Monday, March 4, 2019

ဆင်ပြတိုက်ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ဒုတိယအကြိမ် ဖျက်ဆီးခြင်းအခမ်းအနားကျင်းပ

Image may contain: 7 people, outdoor

ရန်ကုန် မတ် ၃
ဆင်ပြတိုက်ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ် အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ဒုတိယအကြိမ် ဖျက်ဆီးခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက သဘာဝသမိုင်းပြတိုက် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ကျင်းပသည်။
ပထမဦးဆုံးဖွင့်လှစ်
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့သည် ကမ္ဘာ့တောရိုင်းတိရစ္ဆာန် နေ့ဖြစ်သည့် မတ် ၃ ရက်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သည့် ''ဆင်ပြတိုက်'' ဖွင့်လှစ်ခြင်းအခမ်းအနားဖြစ်ပါကြောင်း၊ ဆင်ပြတိုက် ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ သဘာဝသစ်တော နယ်မြေများအတွင်း ကျက်စားနေကြသည့် တောဆင်ရိုင်း များအား ထိန်းသိမ်းကာကွယ်နိုင်ရန်၊ ဆင်နှင့်လူ ပဋိပက္ခ ဖြစ်ပွားမှုများကို လျော့နည်းလာစေရန်၊ တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှု၊ ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရား မဝင် ကူးသန်းရောင်းဝယ်နေမှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် ပြည်သူလူထုသိမြင်နိုးကြားလာပြီး ပူးပေါင်းကူညီဆောင်ရွက်လာစေရန်၊ အိမ်မွေးဆင်များ ကို ထိန်းသိမ်းစီမံအုပ်ချုပ်နေမှုများအား ပိုမိုသိရှိလာစေရန်၊ ဆင်တို့၏မူလသဘာဝ၊ အလေ့အထနှင့် လူသားတို့နှင့် ဆင်တို့အကြား ဆက်နွှယ်နေမှုများကို သိရှိလာစေရန်နှင့် ပူးပေါင်းကူညီဆောင်ရွက်လာစေရန်တို့ ဖြစ်ပါကြောင်း။
ပြတိုက်ခင်းကျင်းပြသမှုပုံစံအနေဖြင့် မြန်မာနိုင်ငံ အတွင်းမှ ရရှိခဲ့သည့် ရှေးနှစ်သန်းပေါင်းများစွာမှ ဆင်များ ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ဆဒ္ဒန်ဆင်ဖြူတော်အစွယ် တစ်စုံ၊ ဆင်တွင်တပ်ဆင်အသုံးပြုရသည့် အသုံးအဆောင် ပစ္စည်းများ၊ ဆင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ရေဒီယိုကော်လာ၊ ထောင်ချောက်ကင်မရာ စသည့် ပစ္စည်းများ၊ ဆင်စွယ်၊ ဆင်ရိုးစုများနှင့် ပြုလုပ်ထားသည့် တရားဝင် ရောင်းဝယ် ဖောက်ကားခွင့်မရှိသည့် အနုပညာပစ္စည်းများ၊ သေဆုံး သွားပြီးဖြစ်သည့် ဆင်ကြီးတစ်ကောင်၏ အရိုးစုများအပြင် ဆင်စွယ်နက်ကဲ့သို့ ရှားပါးပြီးမြင်ရခဲသည့် ပစ္စည်းမျိုးကို လည်း ပြသထားမည်ဖြစ်ပါကြောင်း၊ ဤသို့ကိုင်တွယ်ခွင့်မရှိ သည့် ပြသပစ္စည်းများအပြင် ပညာပေးအနေဖြင့် ကိုင်တွယ် ကြည့်ရှုခွင့်ပြုမည့် Camera Trap၊ ဆင်ခလောက်၊ ဆင်စွယ်၊ ဆင်စွယ်အစိတ်အပိုင်းများ၊ ဆင်အောက်မေးရိုး နှင့် အံသွားများကိုလည်း စုံစုံလင်လင်ပြသထားပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ဆင်ပြတိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်း များအတွင်း လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်း များနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ဒုတိယ အကြိမ် ဖျက်ဆီးခြင်းအခမ်းအနားကို သဘာဝသမိုင်းပြတိုက် ရှေ့မြေကွက်လပ်တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒုတိယအကြိမ်ဖျက်ဆီးမည့် ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင် အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်း များအား ကြည့်ရှုစစ်ဆေးသည်။
မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ မျိုးသုဉ်းမည့် အန္တရာယ် နှင့်ရင်ဆိုင်နေရသည့် ကျား၊ ဆင်၊ ပြောင်၊ ဝက်ဝံ၊ သင်းခွေချပ်၊ ရွှေသမင် စသည့် ရှားပါးသတ္တဝါများကို အမဲလိုက်သတ်ဖြတ်မှုများ၊ တရားမဝင်ကုန်သွယ်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေသည်ကို ပြည်သူများ ပိုမို သိရှိလာစေရန်၊ ထိန်းသိမ်းကာကွယ်မှုများ၊ တရားမဝင် ကုန်သွယ်မှုများ တားဆီးနှိမ်နင်းရာတွင် ပိုမိုပူးပေါင်းပါဝင် လာစေရန်အတွက် ဆင်ပြတိုက်ဖွင့်လှစ်ခြင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို ဒုတိယအကြိမ် ဖျက်ဆီးခြင်းဖြစ်သည်။
ပထမအကြိမ် မီးရှို့ဖျက်ဆီးမှုကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်၌ နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ယခုဒုတိယအကြိမ်တွင် အပိုင်းအစများအဖြစ် ကြိတ်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စတုတ္ထနေရာတွင်ရှိ
ကမ္ဘာနှင့်အဝှမ်း တောရိုင်းတိရစ္ဆာန်နှင့် ယင်းတို့၏အစိတ်အပိုင်းများကို တရားမဝင် ကူးသန်းရောင်းဝယ်မှု နှစ်စဉ်တန်ဖိုးသည် ဒေါ်လာ ဘီလီယံ ၂ဝ မှ ဘီလီယံ ၃ဝ အထိရှိနေပြီး အများဆုံးကျူးလွန်မှုပြုလုပ်နေသည့် တရားမဝင်ကုန်သွယ်မှုများအနက် မူးယစ်ဆေးဝါးကုန်ကူး မှု၊ အတုအပပြုလုပ်မှုနှင့် လူကုန်ကူးမှုများပြီးလျှင် စတုတ္ထ နေရာတွင်ရှိကြောင်း သိရသည်။
ယခုဒုတိယအကြိမ်ဖျက်ဆီးမည့် ဖမ်းဆီးရမိတောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများမှာ ဆင်စွယ်စုစုပေါင်း ၂၁၉ ချောင်း၊ ကျားနှင့် ကျားသစ်အရိုးမျိုးစုံ ၅၂၇ ချောင်း၊ ဦးချို မျိုးစုံ အချောင်း ၈ဝဝ၊ သင်းခွေချပ်အကြေးခွံ ၁၃၄ ဒသမ ၇၂ ကီလိုဂရမ်၊ လိပ်ခွံနှင့် ဆင်နှာမောင်းခြောက် ၅ ဒသမ ၅ ကီလိုဂရမ် စုစုပေါင်း အလေးချိန်ပမာဏအားဖြင့် ၇၆၆ ဒသမ ၁၁ ကီလိုဂရမ်ဖြစ်ပြီး တန်ဖိုးအားဖြင့် မြန်မာငွေကျပ် သိန်းပေါင်း ၁၇ဝဝဝ ကျော်၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းခန့်ရှိကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ မှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံ တကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ပြည်တွင်းရှိ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment