Thursday, March 28, 2019

(၇၄) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပ
Image may contain: 1 person, standing
နေပြည်တော် မတ် ၂၇
၂၀၁၉ ခုနှစ် (၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်းကြီး၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
(၇၄)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ တို့မှ စစ်သည်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အမျိုးသမီး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးကိုယ်စား ပြုစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသားကိုယ်စားပြု စစ်ရေး ပြတပ်ခွဲ၊ အထူးတာဝန်တပ်ဖွဲ့ အမျိုးသမီးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်မတော်(ရေ) အထူးတပ်ဖွဲ့ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့သည် စစ်ကြောင်းကြီးများအလိုက် ယနေ့နံနက် ၅ နာရီတွင် သစ်တပ်စစ်ရေး ပြကွင်းသို့ စတင်စုရုံးရောက်ရှိနေရာယူကြပြီး နေပြည်တော်စစ်ရေးပြ ကွင်းကြီးသို့ ချီတက်ကြသည်။
ဂုဏ်ပြုပန်းကုံးများစွပ်
စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ်ဇော်ဟိန်း ဦးဆောင်သည့် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင် စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် မြဝတီစစ်ကြောင်းများသည် စစ်ရေးပြကွင်းကြီး သို့ ချီတက်လာစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်နှင့် တပ်မတော်အရာရှိကြီး များ၏ ဇနီးများက ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြသည်။
သောင်းသောင်းဖြဖြကြိုဆို
ထို့အတူ စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းတစ်လျှောက်တွင် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည် မိသားစု များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည် မိသားစုများ၊ ဒေသခံမိဘပြည်သူများက စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုပန်းကုံး များစွပ်၍ သောင်းသောင်းဖြဖြ ကြိုဆိုကြ သည်။
စစ်ကြောင်းကြီးများမှ တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၂၄၃၈ ဦးတို့သည် ဇာတိသွေး၊ ဇာတိမာန် အပြည့်ဖြင့် စစ်ချီတေး များကို သံပြိုင်သီဆို၍ ချီတက်ကြပြီး စစ်ရေး ပြကွင်းကြီးအတွင်းသို့ ရောက်ရှိနေရာယူကြ သည်။
တက်ရောက်
စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်း ဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ် ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင် မောင်မောင်ကျော်နှင့် တပ်မတော် အရာရှိကြီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယ အဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ တပ်မတော် အငြိမ်းစားအရာရှိကြီးများ၊ လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီး များ၊ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟိုအကြံပေး ကွပ်ကဲရေးအဖွဲ့များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ အောင်ဆန်း သူရိယဘွဲ့ ချီးမြှင့်ခံခဲ့ရသူများ၏ မိသားစုဝင် များ၊ ၂၀၁၈ ခုနှစ် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခဲ့ကြသော အရာရှိ၊ စစ်သည်များနှင့်အမွေခံများ၊ အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ စာမူရွေးချယ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူ များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ ရေကြောင်း လူငယ်၊ လေကြောင်း လူငယ် သင်တန်းများမှ အုပ်ချုပ်သူနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ၊ ဆိပ်ဖူး တောင်ပရဟိတလူငယ် ဖွံ့ဖြိုးရေးသင်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းသည် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ကျင်းပ သည့် စစ်ရေးပြကွင်းကြီး အလေးပြုခံစင်မြင့်သို့ ရောက်ရှိရာ စစ်ကြောင်းကြီးများမှ တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြုကြသည်။
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေးပြ စစ်ကြောင်းကြီးများဖြစ်သည့် အနော်ရထာ စစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့် နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် မြဝတီစစ်ကြောင်းတို့ကို လိုက်လံစစ်ဆေး သည်။
ထို့နောက် စစ်ကြောင်းကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုကြရာ ဗဟိုစစ်တီးဝိုင်း အဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။
ဆက်လက်၍ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး စစ်ကြောင်းကြီးများမှ (ကြည်း၊ ရေ၊ လေ) တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များက သစ္စာလေးချက်ကို သံပြိုင်ညီညာ ရွတ်ဆိုကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကိုယ်စား ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် မိမိတို့ တပ်မတော် အနေဖြင့် နိုင်ငံ၊ လူမျိုး၊ အမျိုးသားအကျိုး စီးပွားနှင့် အချုပ်အခြာအာဏာ ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည့် အတွက် ကာကွယ်ရေးစွမ်းအား (Defence
Capability) တည်ဆောက်ခြင်း၊ ကာကွယ် ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ခြင်း (Defence Modernization)တို့ကို ဖော်ဆောင်ပြီး သမားရိုးကျ စစ်ပွဲများကို ဆင်နွှဲနိုင်သည့် ခေတ်မီတပ်မတော် (Standard
Army)အဖြစ် တည်ဆောက်လျက်ရှိပါ ကြောင်း။
ဟန်ချက်ညီဆောင်ရွက်ကြရမည်
ခေတ်မီတပ်မတော်တစ်ရပ် တည် ဆောက်သည့်အခါတွင် အဓိကကျသည့် စစ်အသုံးအဆောင်ပစ္စည်း၊ လူ့စွမ်းအားအရင်း အမြစ်နှင့် ကျွမ်းကျင်မှု စသည့် ကဏ္ဍ ၃ ရပ် ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရ မည်ဖြစ်ပြီး တိုးတက်ပြောင်းလဲနေသည့် စစ်ပွဲ ဆိုင်ရာ အယူအဆများနှင့် ပုံသ္ဌာန်များ၊ စစ်လက်နက် အသစ်အဆန်းများ၊ စစ်ဘက် နည်းပညာ ဖွံ့ဖြိုးမှုများကို မျက်ခြည်ပြတ်မခံဘဲ လေ့လာနေရန်လည်း လိုအပ်ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ ချက်ချင်း ဆောင်ရွက်၍ မရနိုင်သည့်အပြင် စစ်၏သဘောသဘာဝအရ ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်မှသာ စစ်ပွဲကိုအောင်နိုင်မည် ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်းနှင့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စ ရပ်များကို ဟန်ချက်ညီဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
အဆုံးအဖြတ်ပေးလျက်ရှိ
မျက်မှောက်ကာလ စစ်ပွဲများတွင် စစ်နည်းဗျူဟာကျွမ်းကျင်မှု၊ လေကြောင်း အကဲသာမှုနှင့် အီလက်ထရွန်နစ် နည်းပညာ သာလွန်မှု၊ လက်နက်ခဲယမ်းများ ခေတ်မီ ကောင်းမွန်မှု၊ ထိရောက်တိကျမှုတို့သည် စစ်ပွဲ၏ အနိုင်၊ အရှုံးကို အဓိက အဆုံးအဖြတ် ပေးလျက်ရှိပါကြောင်း၊ နည်းပညာတိုးတက် လာမှုနှင့်အတူ ပြောင်းလဲကျင့်သုံးလာသည့် စစ်နည်းဗျူဟာများနှင့် စစ်လက်နက်ပစ္စည်း များကို ခေတ်နှင့်အညီ ကျွမ်းကျင်စွာ အသုံး ချနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကျွမ်းကျင်စွာ အသုံးချသွားနိုင်ရန်အတွက်လည်း ပညာရည် မြင့်မားရန်
လိုအပ်သည့်အတွက် တပ်မတော်သားအားလုံး ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
အမြဲမပြတ် လေ့လာရန်လိုအပ်
မိမိတို့ တပ်မတော်သားများသည် "အလိမ္မာစာမှာရှိ" ဆိုသည့်အတိုင်း မိမိ ကိုယ်ကို ထိန်းကျောင်းပြုပြင်နိုင်ရန်၊ အတွေး အခေါ်နှင့် အသိပညာ ဗဟုသုတများရရှိစေ ရန်တို့အတွက် တန်ဖိုးရှိသည့် သုတ၊ ရသ စာပေများကိုလည်း အမြဲမပြတ် ဖတ်ရှု လေ့လာရန် လိုအပ်မည်ဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်း ရေးသည် အဓိကအရေးအကြီးဆုံး အချက် တစ်ချက်ဖြစ်ပါကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး နှင့် တိုင်းရင်းသားပြည်သူတို့၏ လူမှုဘဝ တိုးတက်မြင့်မားရေးလုပ်ငန်းများကို အောင် မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း။
ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး ဦးစားပေး
မိမိတို့နိုင်ငံတွင် ကိုလိုနီဘဝက နယ်ချဲ့ များ ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ် ကြောင့် လူမျိုးရေးအရ၊ အယူဝါဒရေးအရ၊ ဘာသာရေးအရ စိတ်ဝမ်းကွဲပြားမှုများအပေါ် အခြေခံသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် ယနေ့အချိန်အထိ ဖြစ်ပွား လျက်ရှိပါကြောင်း၊ နှစ်ပေါင်း(၇၀)ကျော် လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက် ကြောင့် ဒေသတွင်းနိုင်ငံများအကြားတွင် ဖွံ့ဖြိုးမှုအရှိန်အဟုန်များလည်း နှောင့်နှေးခဲ့ ရပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်း မှုရရှိရေးကို မိမိတို့နိုင်ငံ၏ ဦးစားပေးလုပ်ငန်း စဉ်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အယူဝါဒ ရေးရာအရ ကွဲပြားမှုနှင့် တိုင်းရင်းသားရေးအရ အမြင်လွဲမှားမှုများကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဥပဒေဘောင်အတွင်းက ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းကို အခြေခံပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရာတွင် တည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အမြန်ဆုံးရရှိခံစားနိုင်ကြရန် အတွက် ဃြဗ မှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်ဆွေးနွေးပြီး ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိုင် သည်အထိ တစ်ဆင့်ချင်ွးှငာန င်္မောန သတ်မှတ် ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့်ကာလတွင် နားလည်မှု လွဲမှားစေနိုင်သည့် ကိစ္စများကို ရှေ့တန်းတင် တောင်းဆိုလာခြင်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့် မသက်ဆိုင်သည့် ကိစ္စများကို ဆွဲသွင်း လာခြင်းများ မပြုလုပ်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် NCA မူဘောင်နှင့်အညီ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီး ဒီမိုကရေစီ လမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန် လျှောက်လှမ်းရန် လိုအပ်မည်ဖြစ်ပါ ကြောင်း။
စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး
ရပ်ဆိုင်းပေးခဲ့
ငြိမ်းချမ်းရေးကိစ္စရပ်များနှင့်ပတ်သက် ပြီး လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ဆွေးနွေးဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတို့ တွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးခဲ့ကြောင်းကို ထုတ်ပြန်ကြေညာ ခဲ့ပြီး ဖြစ်ပါကြောင်း။
လမ်းဖွင့်ပေးခြင်းဖြစ်
တပ်လှုပ်ရှားမှုရပ်ဆိုင်းထားသည့် ကာလ အတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေး သွားရန် လမ်းဖွင့်ပေးခြင်း ဖြစ်ပါကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသည့်ကာလ အတွင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသည့်လုပ်ရပ်များ ဆက်လက် ဆောင်ရွက်ခြင်းမပြုဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ဖြစ်စေ၊ တပ်မတော်၏ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့်ဖြစ်စေ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း ဆွေးနွေးခြင်းများ အမြန်ဆုံးပြုလုပ်သွားကြရန် ထပ်မံပြောကြားလိုပါကြောင်း။
