Saturday, March 30, 2019

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု''စံ'' သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ နိုင်ငံတကာအဆင့်မီကြောင်း အသိအမှတ်ပြုလက်မှတ်ရရှိ


Image may contain: 6 people, people sitting, people standing and indoor

နေပြည်တော် မတ် ၂၉


မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု ''စံ'' သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ရရှိခြင်းနှင့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တုံဂပူရီဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လုပ်သားများ ကျွမ်းကျင်မှုရှိစေရန်အတွက် ကဏ္ဍတွင် NSSA ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်သည် များစွာကျယ်ပြန့်ခြင်းကြောင့် အားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို နိုင်ငံတကာ ''စံ'' နှုန်းများနှင့် ကိုက်ညီစေရန်၊
လုပ်ငန်းစဉ် အရည်အသွေးပြည့်ဝရေး အလေးထားဆောင်ရွက်ရန် အရည်အသွေး စီမံခန့်ခွဲမှုစနစ် (Quality Management System) အတွက် ISO 9001:2015အသိအမှတ်ပြုလက်မှတ် ရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း။


NSSA သည် သက်မွေးပညာလေ့ကျင့်ရေးကဏ္ဍ၏ အမျိုးသားအဆင့် ကျွမ်းကျင်မှုအရည်အသွေးမူဘောင်အတွင်း Level 1 မှ level 4 အထိ နိုင်ငံအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့အဖြစ် ခိုင်ခိုင်မာမာ ရပ်တည် နေကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ သက်ဆိုင်ရာနိုင်ငံအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်ဝသည့် စီမံခန့်ခွဲမှုရှိပြီး ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေမှုကို သက်သေပြရန် လိုကြောင်း၊ သို့မှသာ အာဆီယံစီးပွားရေးအသိုက်အဝန်း၏ အစိတ်အပိုင်းဖြစ်သော ကျွမ်းကျင်မှု အပြန်အလှန်အသိအမှတ်ပြုခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ အာဆီယံဒေသတွင်းနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသား ရွှေ့ပြောင်းကျွမ်းကျင်လုပ်သားများ၏ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များ အနေဖြင့် ဒေသတွင်းနိုင်ငံများရှိ ကျွမ်းကျင်လုပ်သားများနှင့် တန်းတူရရှိလာနိုင်မည် ဖြစ်ကြောင်း။


NSSA တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသူများအနေဖြင့် ISO 9001:2015အသိအမှတ်ပြုလက်မှတ်ရရှိထားမှုကြောင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု ''စံ'' ရေးဆွဲသတ်မှတ်ခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို အရည်အသွေးရှိရန်နှင့် ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်သွားရန် တိုက်တွန်းကြောင်း ပြောကြားသည်။


NSSA အနေဖြင့် လုပ်ငန်းခွင်အတွင်း လုပ်သားများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လ တတိယပတ်အထိ အလုပ်အကိုင်ကျွမ်းကျင်မှုအလိုက် စစ်ဆေးအကဲဖြတ် ခဲ့ရာ အလုပ်အကိုင် ၂၃ မျိုးအတွက် Level 1 ၁၀၀၀၉ ဦး၊ Level 2 ၇၆၆ ဦး စုစုပေါင်း ၁၀၇၇၅ ဦးကို အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေး နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment