Sunday, March 31, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရွှေတိဂုံစေတီတော်အား ဖူးမြော်ကြည်ညိုပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၊ ဆေးဝါးစက်ရုံ(အင်းစိန်)နှင့်ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့် တင်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေး






Image may contain: 6 people, people smiling, people standing
ရန်ကုန် မတ် ၃၀



နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် နေပြည်တော်မှထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတသည် ရွှေတိဂုံစေတီတော်သို့ရောက်ရှိပြီး ပတ္တမြားမျက်ရှင်ဘုရားအား ရွှေကြာသင်္ကန်းကပ်လှူကာ စေတီတော်အထွတ်ရှိ စိန်ဖူးတော်အား တက်ရောက်ဖူးမြော်ကြည်ညိုသည်။
နိုင်ငံတော်သမ္မတသည် သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဖွဲ့စည်းတည်ရှိမှုနှင့်
လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်အစီအမံများကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
တိုင်းရင်းသားများ၏ ဂုဏ်သိက္ခာဖြစ်
တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ သည် ပြည်ထောင်စုသမ္မတနိုင်ငံဖြစ်ပါကြောင်း၊ ပြည်ထောင်စု ဆိုသည်မှာ တိုင်းရင်းသားလူမျိုးများအားလုံး စုပေါင်းပါဝင် မှသာ ပြည်ထောင်စုနိုင်ငံဖြစ်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ များ အပန်းဖြေလေ့လာရာတွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ၌ တိုင်းရင်းသားအားလုံး၏ ရိုးရာယဉ်ကျေးမှု၊ အသုံး အဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာများကို ပကတိအနေ အထားအတိုင်း တစ်စုတစ်စည်းတည်းလေ့လာနိုင်အောင် စနစ်တကျ ထိန်းသိမ်းပြသထားရန်လိုကြောင်း၊ ယင်းသို့ စနစ်တကျစုစည်းပြသထားခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကို ပေါ်လွင်စေပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများမှာ သမိုင်းအစဉ် အဆက်တွင် အေးအတူပူအမျှ အတူတကွနေထိုင်ခဲ့ကြသူများဖြစ်ပါကြောင်း၊ မိမိတို့ခံယူထားသည်မှာ တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာများကို ဖွံဖြိုးတိုးတက်အောင်၊ မပျောက်ပျက်အောင် ဆောင်ရွက်ပေးရန် မူဝါဒများရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာ များ စနစ်တကျရှိစေရန် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးစေလိုကြောင်း၊ ယင်းမှာ မိမိနိုင်ငံ၊ မိမိတို့ တိုင်းရင်းသားများ၏ ဂုဏ်သိက္ခာဖြစ်ပါကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ၊ အများပြည်သူများ ယခုထက် ပိုမိုလာရောက် စေရန် သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ သန့်ရှင်းသာယာလှပလာပါက ဧည့်သည်များ ပိုမိုလာရောက်ကြမည်ဖြစ်သည့်အတွက် ဝင်ငွေပိုမိုတိုးတက်လာ မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် မိမိတို့နိုင်ငံ၏ ပြယုဂ်ဖြစ်ပါကြောင်း၊ အလားတူ မိမိတို့ ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှများ အတူတကွ ချစ်ခင်စွာနေထိုင်ကြသည့် သင်္ကေတလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အလေးထားဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။
ဂုဏ်ပြုဆုငွေများ ပေးအပ်
ယင်းနောက် နိုင်ငံတော်သမ္မတသည် တိုင်းရင်းသား ကျေးရွာ ကပွဲခန်းမတွင် ယဉ်ကျေးမှုသရုပ်ပြ ဝန်ထမ်းများက ဖျော်ဖြေတင်ဆက်သည့် ရိုးရာယဉ်ကျေးမှု အကများအား ကြည့်ရှုကာ ဖျော်ဖြေတင်ဆက်ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေများကိုပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် စက်မှု ဝန်ကြီးဌာန ဆေးဝါးစက်ရုံ (အင်းစိန်)သို့ရောက်ရှိရာ အစည်း အဝေးခန်းမ၌ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံများမှ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဈေးကွက်တိုးတက်အောင် ဆောင်ရွက်
တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ဆေးဝါး ထုတ်လုပ်မှုနှင့် အမြတ်ငွေတိုးတက်ရရှိမှုမှာ သုံးစွဲသူနှင့် ဈေးကွက်တိုးတက်လာသည့်အတွက် ဖြစ်ပါကြောင်း၊ သုံးစွဲသူ များပြားလာသည်နှင့်အမျှ သုံးစွဲသူများ၏ အန္တရာယ်ကင်းရှင်း ရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထုတ်လုပ်မှု၊ ထုပ်ပိုးမှုစနစ်ကောင်းမွန်စေရန်နှင့် ဆေးဝါးများ အရည်အသွေးမီပြီး ခေတ်မီရန်လိုအပ်ပါကြောင်း၊ အတုအပ မထုတ်လုပ်နိုင်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးဝါးထုတ်လုပ်မှုများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိအောင်ဆောင်ရွက်ပြီး ဈေးကွက်တိုးတက်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြွေဆိပ်ဖြေဆေးကို ပြည်တွင်းလိုအပ်ချက်ပြည့်မီရုံသာမက ပြည်ပတင်ပို့မှုကိုလည်း ပိုမိုအောင်မြင်စေရန် ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မှာကြားသည်။
စက်ရုံအတွင်းကြည့်ရှု
ထို့နောက် နိုင်ငံတော်သမ္မတသည် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု၊ ဆေးဝါးစက်ရုံ (အင်းစိန်)မှ အသစ်ထုတ်လုပ်ထား သည့် ဆေးဝါးများ၊ စက်မှုဝန်ကြီးဌာနမှထုတ်လုပ်သည့် လူနာတင်ယာဉ်၊ Snake Farm ၌ မြွေဆိပ်ထုတ်ယူမှု၊ ဆေးဝါးပစ္စည်း သိုလှောင်ရုံနှင့် စက်ရုံအတွင်း လိုက်လံကြည့်ရှု သည်။
ရထားလမ်းအဆင့်မြှင့်တင်ခြင်း ကြည့်ရှု
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် အင်းစိန် ဘူတာသို့ရောက်ရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့နှင့်အတူ RBEရထားဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်းဆောင်ရွက်နေမှု အခြေအနေ များကို လိုက်လံကြည့်ရှုသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရန်ကုန် ဘူတာကြီးသို့ရောက်ရှိရာ ရန်ကုန်ဘူတာကြီး အစည်းအဝေး ခန်းမ၌ မြန်မာ့မီးရထား ဦးဆောင်òန်ကြားရေးမှူး ဦးဘမြင့်က ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ရထားလမ်းနှင့်မလွတ်ကင်းသည့် ပျံကျ ဈေးသည်များအား စနစ်တကျနေရာချထားပေးမှုနှင့် ရန်ကုန် မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း(YUMRT) လေ့လာ ဆန်းစစ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဝင်ငွေတိုးတက်လာမည်
တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက မိမိတို့အနေဖြင့် ပြည်သူများ၏ သွားလာရေးအဆင်ပြေပြီး သက်သောင့်သက်သာ ဖြစ်စေလိုပါကြောင်း၊ သို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပတ် ရထားလမ်းများဆောင်ရွက်ရာတွင် အချက်ပြစနစ်ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများ အ္တရာယ်ကင်းရှင်းရေးအတွက် လမ်းကူးတံတားများ ဆောင်ရွက်ရန်လိုပါကြောင်း၊ ရထားလမ်း နှင့် ကားလမ်းဆုံရာနေရာများတွင် ပြည်သူများ အ္တရာယ် ကင်းစေရေး၊ မြို့ပတ်ရထားလမ်းပတ်ဝန်းကျင်နှင့် လမ်း တစ်လျှောက် ဘူတာများ သန့်ရှင်းသပ်ရပ်ရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားစီးခရီးသည်များ တိုးတက်လာသည်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချ နိုင်ပြီး ဌာနအတွက်လည်း ဝင်ငွေတိုးတက်လာမည်ဖြစ်ပါကြောင်း မှာကြားသည်။
အဆိုပါ စီမံကိန်းကို ခရီးသည်များ သက်သောင့်သက်သာဖြင့် ရထားစီးနင်းနိုင်စေရန်၊ မြန်နှုန်းမြှင့်ပြေးဆွဲနိုင်စေရန်၊ ပြေးဆွဲချိန် လျော့နည်းစေရန်၊ ရထားအသုံးပြုသည့် ခရီးသွားသူများ ပိုမိုတိုးတက်လာစေရန်နှင့် ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်ကျပ်တည်းမှုကို တစ်ထောင့်တစ်နေရာမှ ဖြေရှင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment