Tuesday, March 5, 2019

စည်ပင်သာယာပိုင်ဈေးကြီးများတွင် သမာဓိချိန်ခွင်နှင့် ခေတ်ပေါ်ဒစ်ဂျစ်တယ်ကတ္တားများထားရှိ အလေးတင်းတောင်းပြည့်မီစေရန် ကြပ်မတ်လျက်ရှိ

Image may contain: 1 person

နေပြည်တော် မတ် ၎
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂ဝ) ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်း ခြင်းနှင့် ဖြေကြားခြင်း၊ ပြင်ဆင်ချက်ဥပဒေကြမ်း (၁)ခုနှင့် အဆို (၁)ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
(ချည်မျှင်)ရွာသစ်ကြီးအခြေခံပညာအလယ်တန်းကျောင်းအား
ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် (ချည်မျှင်) ရွာသစ်ကြီး အခြေခံပညာအလယ်တန်းကျောင်းအား စက်မှုဝန်ကြီးဌာနအောက် မှ ပညာရေးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အဆိုပါစာသင်ကျောင်းအတွက် လိုအပ်သော လျှပ်စစ်မီးနှင့် သောက်သုံး ရေများကို စက်ရုံမှတစ်ဆင့်သွယ်တန်းပေးထားပြီး ဆရာ ဆရာမ ၁ဝ ဦးအား စက်ရုံရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်ခွင့်ပေးထားပါကြောင်း၊ လက်ရှိအနေဖြင့် အဆောက်အဦများ၏ အမိုးများမှာ မိုးယိုစိမ့်မှုရှိပြီး မျက်နှာကြက်များ အနည်းငယ်ပျက်စီးမှုရှိသော်လည်း
အကာနှင့် ကြမ်းခင်းများမှာ ခိုင်ခံ့ကောင်းမွန်လျက် ရှိနေသေးပါကြောင်း၊ ထို့ပြင် ကျောင်းသုံးပရိဘောဂများမှာလည်း ကောင်းမွန်ပြည့်စုံလျက်ရှိပါ ကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ်မှ ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်အထိ (၂)ခန်းတွဲ ရေအိမ်သာ (၃)လုံးကို အသစ် ဆောက်လုပ်ပေးခဲ့ပြီး ကျောင်းအဆောက်အဦ (၄)လုံးကို ထိန်းသိမ်းပြုပြင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၄င်းကျောင်းဆောင်များကို ပညာရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးနိုင်မှသာ ဘဏ္ဍာငွေခွဲဝေချထား၍ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခြေခံပညာ အလယ်တန်းကျောင်း (ချည်မျှင်)၏ ကျောင်းအဆောက်အဦများအား ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင် ခြင်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင် ၏ မြို့နယ်တိုင်းရှိ စည်ပင်သာယာဈေးများတွင် ယခင်အခါများက ထားရှိသော သမာဓိချိန်ခွင်နှင့် ခေတ်ပေါ်သမာဓိ ဒစ်ဂျစ်တယ်ကတ္တားများ ထားရှိပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက စည်ပင်သာယာပိုင်ဈေးကြီးများတွင် သမာဓိချိန်ခွင်နှင့် ခေတ်ပေါ်ဒစ်ဂျစ်တယ် ကတ္တားများကို ထားရှိ၍ အလေးတင်းတောင်းပြည့်မီစေရန် ကြပ်မတ်လျက် ရှိပါကြောင်း၊ တချို့စည်ပင်သာယာရေးဈေးငယ်များတွင် လူဦးရေနည်းပါးပြီး ကုန်စည်ရောင်းဝယ်မှု နည်းပါးသဖြင့် သမာဓိချိန်ခွင်နှင့် အလေးအချိန် အတွယ်ကိုသာ ထားရှိကြောင်းနှင့် ခေတ်မီဒစ်ဂျစ်တယ်ကတ္တားများ ထားရှိနိုင် ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အခါအားလျော်စွာ အလေး ချိန်ခွင်များကို ဝင်ရောက်စစ်ဆေးပြီး မမှန်ကန်သော အလေးချိန်ခွင်များ အသုံးပြုမှုအတွက် သတိပေးခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ဒဏ်ငွေများ တပ်ရိုက်ခြင်းတို့ကို စည်ပင်သာယာရေးကော်မတီစည်းကမ်း၊ ဥပဒေတို့နှင့် အညီ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများ က အဖွဲ့အလိုက် စိစစ်ကြပ်မတ်ရန်သာ လိုအပ်မည်ဖြစ်ပါကြောင်း ဖြေကြား သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာ ကျော်သန်းထွန်း (ကန်တုန်)၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ ဦးဇော်ဟိန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးကျော်မြင့်ဦးတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချို၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် နေပြည်တော် ကောင်စီဝင် ဦးညီထွန်းတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော တံတားကြီးများ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်က