Wednesday, April 3, 2019

ထာ၀ရငြိမ်းချမ်းရေးဓမ္မသဘင် ဒုတိယနေ့ ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပ


ရန်ကုန် ဧပြီ ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက  ကြီးမှူးကျင်းပသော  ထာ၀ရငြိမ်းချမ်းရေးဓမ္မသဘင် ဒုတိယနေ့ကို ယနေ့ည   ၇      နာရီခွဲက    ရန်ကုန်မြို့     ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်ရိပ်အောက်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပသည်။

ငြိမ်းချမ်းရေးတရားတော်ကို နာယူကြည်ညို

ငြိမ်းချမ်းရေးဓမ္မသဘင်ဒုတိယနေ့တွင် ယောဆရာတော် အရှင်သိရိန္ဒာ ဘိဝံသက တရားဒေသနာတော်များဟောကြားရာ  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တရားချစ်ခင်သူတော်စင်များက  ငြိမ်းချမ်းရေးတရားတော်ကို နာယူကြည်ညိုကြသည်။

ငြိမ်းချမ်းရေးဓမ္မသဘင်ကို ဧပြီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိရာ  ဧပြီ ၃ ရက်တွင် တောင်စွန်းဆရာတော် ဓမ္မဘေရီအရှင်ဝီရိယ၊ ဧပြီ ၄ ရက် တွင်    ရွှေပါရမီတောရဆရာတော်   အရှင်ဆန္ဒာဓိက၊  ဧပြီ  ၅  ရက်တွင် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ စသည့် ဆရာတော်ကြီး များက တရားအလှူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရွတ်ပူဇော်ကုသိုလ်ယူ

နေပြည်တော်ရှိ ထာ၀ရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ် တော်မူမည့် ဉာဏ်တော်အမြင့်ခြောက်ပေ၊ အလျားငါးပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ဉာဏ်တော်အမြင့် သုံးပေရှိ  စကျင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူတို့အား ရဟန်းရှင်လူပြည်သူအများ ကုသိုလ်ယူပူဇော်နိုင်ရန်အတွက် ရွှေတိဂုံစေတီ တော်မြတ်ကြီး၏  မေတ္တာရိပ်အောက်တွင်  ဧပြီ  ၁ ရက်မှ  ၁၈ ရက်အထိ ရင်ငွေ့ တော်လှုံ အပူဇော်ခံလျက်ရှိရာ ယနေ့တွင် ရဟန်းရှင်လူပြည်သူအများက လာရောက်ဖူးမြော်ကြည်ညို၍   ထာ၀ရငြိမ်းချမ်းရေးစေတီတော်  တည်ထား ကိုးကွယ်ရေးအတွက် အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းကြပြီး ဝတ်အသင်း အဖွဲ့များကလည်း ဝတ်ရွတ်ပူဇော်ကုသိုလ်ယူလျက်ရှိသည်။   
    

သတင်းစဉ်

No comments:

Post a Comment