ယခုသွားနေသည့် ငြိမ်းချမ်းရေးလမ်း ကြောင်းသည် တဒင်္ဂငြိမ်းချမ်းရေးရရုံမဟုတ် ဘဲ ထာဝရငြိမ်းချမ်းရေးရရန် စနစ်တကျ ဦးတည်လျှောက်လှမ်းနေခြင်း ဖြစ်သည့် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံး စစ်မှန်သည့် စိတ်ရင်း စေတနာမှန်ဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ပါ ကြောင်း၊ အတိတ်ကို လက်ညှိုးထိုး ပြောဆိုနေ မည့်အစား သင်ခန်းစာရယူပြီး ပြည်ထောင်စု သားအားလုံး သွေးစည်းညီညွတ်စွာဖြင့် မိမိ တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်း ဆောင်ရွက်မှုက အကျိုးရှိလိမ့်မည်ဖြစ်ပါ ကြောင်း။
နိုင်ငံရေးအရ ဆောင်ရွက်သင့်
မိမိတို့တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက် စေရေး၊ တိုင်းရင်းသားပြည်သူလူထုကလိုလား တောင့်တနေသော ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံများအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိသည့် နယ်မြေနှင့် ဆက်စပ်နယ်မြေအချို့တွင် တရားမျှတမှုမရှိ သည့် ရွေးကောက်ပွဲများဖြစ်ခဲ့သည်ကို တွေ့ရ သည့်အတွက် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာစေရန်၊ မတရားမှုများ မဖြစ်စေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအားလုံး NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအရ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ကြ ရန် ထပ်မံပြောကြားလိုပါကြောင်း။
ပြည်သူလူထုကို အကာအကွယ်ပေးခဲ့ရ
၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏ အချုပ် အခြာအာဏာကို ထိပါးအကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် နယ်မြေတည်ငြိမ်မှုပျက်ပြားပြီး ဒေသခံ တိုင်းရင်းသားများ အတိဒုက္ခရောက်ခဲ့ရပါ ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် နယ်မြေ အေးချမ်းမှုရှိစေရန် အကြမ်းဖက်မှုနှိမ်နင်းရေး (Counter-terrorism)၊ တည်ငြိမ်မှု စစ်ဆင်ရေး (Stability Operation)များ ကို ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူလူထုကို အကာအကွယ်ပေးခဲ့ရပါကြောင်း၊ နယ်မြေ တည်ငြိမ်မှု ပြန်လည်ရရှိပြီးဖြစ်သည့် ကျေးရွာ များတွင် အကြမ်းဖက်မှုများ ထပ်မံပေါ်ပေါက်မှု မရှိစေရေး၊ ARSA အကြမ်းဖက်သမားများ ကျူးကျော်ဝင်ရောက်လာမှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များက ဆက်လက်တာဝန်ယူ လျက်ရှိပါကြောင်း။
စွမ်းရည်သုံးရပ် အမြဲထက်မြက်နေရန် လိုအပ်
ထိုအခြေအနေမျိုးတွင် နယ်မြေတည်ငြိမ် ရေးနှင့် လုံခြုံရေးဆောင်ရွက်ပြီး ARSA အကြမ်းဖက်အဖွဲ့အန္တရာယ်က ကာကွယ်ပေး နေသည့် နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို AA အဖွဲ့က ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက် ခဲ့ကြပါကြောင်း၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်နှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးနေသည့် ရဲကင်းစခန်းများကို ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခြင်းသည် အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက် စေသည့်အတွက် တပ်မတော်အနေဖြင့် ထိထိ ရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ပါကြောင်း၊ ပြင်ပ ပယောဂကြောင့် တည်ငြိမ်မှုပျက်ပြားခဲ့ သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း တည်ငြိမ် အေးချမ်းရေးဆောင်ရွက်နေချိန်တွင် AA အဖွဲ့၏ အကြမ်းဖက်လုပ်ဆောင်မှုသည် ဒေသ တွင်း ပြည်သူများနှင့် ဒေသအကျိုးစီးပွားကို သာ ထိခိုက်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး အတွက် တပ်မတော်အနေဖြင့် မည်သည့် လက်နက်ကိုင်သောင်းကျန်းသူကိုမဆို ရှင်း လင်းရမည်ဖြစ်ကြောင်းကို ပြောကြားလိုပါ ကြောင်း။