တံတား ကြီးများ ဥပဒေကြမ်း၏ အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်ပါ အခန်း(၁) ပုဒ်မ ၂၊ ပုဒ်မခွဲ(ပ)နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးမည်ဖြစ်ပါကြောင်း၊ အမျိုးသား လွှတ်တော်တွင် မူလအဆိုပြုပြဋ္ဌာန်းစဉ်ကတည်းက ရည်ရွယ်ချက်တွင် တံတားကြီးများနှင့်ပတ်သက်၍ ပေါ်ပေါက်လာနိုင်သည့် အကြောင်းအရာ ကိစ္စရပ်များ ရည်ညွှန်းပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပြီး ဘေးအန္တရာယ်ဆိုသည့် ခေါင်းစဉ်အောက်တွင် သဘာဝအလျောက် ပေါ်ပေါက်ဖြစ်ပွားလာခဲ့သည့် ဘေးအ္တရာယ်နှင့် လူတို့၏ ပယောဂ၊ လူတို့၏ ပြုမူဆောင်ရွက်မှုများကြောင့် ပေါ်ပေါက်လာခဲ့သည့် ဘေးအန္တရာယ်ဟူ၍ နှစ်မျိုးနှစ်စား အဓိပ္ပာယ်ဖွင့်ဆို ခွဲခြားရမည် ဖြစ်ပါကြောင်း။
အမျိုးသားလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည့် သဘာဝ ဘေးအန္တရာယ်ဆိုသည်မှာ ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် သဘာဝ အလျောက်ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်နှင့် လူတို့၏ ပြုမူဆောင်ရွက်မှု ကြောင့် ပေါ်ပေါက်ခဲ့သည့် ဘေးအန္တရာယ်ကို ရောထွေးအဓိပ္ပာယ်ဖွင့်ဆိုထား ခြင်းဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်က ပြင်ဆင်လိုခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့လွှတ်တော်၏ အသစ်ဖြည့်စွက်ချက်ဖြစ်သည့် လူတို့၏ဖျက်ဆီးမှုဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ထက် ပိုမိုပြည့်စုံစေရန်အတွက် လူတို့ ၏ ဘေးအန္တရာယ်ဆိုသည်မှာ ပြုမူဆောင်ရွက်မှုကြောင့် ပေါ်ပေါက်ဖြစ်ပွားခဲ့ ရသည့် အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ခြင်း၊ မတော် တဆမှုဖြစ်ခြင်း၊ ပေါ့ဆခြင်းစသည်တို့ကို ဆိုလိုသည်ဟု ပြင်ဆင်လိုပါကြောင်း ဆွေးနွေးသည်။
အဆိုပါပြင်ဆင်ချက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကျော်မိုးသွင်တို့က ဆက်လက်ဆွေးနွေးကြသည်။
တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့်
မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်းတို့ကို
နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် ဆွေးနွေး
ဆက်လက်၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်းလွယ်ကူမြန်ဆန် စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာ အချက်အလက် များရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ် လျက်ရှိရာ ထိုသို့ ဆောင်ရွက်ရန် မူလအခြေခံလိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစု မှတ်တမ်းတင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကူအညီများ ရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ သည်။
ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေးက ဌာန တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုအားကောင်းပြီး သတင်းအချက်အလက်များအားလုံး တစ်ထပ်တည်းဖြစ်စေရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ထိုသို့ ဖြစ်လာမှသာ တစ်နေရာတည်းတွင် တိကျမှန်ကန်သော သတင်းအချက်အလက်များကို အားလုံးမျှယူသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီပြီး အများရယူ သုံးစွဲနိုင်သည့် မြေပုံနှင့် မြေပုံအချက်အလက်များကို အဆင့်မြင့်နည်းပညာ များသုံး၍ မိမိတို့နိုင်ငံတွင် အဆင့်မြှင့်တင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်ရန်အတွက် ငွေကြေးနှင့် နည်းပညာများ လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အဆိုကို လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေး သည်။
ယင်းအဆိုကို ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုးနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၂၁) ရက်မြောက်နေ့ကို မတ် ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment