Friday, April 19, 2019

သာမဂ္ဂီစိတ်ထားဖြင့် လှပသည့်နိုင်ငံတည်

Image may contain: text

လှပသောနိုင်ငံတော် ဖြစ်တည်နေခြင်းမှာ လှပသောစိတ်ထားများရှိသည့် နိုင်ငံသားများကြောင့်ဖြစ်သည်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့က သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏   အဓိပတိဆရာတော်    ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဟောကြားသည့်  မြတ်စွာဘုရားရှင်လက်ထက်တော်က ဂေါသိင်္ဂဥယျာဉ်ကြီးတွင်    မထေရ်ကြီးသုံးပါး   တစ်စိတ်တစ်ဝမ်းတည်း နေထိုင်ခြင်း ဥပမာအား နမူနာပြ ညွှန်းဆိုချင်ပါသည်။

အဆိုပါ ဂေါသိင်္ဂဥယျာဉ်ကြီး၏ အလှအပထက် ထိုဥယျာဉ်ကြီးတွင် သီတင်းသုံးတော်မူသော မထေရ်ကြီးသုံးပါး၏ စိတ်ထားအလှကို ရည်ညွှန်း ပေသည်။ မထေရ်ကြီးများသည် သာမဂ္ဂီဟူသော ညီညွတ်သောစိတ်ထား ထားရှိခြင်းကြောင့်   အလှတရားများ   ပေါင်းစုဝေဆာနေခြင်းဖြစ်သည်။ ညီညွတ်ခြင်းကို တည်ဆောက်ရာ၌ ရောရောနှောနှော ချစ်ချစ်ခင်ခင် ကွဲပြားခြင်းမရှိ၊ ခိုက်ရန်ဖြစ်ခြင်းမရှိ၊ အငြင်းပွားခြင်းမရှိဘဲ ချစ်ခင်ညီညွတ် သော စိတ်ထားဖြင့် အလှတန်ဆာဆင်ထားခြင်းဖြစ်သည်။

ထိုသို့ ညီညွတ်သောစိတ်ထားများ ထားရှိနိုင်အောင် အလိုဆန္ဒ၊ စိတ် ဆန္ဒများကို လျှော့ထားပြီး အတူနေ သီတင်းသုံးဖော်အချင်းချင်း အလိုဆန္ဒ ပြည့်အောင် ဖြည့်စွက်ပေးခြင်းဖြစ်သည်။ တစ်ဦးစိတ်ကို လျှော့ထားပြီး တစ်ဦးအလိုပြည့်အောင်ဖြည့်ဆည်းကာ သုံးဦးပတ်လည် လည်သည့်အခါ အားလုံး၏အလိုပြည့်ခြင်းတည်းဟူသော အကျိုးရလဒ်အဖြစ် လှပသော ဥယျာဉ်ကြီး ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ထိုဥယျာဉ်ကြီး ဥပမာကဲ့သို့ ကျွန်ုပ်တို့ အမိပြည်ထောင်စုနိုင်ငံတော်ကြီး အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး တစ်ရာကျော်တို့သည် လည်း သာမဂ္ဂီဟူသော ညီညွတ်သောစိတ်ထားများ ထားရှိနိုင်ရန်အတွက် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုရှိရန်နှင့် တစ်ဦး၏ဆန္ဒကိုတစ်ဦးက လိုက်လျော ကြကာ တိုင်းရင်းသားလူမျိုးတစ်ရာကျော် အပတ်လည်သောအခါ လှပသော ပြည်ထောင်စုဥယျာဉ်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာမည်မှာ အမှန်ဖြစ်သည်။

လက်ရှိတွင် တိုင်းရင်းသားလူမျိုးအချင်းချင်း  ယုံကြည်မှုလျော့နည်း နေသေးပြီး တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ စာနာမှု၊ လိုက်လျောမှုများ လိုအပ်နေသေးသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးခရီး ရှည်နေပြီး အလှမ်းဝေးနေသေးသည်ဟု ဆိုနိုင်သည်။ အဓိကလိုရင်း အချက်မှာ မိမိတို့အားလုံး၏ စိတ်ဆန္ဒများကို လျှော့ချထားရန်ဖြစ်ပါသည်။ မိမိတို့၏အလိုဆန္ဒများ များနေသေးသရွေ့ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကို တည်ဆောက်နိုင်မည်မဟုတ်ချေ။

လူတိုင်းလူတိုင်းသည် မိမိ၏အလိုဆန္ဒအတိုင်း ဖြစ်လိုကြသည် မှန်သော်လည်း ဖြစ်လိုသည့်ဆန္ဒထက် ဖြစ်နိုင်သည်၊ ဖြစ်သင့်သည်တို့ ဖြစ်လာရန်အတွက် မိမိတို့တစ်ဦးချင်းစီ၏ စိတ်အလိုဆန္ဒများကို လျှော့ချ ပေးပြီး    တစ်ဦးနှင့်တစ်ဦး   နားလည်မှုပေးကြရန် အရေးကြီးပေသည်။ တစ်ဦးအလိုပြည့်ရန်အတွက် တစ်ဦးက  လျှော့ပေးမှသာ  ဖြစ်နိုင်ပေသည်။ အလားတူ ၎င်းတစ်ဦးကလျှော့ပေးခြင်းဖြင့် အခြားတစ်ဦးအလိုပြည့်အောင် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။

တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုးသာမက ပြည်သူ တစ်ဦးနှင့် တစ်ဦးအနေဖြင့်လည်း အဆိုပါ သာမဂ္ဂီစိတ်ထားများ ထားရှိမွေးမြူကြရ မည်ဖြစ်သည်။ ထိုသို့မွေးမြူကြမှသာ လှပသောပြည်ထောင်စုပန်းဥယျာဉ် ကြီး ပေါ်ပေါက်လာမည်ဖြစ်ပြီး ပြည်ထောင်စုသားများအားလုံး၊ တိုင်းရင်း သားပြည်သူအားလုံး ကိုယ်စိတ်နှလုံး စိတ်အေးချမ်းသာနိုင်မည်ဖြစ်သည်။ ယနေ့ဖြစ်ပေါ်နေသော တစ်ဦးအပေါ်တစ်ဦး ရန်မုန်းပွားခြင်း၊ အလိုဆန္ဒများ မပြည့်၀နိုင်ခြင်းတို့အတွက် မိမိတို့တစ်ဦးချင်းစိတ်ထားများကို လျှော့ချကာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုဖြင့် ညီညီညွတ်ညွတ် လက်တွဲဆောင် ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ လှပသောပြည်ထောင်စုပန်းဥယျာဉ်ကြီး ဖြစ်ထွန်းပေါ်ပေါက် ရေးအတွက် အဓိကအရေးကြီးသည့်   မိမိတို့ တစ်ဦးချင်းစိတ်ထားများ ပြုပြင်ပြောင်းလဲကျင့်သုံးနိုင်ရန်လိုအပ်ပြီး    ထိုသို့ပြောင်းလဲကျင့်သုံးပြီး တစ်ဦးအပေါ် တစ်ဦး စာနာနားလည်မှုပေးနိုင်မှသာ တိုင်းရင်းသားပြည်သူ အားလုံး လိုလားတောင့်တသည့် အေးချမ်းသာယာ၀ပြောသော ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်ကြီး ထည်ဝါခိုင်မာစွာ ဖြစ်ထွန်းပေါ်ပေါက်လာမည် ဖြစ်ပါသတည်း။    ။


No comments:

Post a Comment