မိမိတို့တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်ဆိုသည့် အဓိကလုပ်ငန်းတာဝန်များကို အစဉ်တစိုက် ထမ်းဆောင်လျက်ရှိပါကြောင်း၊ ယင်းတာဝန် များကို ထမ်းဆောင်ရန်အတွက် စစ်ရေး စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ် အမြဲ ထက်မြက်နေရန် လိုအပ်ပါကြောင်း၊ စွမ်းရည် သုံးရပ်ပြည့်စုံမှသာ ပေးအပ်လာသည့် အမိန့် နှင့်တာဝန်များကို ကျေပွန်စွာထမ်းဆောင် နိုင်စွမ်းရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကာကွယ် ရေးစွမ်းရည်ရှိစေရန်လည်း အမြဲတမ်းလေ့ကျင့် ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲ တမ်းတိုက်ပွဲဝင် အသင့်ဖြစ်ရမည်ဆိုသည့် မြဲသုံးမြဲနှင့် ပြည့်စုံနေရန်လည်း လိုအပ်ပါ ကြောင်း။
မှန်မှန်ကန်ကန်လုပ်ဆောင်
စစ်ရေးစွမ်းရည် ထက်မြက်ရန်အတွက် လေ့ကျင့်ရေးသည် အဓိကကျသည့် လုပ်ငန်း စဉ်တစ်ရပ်ဖြစ်ပြီး စစ်သည်တစ်ဦးချင်း လေ့ကျင့်ရေးနှင့် တပ်ဖွဲ့အလိုက် လေ့ကျင့် ရေးများကို လေ့ကျင့်ရေးမူဝါဒများနှင့်အညီ အကောင်အထည်ဖော် တည်ဆောက်နေရန် လိုအပ်ပါကြောင်း၊ တပ်မတော်သားတစ်ဦး အနေဖြင့် နိစ္စဓူဝလုပ်ဆောင်နေရသည့် သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းသည် လေ့ကျင့်ရေးနှင့် တည်ဆောက်နေခြင်းဖြစ်ပါကြောင်း၊ သမား စဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းဖြင့် စည်းကမ်းထိန်းသိမ်းရာ ရောက်သည့်အပြင် လေ့ကျင့်ရေးများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းအားဖြင့် တပ်များ၏ အရည်အသွေးမြင့်မားလာမည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးစွမ်းရည်ကျလျှင် စစ်ရေးစွမ်းရည် နှင့် စည်းရုံးရေးစွမ်းရည်များ ကျဆင်းသွားမည် ဖြစ်ပါကြောင်း။
အုပ်ချုပ်ရေးစွမ်းရည်တွင် ပါဝင်သည့် စစ်စည်းကမ်းလိုက်နာမှုအပိုင်းသည် မိမိတို့ တပ်မတော်သားတိုင်းအတွက် အဓိက လိုက်နာစောင့်ထိန်းရမည့် အချက်ဖြစ်ပါ ကြောင်း၊ စည်းကမ်းကို ဥပဒေနှင့်ထိန်းချုပ်ထား ကြပြီး မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ ပြဋ္ဌာန်းထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ပြောဆိုလုပ်ကိုင်နေထိုင်ကြရမည်ဖြစ် သည့်အပြင် တာဝန်ယူမှု၊ တာဝန်ခံမှုများလည်း ရှိရမည်ဖြစ်ပါကြောင်း၊ ပြည်သူကြားက ပေါက်ဖွားပြီး ပြည်သူများ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် တပ်မတော်သားများအနေဖြင့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပဒေများသာမက ပြည်သူများအတွက် ထုတ်ပြန်ထားသည့် နယ်ဘက်ဥပဒေများကိုလည်း လေးစားလိုက် နာကြရမည် ဖြစ်ပါကြောင်း၊ တပ်မတော်သည် ဥပဒေနှင့်အညီ တရားဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ထုတ်ပြန်ထား သည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ သာ ဆောင်ရွက်ရမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါက အရေးယူခြင်းခံရ မည်ဖြစ်ပါကြောင်း၊ စစ်သည်တစ်ဦးချင်းစီ၏ ပြုမူလုပ်ဆောင်ချက်သည် အဖွဲ့အစည်းတစ်ခု လုံးအပေါ် သက်ရောက်မှုရှိသည့်အတွက် တစ်ဦးချင်း စည်းကမ်းလိုက်နာပြီး စွမ်းရည် တိုးတက်အောင်ဆောင်ရွက်ရန် လိုအပ် ကြောင်းကို မှာကြားလိုပါကြောင်း။
