Wednesday, April 3, 2019

မြေယာကိစ္စများကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ပေးရန် အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဧရာ၀တီတိုင်းဒေသကြီးတွင် ပြောကြား




နေပြည်တော်    ဧပြီ    

ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်းတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာ၀တီတိုင်းဒေသကြီး ဧည့်ရိပ်သာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လူထုတွေ့ဆုံပွဲများတွင် တင်ပြချက်များကို  ချက်ချင်းဖြေရှင်းနိုင်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် တင်ဒါခေါ်ယူသည့်ကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှုရှိရမည့်အပြင် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ချက်၊ ဒီဇိုင်းနှင့် BQ တို့ကို ယှဉ်ပြိုင်မည့်သူများအတွက်  တန်းတူရည်တူ မျှမျှတတ ဆောင်ရွက်ပေးရန်  ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ဩ့ ရေးထိုးခြင်းနှင့်စပ်လျဉ်း၍  လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာရန် လိုအပ်ပါကြောင်း၊ အဆိုးဆုံးတွေ့ကြုံနေရသည်မှာ မြေယာ ကိစ္စပင် ဖြစ်ပါကြောင်း၊ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက် ပေးရန် အရေးကြီးပါကြောင်း၊ ယင်းသို့ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံး လုပ်နည်းများ ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း၊  စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများနှင့်စပ်လျဉ်း၍ မူဝါဒများ ချမှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ ပကတိ မြေပြင်အခြေအနေလိုအပ်ချက်အရ ဖြေလျှော့ပေးရန် လိုအပ်သည်များရှိပါက တင်ပြကြရန်ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေး အဓိကဖြစ်သည့် ဧရာ၀တီ တိုင်းဒေသကြီးတွင် အထွက်တိုးရေးနှင့် အရည်အသွေးမြှင့်တင်ရေးကို  အလေး ထားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။   
 
မြေယာသန်းခေါင်စာရင်း  မကောက်ယူ နိုင်သေးမီ လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်း နိုင်ရေး လွှတ်တော်နှင့် ချိတ်ဆက်ဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊ ရန်ကုန် - ပုသိမ် လမ်း ပြုပြင်တည်ဆောက်ရေးနှင့် ရခိုင် - ဧရာ၀တီ ကမ်းရိုးတန်းတစ်လျှောက် ကမ်းခြေ ပတ်လမ်းဖောက်လုပ်ရေး ကိစ္စရပ်များတွင် ကြန့်ကြာနေသည်များကို တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ညှိနှိုင်းဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊   စည်ပင်သာယာလုပ်ငန်းများ သည် ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့နေ ရခြင်းဖြစ်၍ အလေးထားဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ အဓိကအားဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များ အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လူထုနှင့်အစိုးရ ထိတွေ့ဆက်ဆံမှုအားနည်း နေသဖြင့်        လူထုအကြားရောက်အောင် သွားလာတွေ့ဆုံရှင်းလင်းခြင်းများကို တိုးမြှင့်  ဆောင်ရွက်သွားကြရန်  လိုအပ်ပါကြောင်း မှာကြားသည်။

ထို့နောက်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  တိုင်းဒေသကြီး ဝန်ကြီးများနှင့် အတူ     တပ်မတော်ရဟတ်ယာဉ်များဖြင့် ပုသိမ်မြို့မှ  အိမ်မဲမြို့သို့  ရောက်ရှိကြပြီး အိမ်မဲမြို့အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း ရွှေညီလာခန်းမ၌ အိမ်မဲဒေသခံ ပြည်သူများနှင့် တွေ့ဆုံကြသည်။

များစွာအရေးပါ

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က    ဧရာ၀တီတိုင်းဒေသကြီးသည် ကျယ်ပြန့်ပြီး     လူဦးရေထူထပ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက်  များစွာအရေးပါသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ တိုင်း ဒေသကြီးအစိုးရနှင့်လည်း  တိုင်းဒေသကြီး အတွင်းမှာရှိသည့် ပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့်   အလုပ်အကိုင်ဖန်တီးပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ လူတိုင်း လူတိုင်း၏ အဓိကဂုဏ်သိက္ခာသည် အလုပ် လုပ်နိုင်မှုအပေါ်တွင်    မူတည်ပါကြောင်း၊ လူတစ်ယောက်သည်    မိမိဘ၀အတွက် မိမိဘာသာရပ်တည်နိုင်မှ   ဂုဏ်သိက္ခာနှင့် ပြည့်စုံသည်ဟု  ဆိုနိုင်ပါကြောင်း၊  နိုင်ငံသူ နိုင်ငံသားများအားလုံး  အလုပ်ရရှိနိုင်ရေး အတွက် ကြိုးပမ်းရန်မှာ နိုင်ငံတော်အစိုးရ၏ တာဝန်တစ်ခုဖြစ်ပါကြောင်း။

လျှပ်စစ်မီးရရှိမှုသည် အရေးကြီး

မိမိတို့  အစိုးရအနေဖြင့်   တာဝန်ယူ ကတည်းက အလုပ်အကိုင် ဖန်တီးရေးကို ရှေ့တန်းတင်ပြီး ကြိုးစားခဲ့ပါကြောင်း၊ အလုပ် အကိုင် ဖန်တီးပေးရေးအတွက် ဆောင်ရွက် ရာတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု နှင့် လျှပ်စစ်မီးရရှိမှုသည် အရေးကြီးပါကြောင်း၊ ထိုနှစ်ခုရရှိပါက အလုပ်အကိုင် ဖန်တီးရေး အတွက် အခွင့်အရေးများစွာ ပေါ်ပေါက်လာ သည်ကို သတိပြုမိပါကြောင်း၊  ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးအတွက်    ကြိုးစားခဲ့ပါ ကြောင်း၊    လမ်းပန်းဆက်သွယ်ရေးသည် မိမိတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး နှင့် ပြည်ထောင်စုစိတ်ဓာတ်အတွက် များစွာ အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ ထို့အတူ လျှပ်စစ်မီးသည်လည်း ပညာရေး၊ ကျန်းမာရေးနှင့်    စီးပွားရေးလုပ်ငန်းများ အတွက် အရေးကြီးပါကြောင်း။

နောက်တစ်ခုမှာ     ကျန်းမာရေးနှင့် ပညာရေးဖြစ်ပါကြောင်း၊ မိမိခရီးထွက်သည့် အခါတွင် ကျောင်းများကို သွားရောက်လေ့ ရှိပါကြောင်း၊ မိမိတို့၏ ပညာအရည်အချင်း  မည်မျှရှိပြီး ပညာသင်ကြားမှုအဆင့် မည်မျှ ရှိနေပြီဆိုသည့်  ကိစ္စတင်မကဘဲ  မိမိတို့ ကလေးသူငယ်များ၏       စိတ်ဓာတ်နှင့် ပတ်သက်၍လည်း စိတ်ဝင်စားပါကြောင်း။

မိမိတို့၏ ကျောင်းသား ကျောင်းသူများ တွင်  ကြောက်စိတ်မရှိသည်ကို   တွေ့ရပါ ကြောင်း၊ ကြောက်စိတ်မရှိခြင်းကို များစွာ သဘောကျပါကြောင်း၊ ကလေးများသည် သင်ယူရန်အတွက်   ကြောက်စိတ်ကင်းမဲ့ ရမည်ဖြစ်ပါကြောင်း၊ မသိသည့်ကိစ္စတစ်ခု ကို သိအောင်လုပ်ရမည်ကို ကြောက်နေမည် ဆိုပါက ပညာသင်ယူရာတွင် အင်မတန် ခက်ခဲ သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ကလေးများ ကြောက်စိတ်မရှိဘဲ ပညာသင်ယူနိုင်သည် ကို တွေ့ရသည့်အတွက် အားတက်မိပါကြောင်း၊ ယင်းမှာ  မိမိတို့နိုင်ငံအတွက်  တိုးတက်မှု တစ်ခုဖြစ်သည်ဟု ယူဆပါကြောင်း။

လူတိုင်းလူတိုင်းသည် မိမိကိုယ်ကို တာဝန် ယူရပါကြောင်း၊ လူတိုင်းတွင် အခွင့်အရေး ရှိသလိုတာဝန်လည်းရှိပါကြောင်း၊ လူတိုင်း လူတိုင်းတွင် ရွေးချယ်ပိုင်ခွင့် အမြဲရှိပါကြောင်း၊ အခြားရွေးချယ်ပိုင်ခွင့် မရှိလျှင်ပင် မိမိစိတ်ကို မည်သို့ထားမည်ဆိုသည့် ရွေးချယ်ပိုင်ခွင့်ကို  မိမိပိုင်ပါကြောင်း၊ မိမိတို့နိုင်ငံ တိုးတက်ရန် အတွက်      ပြည်သူများ  တစ်ယောက်ချင်း  တစ်ယောက်ချင်းသည် မိမိစိတ်ကို မိမိနိုင်ရ မည်ဖြစ်ပါကြောင်း၊ မိမိစိတ်ကို မိမိနိုင်သော် လည်း ယင်းစိတ်ကို မည်သို့ ထားရမည်ကို တစ်ဦးချင်း ဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း။

သင်ယူချင်စိတ်ရှိမှ တတ်မြောက်

ကလေးများကို မိတ်ဆွေများနှင့် ခင်ခင် မင်မင် ပေါင်းသင်းတတ်ရန်နှင့်  တစ်ယောက် နှင့်တစ်ယောက် ချစ်ချစ်ခင်ခင် နေတတ်ရန်  ငယ်ငယ်ကတည်းက    သင်ကြားမွေးထုတ် ပေးရမည်ဖြစ်ပါကြောင်း၊  မိဘများနှင့် ဆရာ သမားများက မည်သို့သင်သင် မိမိကိုယ်တိုင် သင်ယူမှ တတ်မြောက်မည်ဖြစ်ပါကြောင်း၊ ပညာသင်ပေးသည့်အခါတွင်လည်း မည်မျှပင် ကြိုးစားသင်ကြားသင်ကြား    ကလေးများ ကိုယ်တိုင် သင်ယူချင်စိတ်ရှိမှ တတ်မြောက် မည်ဖြစ်ပါကြောင်း၊  ဆရာ ဆရာမများနှင့် မိဘများဘက်က မိမိတို့၏ သားသမီးများကို အကောင်းဆုံးဖြစ်အောင်   သွန်သင်ဆုံးမ ပေးရန် တာဝန်ရှိပါကြောင်း၊ မိမိတာဝန်ကို မိမိကျေပွန်ခြင်း ရှိ၊ မရှိကို ဆရာ ဆရာမများနှင့် မိဘများကလည်း မိမိကိုယ်ကို သုံးသပ်ရမည် ဖြစ်ပါကြောင်း၊    ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ဆက်ဆံရေး ကို အမြဲလေ့လာပါကြောင်း၊ ကျောင်းဆရာ၊ ဆရာမကြီးများနှင့် ကျောင်းအုပ်ကြီးများ၊ အထက်တွင်ရှိသည့်  လူကြီး၏  စိတ်ထား မှန်ကန်ပါက  ကျန်သည့် တစ်ကျောင်းလုံးကပါ  စိတ်ဓာတ်မှန်ကန်ရေး အလားအလာကောင်း သည်ကို မြင်မိပါကြောင်း၊ ယင်းမှာ တာဝန်ယူ ဦးဆောင်သည့် ပုဂ္ဂိုလ်၏လုပ်ကိုင်မှု မည်မျှ ပီပြင်သည်ကို ဆုံးဖြတ်ပေးခြင်းဖြစ်ပါကြောင်း၊ ထိုနည်းတူ အစိုးရတစ်ခုသည်လည်း အားလုံး အတွက် တာဝန်ယူရမည်ဆိုသည်မှာလည်း မမှားပါကြောင်း။

အရွေးချယ်ခံ၍ တက်လာသည့် အစိုးရ များသည်  မဲပေးပြီး  ရွေးချယ်လိုက်သည့် ပြည်သူလူထုနှင့် နိုင်ငံအပေါ်တွင် တာဝန်ရှိပါ ကြောင်း၊ ယင်းတာဝန်များ ကျေပွန်အောင် ဆောင်ရွက်ရန်မှာ အစိုးရ၏ အဓိကလုပ်ငန်း တစ်ခုဖြစ်ပါကြောင်း၊  အရေးအကြီးဆုံးမှာ အစိုးရနှင့် ပြည်သူအကြားတွင်    ယုံကြည် စိတ်ချမှုရှိရန် ဖြစ်ပါကြောင်း၊  ထို့ကြောင့် မိမိတို့အနေဖြင့်  အမြဲသတိပေးပါကြောင်း၊ မတည်နိုင်သည့် ကတိများကို ပြည်သူများကို မပေးရန်  ထပ်တလဲလဲ  ပြောကြားနေပါ ကြောင်း၊ မတည်နိုင်သည့် ကတိများကို ရေတို  အချိန်ကာလတွင် အကျိုးရှိကောင်းရှိနိုင်လိမ့် မည်ဟု ပေးလိုက်ပါက ရေရှည်တွင် ပြည်သူ ၏      ယုံကြည်မှုဆုံးရှုံးသွားနိုင်ပါကြောင်း၊ ပြည်သူ၏ ယုံကြည်မှုဆုံးရှုံးသွားသည့် အစိုးရ သည် အလုပ်လုပ်ရာတွင် အင်မတန်ခက်ပါ ကြောင်း၊ မှန်မှန်ကန်ကန် ပြောရဲသည့် သတ္တိရှိ မှသာ အစိုးရနှင့် ပြည်သူကြားတွင် ယုံကြည်မှု တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူ များနှင့် တွေ့ဆုံသည့်  ပွဲများတွင်  အမျိုးမျိုး တင်ပြကြပါကြောင်း၊  ရိုးရိုးသားသားတောင်း သည့်ကိစ္စများကို တတ်နိုင်သမျှ ဖြည့်ဆည်း နိုင်ရန် ကြိုးစားပါကြောင်း၊  တစ်တိုင်းပြည်လုံး ကို တစ်ချိန်တည်းတွင် အားလုံးပြည့်စုံအောင် မလုပ်ပေးနိုင်ပါကြောင်း၊     မိမိတို့န်ိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေနှင့်  များစွာ သက်ဆိုင်နေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကြိုးစားနေပါကြောင်း၊ မိမိတို့နိုင်ငံ တွင် ဖွံ့ဖြိုးတိုးတက်မှုသည် ရှိလာနေပြီဟု ပြောချင်ပါကြောင်း၊ ဥပမာအားဖြင့် လျှပ်စစ်မီး ရရှိရေးအတွက်  ယခုနှစ်  မကုန်ခင် ၅၀ ရာခိုင်နှုန်းသော ပြည်သူများ လျှပ်စစ်မီးရရှိ သုံးစွဲနိုင်အောင် စီမံကိန်းချထားပါကြောင်း၊ အောင်မြင်မည်ဟုလည်း ယုံကြည်ပါကြောင်း။

အစိုးရသည် လုပ်ချင်တိုင်း လုပ်မည်ဆိုပါ က နိုင်ငံအတွက်  မကောင်းနိုင်ပါကြောင်း၊ တိုင်းဒေသကြီးတစ်ခုတည်း၊ မြို့နယ်တစ်ခု တည်း ရှိခြင်းမဟုတ်ပါကြောင်း၊ တစ်တိုင်းပြည် လုံးတိုးတက်အောင် လုပ်ဆောင်ပေးရန် လိုနေ ပါကြောင်း၊ မိမိထက်ပို၍ လိုအပ်နေသည့် နေရာများ ရှိနေသည်ကိုလည်း နှလုံးသွင်းစေ လိုပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စု ဖြစ်သည့်အတွက် ပြည်ထောင်စုပုံစံ မှန်ကန် စေရန် နိုင်ငံရေးဘက်ကလည်း ကြည့်ရမည် ဖြစ်ပါကြောင်း၊    စီးပွားရေးတစ်ဖက်တည်း ကြည့်၍ မရပါကြောင်း၊ လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီးရရှိရေးကို လုပ်ဆောင်ပေးရာ တွင် အမြဲတမ်း စီးပွားရေးတွက် တွက်၍ မရပါ ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအရ၊ ငွေရေးကြေးရေး အရ စီးပွားရေးအမြင်ဖြင့် မည်သည့်ဘက်က အကျိုးအများဆုံးရနိုင်မည်ဆိုသည့် အချက်ကို သာကြည့်ပြီး တွက်၍မရပါကြောင်း၊ နိုင်ငံရေး အရ   ပြည်ထောင်စု၏   လိုအပ်ချက်များကို   ထည့်တွက်ရပါကြောင်း၊ အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများ၏ လိုအပ်ချက်များကို လည်း ဖြေရှင်းပေးရပါကြောင်း၊ ပြည်သူလူထု က တင်ပြသည့်ကိစ္စများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးရန် ကြိုးစားနေပါကြောင်း၊ မေးလာသည့်      မေးခွန်းများကိုလည်း   ဖြောင့်ဖြောင့်မတ်မတ်၊  ပွင့်ပွင့်လင်းလင်း ဖြေပါကြောင်း။

နီးနီးစပ်စပ်ဆက်ဆံ

တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူ နှင့်ပိုပြီး နီးနီးစပ်စပ် ဆက်ဆံရန် ပြောကြား ထားပြီးဖြစ်ပါကြောင်း၊ ပြည်သူနှင့် အစိုးရ အကြားတွင်  နီးနီးကပ်ကပ်ရှိပြီး  ပူးပေါင်း ဆောင်ရွက်မှုရှိမှ ပြည်သူများ သိချင်သော ကိစ္စများ၏ အဖြေများကို သိနိုင်မည် ဖြစ်ပါ ကြောင်း၊ ပြည်သူများ တင်ပြသည့်အခါတွင် မှန်မှန်ကန်ကန် စေတနာမှန်မှန်ဖြင့် တင်ပြ ကြစေလိုပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲတွင်   ဒေသခံပြည်သူများ၏ ကြိုတင်တင်ပြချက် ကိုးချက်ဖြစ်သည့် အိမ်မဲ မြို့နယ် မြို့ကွက်သစ်တိုးချဲ့ဖွဲ့စည်းခွင့်အမှုတွဲ လျှောက်ထားလာပါက    ဧရိယာအကျယ် အဝန်း၊ မြေအမျိုးအစားနှင့် လူဦးရေ အချိုး အစားများကို မြို့နယ်ဘုတ်အဖွဲ့မှ စိစစ်ကွင်း ဆင်းဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်သွားရေး၊  အိမ်မဲမြို့ ကမ်းနားလမ်းဘိုးဘွားပိုင်မြေပိုင်ရှင်များမှ ပြန်လည်ဆောက်လုပ်နေထိုင်ခွင့်၊  ကျေးရွာ စားကျက်မြေများကို     အိမ်ရာမြေကွက်များ တိုးချဲ့ဆောင်ရွက်ခွင့်ပြုရေး၊    အိမ်ရာမြေ အဖြစ် အသုံးပြုခွင့်ရရှိရေး၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ    စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားနိုင်ရေး၊     အိမ်မဲမြို့ကွက်သစ် တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အိမ်မဲ - ပန်းတနော် ကားလမ်းကို ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ်    အဆင့်မြှင့်တင်ပေးနိုင်ရေး၊ ပညာရေးဝန်ထမ်းများ၏   အပြောင်းအရွှေ့ ကာလကို     ပညာသင်နှစ်ကုန်ဆုံးချိန်တွင် ပြုလုပ်ပေးနိုင်ရေး၊  အိမ်မဲမြို့ ခုတင် (၅၀) ဆံ့ဆေးရုံကို ခုတင် (၁၀၀) ဆံ့ဆေးရုံအဖြစ် တိုင်းမြှင့်ခွင့်ပြုနိုင်ရေး၊ ရွာသစ်ကျေးရွာ (၁၆) ခုတင်ဆံ့တိုက်နယ်ဆေးရုံကို (၂၅) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေး နိုင်ရေး၊ လူကောင်းကျွန်းကျေးလက်တိုက်နယ် ဆေးရုံ    ဆောက်လုပ်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ခန်းမအပြင်ဘက် မှ ဒေသခံပြည်သူ ငါးဦး၏  တင်ပြချက်များ ဖြစ်သည့် တပ်မတော်နှင့် ဧရာရွှေဝါကုမ္ပဏီ တို့မှ သိမ်းဆည်းထားသည့် လယ်ယာမြေ ကိစ္စရပ်များ၊ ကန်ကြီးထောင့်ကျေးရွာ မူလတန်း ကျောင်းဆိုင်ရာကိစ္စရပ်များ၊ ကျေးလက်နေ တောင်သူများ၏     စိုက်ပျိုးစရိတ်ချေးငွေ ဆိုင်ရာကိစ္စရပ်များ၊  စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်းဆိုင်ရာကိစ္စရပ်များ၊ ရန်ကုန် - ပုသိမ် လမ်းမကြီး   ပိုမိုတိုးတက်ကောင်းမွန်ရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊    အိမ်မဲမြို့ရှိ ဘိုးဘွားပိုင်မြေသိမ်းဆည်းခံရမှုများ၊ အိမ်မဲမြို့ အတွင်း အရက်ဆီ၊ လောင်စာဆီသိုလှောင် နေမှုများ၊ စည်ပင်ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ယာဉ်အ္တရာယ်ကင်းရှင်းရေး ဆိုင်ရာကိစ္စရပ်များနှင့် လျှပ်စစ်ဓာတ်အား   ထုတ်လုပ်ရေး၊ ဓာတ်အားကို အစုရှယ်ရာများ အဖြစ် ပုဂ္ဂလိကသို့ ရောင်းချပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။

ဖြည့်စွက်ရှင်းလင်း

တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊  တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြပြီး     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကားပြောကြားရာ တွင် နေရာတိုင်း နေရာတိုင်းတွင် အရေးကြီး သည့်အချက်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပြည်သူများအကြား တွင် ဆက်သွယ်မှုကောင်းရန် ဖြစ်ပါကြောင်း၊ ထိတွေ့မှုအမြဲ  ရှိနေရန်လည်း   လိုအပ်ပါ ကြောင်း၊ ပြည်သူများကြားသို့ ကွင်းဆင်းရန်၊ ပြည်သူများ၏ တင်ပြချက်နှင့်  သိလိုသည့် မေးခွန်းများကို နားထောင်ရန် တိုင်းဒေသကြီး အစိုးရကို    ပြောထားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့်  နိုင်ငံတော် အစိုးရ၏  မူဝါဒများနှင့် အစိုးရက မည်သို့ လုပ်ဆောင်နေသည်ကို ပြန်လည်ရှင်းပြရမည် ဖြစ်ကြောင်း။

ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိ

ပြည်သူများနှင့် အမေး၊ အဖြေလုပ်သည့် အခါတွင် ပြည်သူများအနေဖြင့်လည်း မိမိ၏ အမြင်တစ်ဖက်တည်းသာမဟုတ်ဘဲ တခြား အမြင်များလည်းရှိကြောင်းကို သိပိုင်ခွင့်ရပါ ကြောင်း၊    မိမိတို့ အစိုးရအနေဖြင့်လည်း တချို့ကိစ္စများတွင် အများပြည်သူ သိရှိပြီးပြီဟု ထင်သောကိစ္စများကို အများက မသိသေးပါ လားဆိုသည်ကို သဘောပေါက်ပါကြောင်း၊ အများသိအောင်  ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပေးရန် မိမိတို့တွင် တာဝန်ရှိသည်ကို လက်ခံပါကြောင်း၊ အစိုးရက မည်သည့်အရာ များ လုပ်နေသည်၊ မည်သို့ဖြစ်နေသည်ကို အများသိရှိအောင် အစီအစဉ်များချ၍ ကြိုးစား လုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း။

ဆွေးနွေးပွဲဝိုင်းတွင်     ပါဝင်ပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊  အိမ်မဲ မြို့နယ်မှ ပြည်သူလူထုအားလုံး ကျန်းကျန်း မာမာ ချမ်းချမ်းသာသာဖြင့် လက်တွဲပြီး မိမိတို့ မြို့နယ်အကျိုး၊ နိုင်ငံအကျိုး ထမ်းဆောင်နိုင် ကြပါစေဟု ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာ ကြသည့် ကျောင်းသား ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်  ဦးဆောင်သည့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ပန်းတနော် မြို့သို့   ရောက်ရှိပြီး   ပန်းတနော်ရိပ်သာ၌ မြို့မိမြို့ဖ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပန်းတနော်မြို့တွင် လူထုတွေ့ဆုံပွဲ မဟုတ်ဘဲ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံသည့်ပွဲ လုပ်ရခြင်းသည် နေရာအခြေအနေအရ ဖြစ်ပါ ကြောင်း၊ အပြင်က ပြည်သူများ မေးချင်သည့် မေးခွန်းများ မေးမြန်းနိုင်ရန်နှင့် တင်ပြချင် သည်များ တင်ပြနိုင်ရန်အတွက် စီစဉ်ထားပါ ကြောင်း၊ စာဖြင့်ရေးပြီးတင်ပြသည့် ပြည်သူ များ၏  တင်ပြချက်ကို  ဖတ်ရပါကြောင်း၊ ယင်းမေးခွန်းများမှာ ဧရာ၀တီတိုင်းဒေသကြီး အစိုးရက  ဖြေနိုင်သည့် မေးခွန်းများဖြစ်ပါ ကြောင်း၊ အခုတွေ့ဆုံပွဲတွင် မြို့မိ၊ မြို့ဖများ၊ ဘာသာကြီးလေးခုမှ ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အတွက်  အားလုံးစုံစုံလင်လင် ပါဝင်သည်ဟု ယူဆပါကြောင်း၊   ဘာသာကြီး လေးခုက ကိုယ်စားလှယ်များ ပါဝင်သည့်အတွက် အထူး ဝမ်းသာပါကြောင်း။

အပြန်အလှန် လေးစားရန်

မိမိတို့နိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ကိုးကွယ် သည့်ဘာသာပေါင်းစုံ၊ ပြောဆိုသည့် ဘာသာ စကားပေါင်းစုံ ရှိပါကြောင်း၊ ထိုသို့ အမျိုးမျိုး မတူကွဲပြားသည့်သူများ စုပြီး ထူထောင်ထား သည့်    ပြည်ထောင်စုဖြစ်သည့်အတွက် အချင်းချင်းအကြားတွင် တစ်ယောက်နှင့် တစ်ယောက် နားလည်မှုရှိရန်၊ အပြန်အလှန် လေးစားရန်၊ တန်ဖိုးထားရန် အင်မတန်မှ အရေးကြီးပါကြောင်း၊ ယင်းမှာ မိမိတို့နိုင်ငံ၏ သိက္ခာဖြစ်သည်ဟု ထပ်တလဲလဲ ပြောထားပါ ကြောင်း၊  နိုင်ငံ၏သိက္ခာဆိုသည်မှာ မိမိတို့ နိုင်ငံသူနိုင်ငံသားများ၊ နိုင်ငံအတွင်း မှီတင်း နေထိုင်သူများအားလုံး၏   စိတ်လုံခြုံရေး၊ ကိုယ်လုံခြုံရေးဖြစ်ပါကြောင်း။ တကယ့်လုံခြုံမှု ဖြစ်သည့် စိတ်ရော၊ ကိုယ်ရော လုံခြုံမှုရပြီ ဆိုပါက   မိမိတို့နိုင်ငံသည်  အဆင့်မီသည့်  နိုင်ငံတော်တစ်ခုဖြစ်ပြီဟု သတ်မှတ်နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူများသည် တစ်ယောက် နှင့်တစ်ယောက်အကြားတွင် နားလည်မှု၊ လေးစားမှုရှိသကဲ့သို့ ပြည်သူနှင့် အစိုးရအကြား တွင်လည်း နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှု ရှိရန်မှာ အင်မတန် အရေးကြီးပါကြောင်း။

ကွာခြားမှုမရှိ

ပြည်သူနှင့်      အစိုးရအကြားတွင် ယုံကြည်မှု၊ နားလည်မှုမရှိပါက နိုင်ငံတော်၏ စီမံကိန်းများကို     အောင်အောင်မြင်မြင် ဖြစ်အောင်လုပ်ကိုင်ရာတွင် အခက်အခဲများ နှင့် တွေ့ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်များသည်      တစ်နေရာနှင့် တစ်နေရာ ကွာခြားမှုမရှိပါကြောင်း၊  ရည်မှန်း ချက်၊   လိုအပ်ချက်များသည်   အတူတူ ဖြစ်ပါကြောင်း။

မိမိအနေဖြင့် အစီအစဉ်မရှိ၊ မထင်မှတ် ဘဲ ရောက်ခဲ့သည့် ထူးခြားသည့် မြို့တစ်ခု အကြောင်းကို ပြောပြချင်ပါကြောင်း၊ ရာသီ ဥတု  အခြေအနေအရ  ရဟတ်ယာဉ်ဖြင့် ဆက်သွား၍             မရတော့သည့်အတွက် အစီအစဉ်မရှိဘဲ ထမံသီမြို့တွင် ဆင်းခဲ့ရပါ ကြောင်း၊  ယင်းမြို့၌  ဆွေးနွေးပွဲပြုလုပ်ခဲ့ပါ ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် လူငယ်တစ်ဦး က  ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးနှင့် ပတ်သက်၍  ပြည်သူလူထု၏ အခန်းကဏ္ဍ မည်သို့ရှိသည်ကို သိလိုကြောင်း မေးမြန်းခဲ့မှု အပေါ်  သဘောကျမိပါကြောင်း၊   ထိုသို့ မြို့လေးတစ်မြို့မှ  လူငယ်တစ်ဦးက  နိုင်ငံ အတွက် အင်မတန်အရေးကြီးသည့် ကိစ္စများ ကို စိတ်ဝင်စားစွာ လိုက်စုံစမ်းနေပြီး သိချင်နေ သည့်စိတ်ရှိနေခြင်းသည် မိမိတို့နိုင်ငံအတွက် များစွာအားရစရာကိစ္စဖြစ်ပါကြောင်း၊ အများ အားဖြင့် မိမိတို့ ပြည်သူများ၏ လိုအပ်ချက် များသည် အခြေခံလိုအပ်ချက်များ ဖြစ်ပါ ကြောင်း၊  ယင်းမှာ မိမိတို့နိုင်ငံတိုးတက်ရန် များစွာလိုအပ်နေသေးကြောင်းကို ထောက်ပြ နေပါကြောင်း၊    ပြည်သူများ၏   အခြေခံ လိုအပ်ချက်များကို     ဖြည့်ဆည်းပေးရန် မပြည့်စုံသေးသည့် အခြေအနေတွင် ရှိနေ သေးပါကြောင်း။

ထူးထူးခြားခြား များပြား

အခြေခံလိုအပ်ချက်များမှာ  လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာ ရေး၊ ပညာရေးကိစ္စရပ်များ ဖြစ်ပါကြောင်း၊ ယခုဆိုလျှင်   အခြားနိုင်ငံများနှင့်မတူဘဲ မိမိတို့အတွက် ထူးထူးခြားခြားအရေးပါပြီး ခက်ခဲနေသည်မှာ   မြေယာကိစ္စများဖြစ်ပါ ကြောင်း၊ မြေပိုင်ဆိုင်မှုကိစ္စ၊ မူလပိုင်ရှင်ကို ပြန်ပြီးပေးရမည့်ကိစ္စ သို့မဟုတ် လယ်ယာ မြေကို အခြားမြေအဖြစ် ပြောင်းပြီးသုံးရမည့်  ကိစ္စ  စသည်ဖြင့်   လယ်ယာမြေများနှင့် ပတ်သက်၍ ပြဿနာများက မိမိတို့နိုင်ငံတွင် ထူးထူးခြားခြား များပြားနေပါကြောင်း၊ ယင်း ပြဿနာများကို  ဖြေရှင်းရန်အတွက် ဗဟို အစိုးရအနေဖြင့် မြန်မြန်ဖြေရှင်းပေးနိုင်ရန် နည်းလမ်းများ ချပေးထားပါကြောင်း၊ ဖြေရှင်း ပေးရာတွင်  အချိန်ကြာနေပါက  အစိုးရ အတွက်မကောင်းသလို  ပြည်သူများလည်း နစ်နာပါကြောင်း၊   ထို့ကြောင့်  အမြန်ဆုံး ဖြေရှင်းနိုင်အောင် ကြိုးစားနေပါကြောင်း။

တင်ပြချင်သည်များ၊ မေးမြန်းချင်သည် များကို တင်ပြမေးမြန်းနိုင်ပါကြောင်း၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီး များနှင့် မိမိကိုယ်တိုင် တတ်နိုင်သမျှ ဖြေကြားပေး မည်ဖြစ်ပါကြောင်း၊ ခရီးထွက်သည့်အခါတွင် တိုင်စာဌာနများ ဖွင့်ထားပါကြောင်း၊  တိုင်စာ တွေများပြားပါကြောင်း၊ သေသေချာချာ  စိစစ်ပြီး တင်ပြထားသည့်ပုဂ္ဂိုလ်များ၏ အမည် နှင့် လိပ်စာပါပါက အဖြေကို ပြန်ပြီး အသိပေး မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ရှေ့ဆက်လက်ဆောင်ရွက်

တွေ့ဆုံစဉ်       ဒေသခံပြည်သူများ၏ ကြိုတင်တင်ပြချက်   (၅)     ချက်ဖြစ်သည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမြေနေရာ သတ်မှတ်ပေးနိုင်ရေး၊ ပန်းဧရာခန်းမအသစ်  ဆောက်လုပ်ပေးနိုင်ရေး၊      သမိုင်းဝင် ရွှေမြင်တင်ဘုရားကြီး အဝင်အထွက်လမ်းများ ရာသီမရွေးကောင်းမွန်အောင် ဆောင်ရွက် ပေးနိုင်ရေး၊      ဦးသန့်စာကြည့်တိုက်နှင့် ပတ်သက်၍        လက်ရှိဆောင်ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်အခြေ အနေများ၊  ပန်းတနော်မြို့ (၂၅) ခုတင်ဆံ့ ဆေးရုံကို     ခုတင်(၅၀)ဆံ့  ဆေးရုံအဖြစ် တိုးမြှင့်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ လည်း ကောင်း၊ ခန်းမအပြင်ဘက်မှ ဒေသခံပြည်သူ (၁၀)ဦး တင်ပြသည့်        ပန်းတနော် ဦးအောင်ဇေယျလမ်း     တိုးချဲ့သည့်ကိစ္စ၊ သိမ်းဆည်းခံမြေယာကိစ္စရပ်များ၊ ရန်ကုန် - ပုသိမ် လမ်းမကြီး    တည်ဆောက်ရာတွင် သိမ်းဆည်းခံရသည့် လယ်ယာမြေကိစ္စရပ် များ၊ ရေချိုငါးလုပ်ငန်းဥပဒေအရ အင်းဂရန် များ ချထားရာတွင် ပြည်သူများလက်ဝယ် ရောက်ရှိရေး၊ ပန်းတနော်မြို့ ပညာရေးဆိုင်ရာအခြေအနေများ၊  ဒေါဝါ ကျေးရွာ အုပ်ချုပ်ရေး မှူးရွေးချယ်ရေးဆိုင်ရာ    ကိစ္စရပ်များနှင့် စပ်လျဉ်း၍   လည်းကောင်း၊    ခန်းမအတွင်းရှိ မြို့မိမြို့ဖကိုယ်စားလှယ်နှင့်   ဘာသာကြီး လေးမျိုးမှ   ကိုယ်စားလှယ်တို့  တင်ပြဆွေးနွေး သည့်    ပန်းဧရာခန်းမ   ပြန်လည်ပြုပြင် တည်ဆောက်ရေး၊   ဘာသာရေးဆိုင်ရာ အဆောက်အဦများ မူလအတိုင်း ပြန်လည် ပြုပြင်နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း တင်ပြဆွေးနွေးကြသည်။

ဖြည့်စွက်ဆွေးနွေး

တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊  တိုင်းဒေသကြီးဝန်ကြီးများနှင့်   တာဝန်ရှိသူ များက   ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက် ဆွေးနွေးသည်။

ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကားပြောကြားရာ တွင် မိုးဦးမကျမီ မိမိတို့သွားရမည့်နေရာများ ကို   အားလုံးအပြီးသွားနိုင်အောင် စီစဉ်ရပါ ကြောင်း၊  ယနေ့ဆိုလျှင် ပုသိမ်မှ အိမ်မဲ၊ အိမ်မဲ မှ   ပန်းတနော်၊   ပန်းတနော်မှ  မအူပင်သို့ သွားမည်ဖြစ်ပါကြောင်း၊      ယခုကဲ့သို့ တစ်နေရာပြီး တစ်နေရာသွားရသည့်အခါ ပေးနိုင်သည့်အချိန်က နည်းပါကြောင်း၊ အချိန် နည်းသည့်အတွက် နောက်တစ်ခါ ပြန်လာ နိုင်အောင်     ကြိုးစားမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခါလာပါက     အချိန်ပိုပေးနိုင် အောင် ကြိုးစားပြီး  စီစဉ်သွားမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ကိုတွေ့ဆုံရန် တက်ရောက် လာသည့် မြို့မိ၊ မြို့ဖများကို ကျေးဇူးတင်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက်    နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်    ဒေါ်အောင်ဆန်းစုကြည်သည် ပန်းတနော်မြို့       ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှေ့၌    ပန်းတနော်ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။

မှန်မှန်ကန်ကန်အသုံးချ

တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်သူများ၏တင်ပြချက်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်   ဖြေရှင်း ဆောင်ရွက်ပေးသွားမည်   ဖြစ်ပါကြောင်း၊  နိုင်ငံတစ်ဝန်းရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက် လာစေရန် နိုင်ငံသားတစ်ဦးချင်းစီတိုင်းက ကြိုးပမ်းအားထုတ်သွားကြရမည်    ဖြစ်ပါ ကြောင်း၊ ပြည်သူများ မိမိတို့ကို မိမိယုံကြည် မှသာ     နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါ ကြောင်း၊  မိမိတို့၏ ယုံကြည်ချက်များနှင့် အရည်အချင်းများကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးတွင် မှန်မှန်ကန်ကန် အသုံးချသွားကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သည့် အဖွဲ့ဝင်များသည်  တပ်မတော်ရဟတ်ယာဉ်များဖြင့် မအူပင်မြို့ သို့ ရောက်ရှိကြပြီး မအူပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့မိမြို့ဖ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က မိမိ်တို့ ပြည်သူများ ရင်ဆိုင်နေရ သည့် ပြဿနာများသည် များစွာကွာခြားမှု မရှိပါကြောင်း၊ ကွာခြားမှုမရှိခြင်းသည် မိမိတို့ အားလုံး  ဘ၀တူများဖြစ်သည်ကို မီးမောင်း ထိုးပြနေခြင်းဖြစ်ပါကြောင်း၊ ဘ၀တူများဖြစ် သည့်အတွက် တစ်ယောက်နှင့်တစ်ယောက်  ကူညီဖေးမ လက်တွဲခေါ်သွားရန်မှာ များစွာ အရေးကြီးပါကြောင်း၊    မိမိတို့အနေဖြင့် လိုချင်သည်ကိုသာ အဓိကကြည့်ပြီး လုပ်မည် ဆိုပါက တိုးတက်မှုသည် နှောင့်နှေးမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နေရာတိုင်းသွားခဲ့သည့် အခါတွင် အားလုံးညှိနှိုင်း၍ အဖြေရှာရန် အားပေးပါကြောင်း။

မိမိတို့လူသားများသည် တစ်ယောက်နှင့် တစ်ယောက် စကားပြောနိုင်၊ ဆက်သွယ်နိုင် သည့် အခွင့်အရေးရှိပါကြောင်း၊ စကားပြော နိုင်ခြင်း၊ ဆက်သွယ်နိုင်ခြင်းကြောင့် မတူ ကွဲပြားသည့်ကိစ္စရပ်များကို စကားဖြင့်ပြော ၍ လက်မပါဘဲဖြေရှင်းနိုင်သည့်  အခွင့်အရေး ရှိပါကြောင်း၊ ယင်းမှာ မိမိတို့၏ အားသာချက် ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက် သဘောထား ကြီးကြီးဖြင့် ကြိုးစားမည်ဆိုပါက အဖြေမပေါ် နိုင်စရာမရှိပါကြောင်း၊   မိမိတို့နိုင်ငံသည် တိုးတက်ရန် လိုအပ်ချက်များစွာရှိနေသေး ပါကြောင်း၊ က္ဘာကြီးတွင်သာမက ဒေသတွင်း တွင်ပင်  တိုးတက်ရန် အားနည်းနေသည့် နိုင်ငံဖြစ်ပါကြောင်း၊  အားနည်းနေသည့် နိုင်ငံ ဖြစ်နေသည့်အတွက် အားငယ်စရာမလိုပါ ကြောင်း၊ စုပေါင်းအင်အားဖြင့် ပြဿနာများကို   ကျော်လွှားပြီး  ပိုမိုတောင့်တင်းသည့်၊ ဖွံ့ဖြိုးမှု မြန်သည့်    နိုင်ငံတစ်ခုဖြစ်လာစေအောင် လုပ်ဆောင်နိုင်ပါကြောင်း။

အခွင့်အရေးများပေးခြင်းဖြစ်

ယခု မိမိတို့နိုင်ငံတွင် အတိုင်းအတာတစ်ခု အထိ တိုးတက်မှုရှိလာပြီ   ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး စသည့် ပြည်သူများ၏ အခြေခံလိုအပ်ချက် များကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်း ပေးနိုင်သည့် အခြေအနေကို ရောက်နေပါ ကြောင်း၊ ပိုမိုအောင်မြင်မှု ရှိလာသည်နှင့်အမျှ နောက်ထပ်အောင်မြင်မှု ရရှိရန် အခြေအနေ ပေးလာပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွင်   မိမိတို့အနေဖြင့်   အနာဂတ်ကို မျှော်မှန်း၍     လုပ်ဆောင်နေပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာကို    များစွာ အားပေးပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်ခြင်းစနစ်သည် စီးပွားရေး၊ နိုင်ငံရေး တိုးတက်ဖွံ့ဖြိုးရေးအတွက်   လိုအပ်သည့် အရည်အချင်းများဖြင့် ပြည့်စုံသည့် လူငယ် များကို မွေးထုတ်နိုင်ရန်ဖြစ်ပါကြောင်း။

တက္ကသိုလ်ပညာသည်သာ    ပညာ ဖြစ်သည်ဆိုသည့် ခေတ်သည်ကုန်ပြီ ဖြစ်ပါ ကြောင်း၊   မိဘများက  သားသမီးများကို တက္ကသိုလ်ဘွဲ့ရမှ   ပညာတတ်ဟု  မထင်စေ လိုပါကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်း တက္ကသိုလ်ဘွဲ့ရမှ   ပညာတတ်ဖြစ်သည်ဟု မထင်စေလိုပါကြောင်း၊     အတိုးတက်ဆုံး၊ အဖွံ့ဖြိုးဆုံးနိုင်ငံများတွင်     တက္ကသိုလ် ပညာရေးနှင့်   အသက်မွေးဝမ်းကျောင်း ပညာရေးသည် တန်းတူညီတူ အဆင့်အတန်း ရှိပါကြောင်း၊ တန်းတူညီတူ သင်ယူထားသည့် ပုဂ္ဂိုလ်များ အသက်မွေးဝမ်းကျောင်းရှာနိုင်ရန် အတွက်   အခွင့်အရေးများပေးခြင်းဖြစ်ပါ ကြောင်း၊ ကျန်းမာရေးတွင် ပြည်သှူကျန်းမာရေး ကို   ဦးစားပေးလုပ်ခြင်းမှာ   ပြည်သူများ ကျန်းမာရေးကောင်းမွန်ပါက   အဆင့်မြင့် ကျန်းမာရေးကုသမှု၊ ဆေးဝါးကုသမှု လိုအပ် ချက်များလည်း   လျော့ကျသွားမည် ဖြစ်ပါ ကြောင်း၊ ထိုအခါတွင် အရည်အချင်း ပိုမို ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ကို ပေးနိုင်မည်ဖြစ်ပါကြောင်း။

မှန်ကန်သည့်နည်းလမ်းဖြင့်လက်တွဲ

ကဏ္ဍတိုင်းတွင် တစ်ခုတည်းကိုကွက်ပြီး မကြည့်ဘဲ    ပစ္စုပ္ပန်နှင့်   အနာဂတ်ကို ဆက်သွယ်၍  ကြည့်ရမည်ဖြစ်ပါကြောင်း၊ အတိတ်က အားနည်းချက်များကို ပြန်လည် လေ့လာပြီး  သင်ခန်းစာယူရမည်   ဖြစ်ပါ ကြောင်း၊    ဧရာ၀တီတိုင်းဒေသကြီးသည် တစ်ချိန်က မြန်မာနိုင်ငံတွင်သာမက က္ဘာ့ စပါးကျီကြီးဟု ခေါ်ဆိုရသည့် လွန်စွာဖွံ့ဖြိုး သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ခဲ့ပါကြောင်း၊ ယခုအချိန်တွင်  ယခင်ကလောက်   ဖွံ့ဖြိုး တိုးတက်သည့်အခြေအနေ မရှိသောကြောင့်  ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဧရာ၀တီတိုင်း ဒေသကြီးတွင်   နေထိုင်ကြသည့်  ပြည်သူ ပြည်သားများ၏ဘ၀များ မြင့်မားရန်အတွက် နိုင်ငံတော်၊ တိုင်းဒေသကြီးအစိုးရနှင့် ပြည်သူ များတွင် တာဝန်ရှိပါကြောင်း၊ အားလုံးသည် မိမိတွင် တာဝန်ရှိသည်ဆိုသည့် စိတ်ဓာတ်နှင့် လက်တွဲ၍ လုပ်စေချင်ပါကြောင်း၊ တင်ပြလို သည်များ  တင်ပြနိုင်ရန်နှင့်  ပြည်သူများ၏အသံကို နားထောင်နိုင်ရန် အခြေအနေများ ဖန်တီးခြင်းသည် အစိုးရနှင့် ပြည်သူအကြား တွင် နီးကပ်မှုရှိရန်အတွက် ဖြစ်ပါကြောင်း၊ အစိုးရနှင့်ပြည်သူအကြား   နီးနီးကပ်ကပ် လုပ်နိုင်မှ   မိမိတို့နိုင်ငံအောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊    အစိုးရတစ်ခုတည်းဖြင့် အောင်မြင်အောင်လုပ်၍  မရသလို ပြည်သူ ချည်းသာ အောင်မြင်အောင်လုပ်ဆောင်၍ မရနိုင်ပါကြောင်း၊    ထို့ကြောင့်  အစိုးရနှင့် ပြည်သူလက်တွဲပြီး လုပ်ဆောင်ရန် လိုအပ်ပါ ကြောင်း၊ လက်တွဲရာတွင်လည်း မှန်ကန်သည့် နည်းဖြင့် လက်တွဲ၍ မှန်မှန်ကန်ကန်လုပ်ကြရန် လိုပါကြောင်း၊ မိမိတို့အနေဖြင့် ဖြောင့်ဖြောင့် မတ်မတ်၊  တည်တည်ငြိမ်ငြိမ်ဖြင့် မှန်မှန် ကန်ကန်ဖြစ်အောင်   လုပ်ချင်ပါကြောင်း၊ ဖြတ်လမ်းနည်းဖြင့်၊ မမှန်မကန်သည့်နည်းဖြင့် အဖြေရှာပါက ရေတိုတွင် အဆင်ပြေနိုင်သလို ရှိသော်လည်း ရေရှည်တွင် မိမိတို့အတွက် ပိုပြီး ပြဿနာများ များလာရန်သာရှိပါကြောင်း။

မိမိတို့အနေဖြင့် ကျောင်းသားများအသံ နှင့်    တောင်သူလယ်သမားများအသံကို နားထောင်လိုပါကြောင်း၊ လူကြီးလူငယ်မရွေး အားလုံးသည်  မိမိတို့၏  နိုင်ငံသူနိုင်ငံသား များဖြစ်ပါကြောင်း၊ ယင်းအချက်ကို ပြည်သူ ပြည်သားများအားလုံး   နှလုံးသွင်းကြရန် လိုအပ်ပါကြောင်း၊  ကျောင်းသား၊ လူကြီး၊ တောင်သူလယ်သမား၊      အလုပ်သမား၊ ဝန်ထမ်းများအားလုံးသည် ပြည်သူများဖြစ်ပါ ကြောင်း၊   အားလုံးသည်   ပြည်ထောင်စု၏ သားသမီးများဖြစ်သည်ဆိုသည့် စိတ်ဓာတ် ဖြင့် မိမိတို့ အတူတကွသွားချင်သည့် ပန်းတိုင် ကို   လက်တွဲပြီးသွားမည်ဆိုပါက   မြန်မြန် ဆန်ဆန် ရောက်မည်ဖြစ်ပါကြောင်း၊ ခရီးလမ်း က ကြမ်းတမ်းမည်ဆိုပါက မိမိတို့အချင်းချင်း ညီညွတ်မှုအင်အားဖြင့် ကြမ်းတမ်းမှုကို မိမိတို့ ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ အချင်းချင်း ညီညွတ်မှုရှိပါက  မိမိတို့၏ ဒီမိုကရေစီ ခရီး လမ်းကြီးသည် ကြာသော်လည်း မကြာဘူးဟု ခံစားရလောက်အောင် အဆင်ပြေချောမွေ့ သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။

တင်ပြဆွေးနွေး

တွေ့ဆုံပွဲတွင်   ဒေသခံပြည်သူများ၏ ကြိုတင်  တင်ပြချက်(၇)ချက်ဖြစ်သည့် မအူပင်မြို့လယ်ရှိ လွတ်လပ်ရေးကျောက်တိုင် ကွင်းပတ်လည်ရှိ     အဆောက်အဦများကို ဖယ်ရှားနိုင်ရေးကိစ္စ      ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ရေး၊ မြို့နယ် နယ်နိမိတ် သတ်မှတ်ရာတွင် မြေငှားဂရန်ချထားရေး မြန်ဆန်လွယ်ကူစေရန် လူထုလှုပ်ရှားမှုအသွင် ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးဈေးကျဆင်းနေ သည့်အတွက် နိုင်ငံတော်မှ မည်သို့ဆောင်ရွက် ပေးနိုင်သည်ကို သိရှိလိုခြင်း၊ ပဲနှင့် ပြောင်းများ ထွက်ပေါ်ပါက အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ တို့မှ အဝယ်ရပ်သဖြင့် တောင်သူလယ်သမား များအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ရေး၊ လယ်ယာမြေဥပဒေပါအတိုင်း သတ်မှတ်ထား သောဘဏ်များတွင် ပုံစံ -၇ ထား၍ ငွေချေးယူ ခွင့်ပြုနိုင်ရေး၊ (၁၀) ဧကအထက်ပိုင်ဆိုင်သော လယ်သမားများကို  ငွေချေးယူခွင့်ပြုပေးနိုင် ရေး၊ အင်းများလေလံစနစ်မဟုတ်၍ နိုင်ငံတော် ဝင်ငွေနစ်နာမှုမရှိစေရန်  ဆောင်ရွက်ပေးနိုင် ရေး၊ မိုးရာသီတွင်လမ်းဦးစီးဌာနမှ လမ်းကို တားမြစ်ပိတ်ဆို့မှုကြောင့် ထွက်ကုန်ပစ္စည်းများ ရန်ကုန်သို့တင်ပို့ရောင်းချရာတွင် အခက်အခဲ ရှိနေမှု၊ စည်ပင်သာယာမှ လမ်းများကို အမှိုက် သိမ်းဆည်းနိုင်ခြင်းမရှိသည့်  ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊    ခန်းမအတွင်းရှိ ဒေသခံပြည်သူများတင်ပြသည့် ကျွဲဒုံးကျေးရွာ ကမ်းသာယာကမ်းခြေတွင် ဖူဆယ်ဘောလုံး ကွင်း ဖွင့်လှစ်ပေးနိုင်ရေး၊   ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊  ကျောင်းသားလွှတ်တော်ဟု အမည်သုံးနှုန်းသည့်ကိစ္စရပ်ကို  ပြည်ထောင်စု လွှတ်တော်မှ ကန့်ကွက်သည့်ကိစ္စ၊ ပလောင် ရွာမှ မြေယာသိမ်းဆည်းခံရသည့်ကိစ္စ၊ ခနောင် ကျေးရွာမှ လယ်ယာမြေသိမ်းဆည်းခံရသည့် ကိစ္စနှင့်   မြကိုးဆူကျေးရွာ လယ်ယာမြေ သိမ်းဆည်းခံရ သည့်  ကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ က    ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက် ရှင်းလင်းသည်။

ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဥပဒေတွင် သတ်မှတ်ထားသည့် အချိန် ကာလအတွင်း   လုပ်ငန်းဆောင်ရွက်ခြင်း မရှိသည့်   လယ်ယာမြေများကို  ပြန်လည် စွန့်လွှတ်ရမည်ဟု သတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကလည်း ဥပဒေကို လေးစားရန်လိုအပ်ပါကြောင်း၊ အချို့ဥပဒေ များကို မတရားဘူးဟုထင်ပါက ယင်းဥပဒေကို ပြောင်းလဲပြုပြင်နိုင်ရန် အားလုံးတွင် ကြိုးစား ရမည့်တာဝန်နှင့် ကြိုးစားမှုဖြစ်မြောက်အောင် မိမိတို့က ဆက်လက်လုပ်ဆောင်ပေးရမည့် တာဝန်ရှိပါကြောင်း။

ချိန်ခွင်လျှာညီမျှအောင် စဉ်းစားစေလို

တည်ဆဲဥပဒေအရ မိမိတို့ ရပ်တည်ရန် အင်မတန်အရေးကြီးပါကြောင်း၊ ထိုသို့မဟုတ် ပါက မိမိတို့နိုင်ငံတွင် တည်ငြိမ်မှုရှိမည် မဟုတ် ပါကြောင်း၊ မအူပင်သည်လည်း အခြားမြို့နယ် များနည်းတူ   မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ပြဿနာများ များစွာရှိပါကြောင်း၊ ပြည်သူ လူထုအနေဖြင့်လည်း တတ်နိုင်သည့်ဘက်က စဉ်းစားစေချင်ပါကြောင်း၊ ပရဟိတ၊ အတ္တ ဟိတ နှစ်ခုစလုံး ချိန်ခွင်လျှာညီမျှအောင် စဉ်းစားစေလိုပါကြောင်း၊ မိမိ၏ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး  အလေးထားသလို နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုနှင့်ပတ်သက်၍လည်း      ပြည်သူ ပြည်သားများကို အလေးထားစေလိုပါကြောင်း။

နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်း၊ တစ်ဦးချင်း မှ မိမိအကျိုးကို မိမိနိုင်ငံအကျိုးနှင့်အတူ တန်းတူထားမည်၊ မိမိနိုင်ငံ၏အကျိုးကို မိမိ အကျိုးနှင့်အတူ   တန်းတူထားမည်ဆိုပါက မိမိတို့နိုင်ငံသည် မြန်မြန်ဆန်ဆန်  ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး    ဘောင်အတွင်းမှ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု ကလည်း မိမိတို့နှင့်အတူ ဝိုင်းဝန်းပြီး ကြိုးစားကြ ပါဟု မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်သည့်    အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ညောင်တုန်း မြို့သို့ရောက်ရှိကြပြီး   ညောင်တုန်းမြို့နယ် ခန်းမ၌ ညောင်တုန်းမြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က   မိမိတို့နိုင်ငံတိုးတက်ရန်အတွက် ပြည်သူနှင့်အစိုးရအကြားတွင်    ယုံကြည်မှု တည်ဆောက်ရန်      လိုအပ်သည်ကို အကြိမ်ကြိမ် ပြောဆိုခဲ့ပါကြောင်း၊  ပြည်သူနှင့် အစိုးရအကြား ယုံကြည်မှုတည်ဆောက်ရာ တွင် အစိုးရအနေဖြင့် ပြည်သူများနှင့် ဆက်ဆံ သည့်အခါ ပွင့်လင်းမှုရှိရန်၊ ဖြောင့်မတ်မှုရှိရန်၊ စကားတည်ရန် လိုအပ်ပါကြောင်း၊ ပြည်သူ လူထုအနေဖြင့်လည်း အစိုးရနှင့်ဆက်ဆံသည့် အခါ   ပွင့်လင်းမှုရှိရန်၊   ဖြောင့်မတ်မှုရှိရန်၊ တည်ကြည်မှုရှိရန် လိုအပ်ပါကြောင်း၊ ပြည်သူ များ၏ဒုက္ခသည်   အစိုးရအဖွဲ့ဝင်များ၏ ဒုက္ခထက်များသည်ကို မိမိလက်ခံပါကြောင်း၊  အထူးသဖြင့်   တောရွာတွင်နေထိုင်သည့် ချို့တဲ့သော   ပြည်သူများအတွက်ဆိုလျှင် လိုအပ်ချက်များစွာရှိနေသည်ကို  သဘော ပေါက်ပါကြောင်း၊  မည်သို့ပင် လိုအပ်ချက်များ များများတင်ပြသည့်အခါတွင် မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် တင်ပြစေလိုပါကြောင်း၊ ပြည်သူပြည်သားများကို    အဆင့်အတန်း မခွဲခြားဘဲ အားလုံးကို တရားမျှတမှု ရစေလိုပါ ကြောင်း၊  တရားသဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ပေးချင်ပါကြောင်း။

အတတ်နိုင်ဆုံး  ပြည်သူများ၏  ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ပါ ကြောင်း၊  ထိုသို့ကြိုးစားရာတွင် တရားဥပဒေ စိုးမိုးရေးသည် အဓိက အကျဆုံးဖြစ်ကြောင်း၊ ပြည်သူများတင်ပြသည့်     ကိစ္စများတွင်   တော်တော်များများသည်   လယ်ယာမြေ ပိုင်ဆိုင်မှုများနှင့်    ပတ်သက်ပါကြောင်း၊ တစ်ခါတစ်ရံ   အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အားနည်းချက်များကို တွေ့ရှိရပါကြောင်း၊  အုပ်ချုပ်ရေးပိုင်းတွင်ရှိသည့် အားနည်းချက် များသည် အစိုးရတွင် တာဝန်ရှိခြင်းကြောင့် ယင်းအားနည်းချက်များ    ပပျောက်သွား အောင် ကြိုးစားသွားမည်ဖြစ်ပါကြောင်း။

တိုးတက်မှုနှုန်းမြန်လာမည်

မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု များစွာ လိုအပ်နေသည့်အတွက် ပူးပေါင်းဆောင်ရွက်မှု သည်    အင်မတန်အရေးကြီးပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ   အစိုးရ အတွင်း   ပူးပေါင်းဆောင်ရွက်မှု၊  ဗဟိုနှင့် တိုင်းဒေသကြီးအတွင်း ပူးပေါင်းဆောင်ရွက် မှု၊ တိုင်းဒေသကြီးအတွင်း ပူးပေါင်းဆောင်ရွက် မှု၊ ပြည်သူများအကြား၊ အဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်မှု၊ အဆင့်ဆင့် ကဏ္ဍအလိုက်     ပူးပေါင်းဆောင်ရွက်မှု များသထက်များလာပါက မိမိတို့၏ တိုးတက်မှု နှုန်းသည် မြန်လာမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် သဘာ၀သယံဇာတ အင်မတန်    ပေါများကြွယ်၀သည့်နိုင်ငံဟု မှတ်ချက်ပြုထားသည်များ  ရှိပါကြောင်း၊ အရေးအကြီးဆုံးနှင့် တန်ဖိုးအရှိဆုံး အဓိက သယံဇာတမှာ   မိမိတို့၏ ပြည်သူများဖြစ်ပါ ကြောင်း၊    နိုင်ငံတစ်နိုင်ငံ၏အင်အားသည် နိုင်ငံ၏ ပထဝီမြေကျယ်ပြန့်ကြီးမားပုံ၊ သယံ ဇာတပစ္စည်းပေါများခြင်း၊   မပေါများခြင်း၊ လူဦးရေ အရေအတွက်တို့နှင့် မသက်ဆိုင်ပါ ကြောင်း၊ ပြည်သူပြည်သားများ၏ အရည် အချင်းနှင့်သာ       သက်ဆိုင်ပါကြောင်း၊ ထို့ကြောင့်   မိမိတို့၏   ပြည်သူပြည်သားများ တစ်ဦးချင်းနားလည်ပြီး နှလုံးသွင်းစေလိုပါ ကြောင်း၊    တစ်ဦးချင်းတွင်ရှိသည့်   အရည် အချင်းများကို နိုင်ငံအကျိုးအတွက် သုံးစွဲရ မည်ကို နိုင်ငံသားများအားလုံး နှလုံးသွင်းစေ လိုပါကြောင်း၊ ပြည်သူပြည်သားများကို ဥပဒေ အရပေးထားသည့်   အခွင့်အရေးများရှိပါ ကြောင်း၊   အဆိုပါ  အခွင့်အရေးများကို မှန်မှန်ကန်ကန်သုံး၍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်စေလိုပါကြောင်း။

ကျွမ်းကျင်မှုကို မှန်ကန်စွာအသုံးချ

မိမိအနေဖြင့်   အားလုံးကို  တိုက်တွန်းလို သည်မှာ  ပညာရေးကို အလေးထားကြရန် ပြောကြားလိုပါကြောင်း၊     မိမိတို့နိုင်ငံတွင် ပညာတတ်များလိုပါကြောင်း၊ ပညာတတ်ဟု ပြောခြင်းမှာ တက္ကသိုလ်ဘွဲ့ရများကို ပြောခြင်း မဟုတ်ပါကြောင်း၊     မိမိတို့နိုင်ငံအတွက် လိုအပ်နေသည့် ကျွမ်းကျင်မှုများနှင့် ပြည့်စုံ သည့် ပြည်သူပြည်သားများကို ပြောခြင်းဖြစ်ပါ ကြောင်း၊ လယ်ယာလုပ်ကိုင်သည့်နေရာတွင် တော်သည့် တောင်သူလယ်သမားများသည် လည်း ပညာတတ်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ပညာတွင်   အင်မတန်  လက်တွေ့ကျကျ ကျွမ်းကျင်သည့်သူကိုလည်း ပညာတတ်ဟု လည်း   ပြောနိုင်ပါကြောင်း၊   ထို့နည်းတူ အလုပ်သမားတစ်ဦးသည် ၎င်း၏အလုပ်ကို ကျွမ်းကျင်ပြီး ယင်းကျွမ်းကျင်မှုကို မှန်ကန်စွာ အသုံးချပါက ယင်းအလုပ်သမားသည်လည်း ပညာတတ်ဖြစ်ပါကြောင်း၊   တစ်ဦးချင်း တစ်ဦးချင်းသည် မိမိတို့၏ အားသာချက်များ ကို  တန်ဖိုးထားဂုဏ်ယူရမည်  ဖြစ်သလို မိမိ တို့၏  အားနည်းချက်များကိုလည်း  ရင်ဆိုင် နိုင်ရမည် ဖြစ်ပါကြောင်း။

မိမိတို့   ပြည်သူပြည်သားများအားလုံး တစ်ဦးချင်း   တစ်ယောက်ချင်းသည်  မိမိ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် တာဝန်ယူ စေလိုပါကြောင်း၊ ထို့အတူ ကလေးများကို လည်း ငယ်စဉ်ကတည်းက မိမိတို့ပတ်ဝန်းကျင် သန့်သန့်ရှင်းရှင်းထားရန် အားပေးစေလိုပါ ကြောင်း၊ အားလုံး တစ်ဦးချင်းကို မိမိတို့နိုင်ငံ အတွက် တာဝန်ယူလိုသည့်စိတ်ကို သင်ကြား ပေးကြရန် မိဘနှင့် ဆရာ ဆရာမများကို တိုက်တွန်းလိုပါကြောင်း။

