲရုံမှူးများနှင့် မဲရုံ အဖွဲ့ဝင်များက   မဲပုံးများကို   ဖွင့်ဖောက်၍ ခိုင်လုံမဲနှင့်ပယ်မဲတို့ကို စနစ်တကျရေတွက်ပြီး သက်ဆိုင်ရာမှတ်တမ်းစာအုပ်များ  မှတ်တမ်း ရေးသွင်းကာ   ရရှိလာသည့်   မဲများအပေါ်  အနိုင်အရှုံးရလဒ်ကို ယနေ့ညပိုင်းမှစတင်ကာ   ကြေညာသွားမည်ဖြစ်ကြောင်း   သိရသည်။
မင်းသစ်(MNA)

No comments:

Post a Comment