Tuesday, April 2, 2019

ထာ၀ရငြိမ်းချမ်းရေးဓမ္မသဘင် ပြည်သူ့ရင်ပြင်၌ ကျင်းပ

Image may contain: night, sky and outdoor

ရန်ကုန်  ဧပြီ  ၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပ သော ထာ၀ရငြိမ်းချမ်းရေးဓမ္မသဘင်ကို ယနေ့ ည ၇ နာရီခွဲက  ရန်ကုန်မြို့   ရွှေတိဂုံစေတီတော်မြတ်ကြီး  ထီးတော်ရိပ်အောက်ရှိ   ပြည်သူ့ရင်ပြင်၌   စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

ရိုသေစွာနာယူကြည်ညို

ငြိမ်းချမ်းရေးဓမ္မသဘင်ပွဲတွင် ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသက    တရားဒေသနာတော်များ ဟောကြားရာ  ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊  ဒုတိယဥက္ကဋ္ဌ  ဦးလင်းနိုင်မြင့်၊     တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊  ဘာသာရေး အသင်းအဖွဲ့များနှင့် တိုင်းဒေသကြီးအတွင်းရှိ    မြို့နယ် များမှ  တရားချစ်ခင်သူတော်စင်များက   တရားတော်ကို  ရိုသေစွာနာယူကြည်ညိုကြသည်။

ဓမ္မသဘင် မစတင်မီ ထာ၀ရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးအတွက်   အလှူတော်ငွေများအား အလှူရှင်များက   ပေးအပ်လှူဒါန်းရာ   ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊    တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့က လက်ခံရယူကာ  ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည် ပေးအပ်သည်။   
  
ငြိမ်းချမ်းရေးဓမ္မသဘင်ကို ဧပြီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ဧပြီ ၂ ရက်တွင် ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ၊ ဧပြီ ၃ ရက်တွင် တောင်စွန်းဆရာတော် ဓမ္မဘေရီအရှင်ဝီရိယ၊ ဧပြီ ၄ ရက်တွင် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက၊ ဧပြီ ၅ ရက်တွင် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ စသည့်ဆရာတော်ကြီးများက တရားအလှူပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရင်ငွေ့တော်လှုံအပူဇော်ခံလျက်ရှိ

နေပြည်တော်ရှိ ထာ၀ရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော် မူမည့် ဉာဏ်တော်အမြင့် ၆ ပေ၊ အလျား ၅ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ဉာဏ်တော်အမြင့် သုံးပေရှိ  စကျင်ဗုဒ္ဓရုပ်ပွားတော် တစ်ဆူတို့အား ရဟန်းရှင်လူပြည်သူအများ  ကုသိုလ်ယူပူဇော်နိုင်ရန်အတွက်   ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ မေတ္တာရိပ်အောက်တွင် ဧပြီ ၁ ရက်မှ ၁၈ ရက်အထိ ရင်ငွေ့တော်လှုံ အပူဇော်ခံလျက်ရှိရာ ယနေ့တွင် ရဟန်းရှင်လူပြည်သူအများ က လာရောက်ဖူးမြော်ကြည်ညိုလျက် စေတီတော်ကြီးတည်ထားကိုးကွယ်ရေး အတွက် အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းကြပြီး ဝတ်အသင်းအဖွဲ့များ ကလည်း ဝတ်ရွတ်ပူဇော် ကုသိုလ်ယူလျက်ရှိသည်။   
              
သတင်းစဉ်

No comments:

Post a Comment