မိမိအနေဖြင့်   အသက်အရွယ်မရွေး နိုင်ငံသူနိုင်ငံသားအားလုံးကို တန်ဖိုးထားပါ ကြောင်း၊ အားလုံးတွင် အရည်အချင်းကိုယ်စီ ရှိကြသည်ကို  အသိအမှတ်ပြုရန်လိုအပ်ပါ ကြောင်း၊ လူကြီးများနှင့် လူငယ်များ တစ်ဦး နှင့် တစ်ဦး အပြန်အလှန်တန်ဖိုးထားသည့် လှူပတ်ဝန်းကျင်ဖြစ်ရန်   ဖန်တီးရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံရှိပါကြောင်း၊   တိုင်းရင်းသားလူမျိုး ပေါင်းစုံ၊   ကိုးကွယ်သည့် ဘာသာပေါင်းစုံ၊ ပြောဆိုသည့် ဘာသာစကားပေါင်းစုံဖြင့် တည်ထောင်ထားသည့် ပြည်ထောင်စုသည် တစ်ဦးနှင့်တစ်ဦး နားလည်မှုအပေါ် အခြေခံ ထားပြီး  တည်ထောင်ထားခြင်းဖြစ်ပါကြောင်း၊ လွတ်လပ်ရေးမရခင်  အချိန်ကာလက  ပင်လုံ ညီလာခံတွင်    လွတ်လပ်ရေးဖခင်ကြီးများ အားလုံးစုရုံးပြီး    လွတ်လပ်ရေးရအောင် အတူတူလုပ်မည်ဆိုသည့် ဆုံးဖြတ်ချက်ချနိုင် ခဲ့ခြင်းသည် ပြည်ထောင်စု၏ အခြေခံဖြစ်ပါ ကြောင်း၊   ပြည်ထောင်စု၏   အခြေခံဟု ပြောခြင်းသည် ပင်လုံစာချုပ်ကိုပြောဆိုခြင်းမဟုတ်ပါကြောင်း၊     ပင်လုံစိတ်ဓာတ်ကို ပြောခြင်းဖြစ်ပါကြောင်း၊  ပင်လုံစိတ်ဓာတ် သည် ပင်လုံစာချုပ်ကို ဖြစ်မြောက်စေသည့် စိတ်ဓာတ်ကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ပင်လုံ စာချုပ်ကိုဖြစ်မြောက်စေသည့် စိတ်ဓာတ်သည် အတူတူပူးပေါင်းပြီး ဆောင်ရွက်ခြင်းအားဖြင့်  မိမိလိုချင်သည့်ပန်းတိုင်ကို   ပို၍   မြန်မြန် ဆန်ဆန် ထိထိရောက်ရောက် ရောက်နိုင်မည် ဆိုသည့်စိတ်ဓာတ်ကို ပြည်ထောင်စုစိတ်ဓာတ် ဟု  ပြောခြင်းဖြစ်ပါကြောင်း။

အရည်အချင်းများစွာလို

မိမိတို့၏ အုပ်ချုပ်ရေးပိုင်းတွင် အားနည်း ချက်ရှိသည်ကို  သဘောပေါက်ပါကြောင်း၊ ထိုအားနည်းချက်များကို ပြင်ဆင်ရန်လည်း  ကြိုးစားနေပါကြောင်း၊ သို့သော် ပြည်သူလူထု အနေဖြင့် ထိုအားနည်းချက်များကို ပြင်ဆင်ရန် ကြိုးစားနေသည်ကို ဝိုင်းဝန်း၍ အားပေးစေလို ပါကြောင်း၊ မိမိတို့နှင့်အတူ ဆောင်ရွက်ပေးစေ လိုပါကြောင်း၊      အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းများသည် နိုင်ငံ၏ဝန်ကိုထမ်းပေးမည် ဆိုသည့် အဓိပ္ပာယ်ရောက်ပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းလုပ်ပြီဆိုပါက နိုင်ငံ့ဝန်ကိုထမ်းနိုင်သည့် အရည်အချင်း၊ ထမ်းရဲသည့်သတ္တိ၊ အင်အား များစွာ   လိုအပ်ပါကြောင်း၊   ဝန်ထမ်းများ၏ သိက္ခာနှင့် ကိုက်ညီအောင်၊ နေနိုင်အောင် မိမိတို့ ကြိုးစားလုပ်ဆောင်နေပါကြောင်း။

လူတိုင်းလူတိုင်းတွင် တန်းတူညီတူ အခွင့် အရေးရှိအောင် မိမိတို့ ကြိုးစားနေပါကြောင်း၊ ပြည်သူပြည်သား တစ်ဦးချင်း တစ်ဦးချင်းသည် ပညာနှင့် ပြည့်စုံရမည်၊  ကျန်းမာရေးလည်း ပြည့်စုံရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူ ပြည်သားများသည် ပရဟိတ၊ အတ္တဟိတ၊ ကိုယ်ကျိုး၊ အများအကျိုး အကျိုးနှစ်သွယ်ကို ထမ်းဆောင်နိုင်သည့် ပြည်သူပြည်သားများ ဖြစ်ရန် မိမိအနေဖြင့် မျှော်လင့်ပါကြောင်း၊ မိမိတို့အနေဖြင့်  ထိုသို့ဖြစ်နိုင်ရန်  ကြိုးစား ပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုကလည်း ဝိုင်းဝန်းပြီး မိမိတို့နှင့်ပူးပေါင်းဆောင်ရွက်ပေး ကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ပိုမိုထောက်ပံ့

တွေ့ဆုံပွဲတွင်   ဒေသခံပြည်သူများက ကြိုတင်တင်ပြထားသည့်   ညောင်တုန်း မြို့နယ်အတွင်း ဆိုင်ကယ်များပျောက်ဆုံးနေမှု၊ ရဲတပ်ဖွဲ့ဝင်များ အင်အားပိုမိုများပြားအောင် ဆောင်ရွက်ရေး၊      ညောင်တုန်းမြို့သည် မူလဆိပ်ကမ်းဖြစ်ပြီး   နယ်သာလန်နိုင်ငံနှင့် ပူးပေါင်း၍    မြစ်ကမ်းထိန်းကာကွယ်ရေး လုပ်ငန်းများနှင့်  မြို့မြစ်ကမ်းကာကွယ်ရေး အပြင် ကုန်းတွင်းဆိပ်ကမ်းမြို့အဖြစ် ဆောင်ရွက် ပေးနိုင်ရေး၊ စံကင်းကျွန်း လမ်းပန်းဆက်သွယ် ရေးအတွက် တံတားတစ်စင်း တည်ဆောက် ပေးနိုင်ရေးနှင့် ကုန်ထုတ်လမ်းဖောက်လုပ် ပေးနိုင်ရေး၊ အာဇာနည်ပန်းခြံဘေးရှိ ကလေး ကစားကွင်းကို ပိုမိုကောင်းမွန်ရန်ဆောင်ရွက် ပေးနိုင်ရေး၊ သင့်လျော်သည့်အတတ်ပညာသင်ကျောင်းဆောက်လုပ်ပေးနိုင်ရေး၊ ပြည်သှူ ဆေးရုံကြီးကို ဆက်လက်တည်ဆောက်ခြင်း ရှိ၊ မရှိသိလိုခြင်း၊ တိုင်းရင်းသားစာပေသင်ကြား သည့်  ဆရာ ဆရာမများအား လစာငွေ  ပိုမို ထောက်ပံ့ပေးနိုင်ရေးနှင့် ကျောင်းချိန်အတွင်း တိုင်းရင်းသားဘာသာ သင်ကြားခွင့်ရရှိရေးနှင့်  စပ်လျဉ်း၍လည်းကောင်း၊     ပေါက်တော ကျေးရွာ လယ်ယာမြေ သိမ်းဆည်းခံရမှုများ၊ ရတနာစုကုမ္ပဏီမှ အမြတ်ငွေ ၁ ရာခိုင်နှုန်းကို ကျေးရွာဖွံ့ဖြိုးရေးအတွက် မပေးအပ်သည့် ကိစ္စရပ်နှင့်                 
အမှတ်(၃) ဓာတ်ငွေ့စက်ရုံ လည်ပတ်နိုင်ရေး တို့နှင့်စပ်လျဉ်း၍   တင်ပြဆွေးနွေးကြသည်။

တင်ပြချက်များနှင့်     စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူ များက    ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက် ရှင်းလင်းသည်။
ထို့နောက်     နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိလ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  ပြည်သူများ ကျေနပ်လောက်အောင် ပြောဆိုနိုင်သည့်အချိန်     မပေးနိုင်ခဲ့သည့် အတွက် မိမိတောင်းပန်ပါကြောင်း၊ သို့သော် လည်း ပြည်သူလူထုအနေဖြင့် အချိန်မရွေး မိမိတို့အစိုးရထံ စာဖြင့်ရေးပြီး တင်ပြနိုင်ပါ ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနကို မသိပါ က နိုင်ငံတော်သမ္မတရုံးကို ပို့၍ရပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးကိုလိပ်မူပြီး      မိမိတို့ တိုင်ကြားချင်သည့်ကိစ္စများ၊ သိချင်သည့်ကိစ္စ များကို မေးမြန်းနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် အမှုကိစ္စများကို    တစ်ခုချင်းစိစစ်ပေးနေပါ ကြောင်း၊ စိစစ်ပြီး မည်သို့အရေးယူဆောင်ရွက် ရမည်ကို ဆုံးဖြတ်ရပါကြောင်း၊ တင်ပြလိုက် သည့် ပြည်သူများကို အဖြေပေးရပါကြောင်း၊ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် အတိုင်း အတာတစ်ခုအထိ      အချိန်လိုပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း   နားလည်မှု ရှိမည်ဟု ယုံကြည်ပါကြောင်းနှင့် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ကြိုဆိုနှုတ်ဆက်

ထို့နောက်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်သည့်   အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ညောင်တုန်း မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ သည် အထူးလေယာဉ်ဖြင့်    ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ တာဝန်ရှိသူများ က နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် ၌  ကြိုဆိုနှုတ်ဆက်ကြသည်။   
    

သတင်းစဉ်

No comments:

Post a Comment