မိမိတို့ တပ်မတော်သားတိုင်းသည် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံမှု၊ အထက် အောက် အပြန်အလှန်လေးစားမှုများနှင့် စစ်သားကောင်း စိတ်ဓာတ်မွေးမြူပြီး အားလုံး စည်းစည်းလုံးလုံး နေထိုင်ကြရမည်။ တပ်တည်မြဲအမိန့်များ၊ တိုက်တွန်းချက်များ၊ တားမြစ်ချက်စည်းကမ်းများကို အလေးအနက် ထားလိုက်နာဆောင်ရွက်ပြီး မိမိတို့ကျင့်သုံး ရမည့် ကျင့်ဝတ်ခြောက်ဆယ်ပါ အချက်များ အတိုင်း လိုက်နာကြမည်ဆိုပါက တပ်တွင်း စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပါ ကြောင်း၊ အလားတူ တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာတွင်လည်း စစ်သည်တော် ကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံပြီး ပြည်သူ များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက် ပေးခြင်း၊ အကျိုးပြုလုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူက အားကိုး၊ နိုင်ငံတော်က အားထားရသည့် တပ်မတော်ဖြစ်အောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရန် အလေးအနက် မှာကြားလိုပါကြောင်း။
မိမိတို့ တပ်မတော်သည် လွတ်လပ်ရေး ရပြီးချိန်မှစပြီး ခေတ်အဆက်ဆက်တွင် အမျိုးသားနိုင်ငံရေး၊ နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် အပြင် လက်ရှိကာလ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် စနစ်တကျဖြစ်စေရန် ဝိုင်းဝန်းကူညီ ပေးလျက်ရှိပါကြောင်း၊ အနာဂတ်ကာလတွင် လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာ တွင် အမျိုးသားနိုင်ငံရေးတာဝန်များကို ကျရာ အခန်းကဏ္ဍကနေ ဦးလည်မသုန် ဆက်လက် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် (၇၄) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များဖြစ်သည့် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန် အရေးသုံးပါးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့ကို အဓိကထား ဆောင်ရွက်ရေး၊ သမိုင်းကြောင်းအရ နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အား တပ်မတော်၏ ရပ်တည်ချက်အဖြစ် စဉ်ဆက် မပြတ် ခံယူလုပ်ဆောင်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု အဖြစ် တည်ဆောက်ရာတွင် မဖြစ်မနေလိုအပ် သော ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဒို့တာဝန်အရေးသုံးပါးကို အခြေခံသော ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ဖြင့် တပ်မတော်မှ ခိုင်ခိုင်မာမာ ဆောင်ရွက်ရေး၊ နိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မည့် စွမ်းရည်ထက်မြက်သည့် တပ်မတော် တည်ဆောက်ရေးဆိုသည့် ဦးတည်ချက်များ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား စစ်ရေးပြမှူးကြီး ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များက စစ်ကြောင်းပုံဖြင့် ချီတက်အလေး ပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တပ်မတော် အလံများကို အသီးသီးချိတ်ဆွဲ၍ အစဉ်လိုက် ပျံသန်းကြသည်။
ဆက်လက်၍ အထူးတာဝန်တပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲနှင့် တပ်မတော်(ရေ) အထူးတပ်ဖွဲ့ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့မှ အရာရှိ၊ စစ်သည်များက ရဟတ်ယာဉ်ပေါ်မှ အမြန်ဆင်းကြိုးများဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်ကြပြီး စစ်ရေးပြ စစ်ကြောင်းများနှင့်အတူ လိုက်ပါချီတက်ကြ သည်။
ယင်းနောက် တပ်မတော်(လေ)မှ ရဟတ်ယာဉ်၊ လေယာဉ်နှင့် တိုက်လေယာဉ် များက သတ်မှတ်ပုံစံအတိုင်း သရုပ်ပြအုပ်စုဖွဲ့ ပျံသန်း၍ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အလေးပြုကြသည်။
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား နှုတ်ဆက်၍ စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာပြီး ၂၀၁၉ ခုနှစ် (၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်

No comments:

Post a Comment