Tuesday, March 5, 2019

နိုင်ငံတော်ပိုင်မြေများ အကွက်ရိုက်ရောင်းစားနေမှုများကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်သွားမည်

Image may contain: 2 people, people standing and outdoor
နေပြည်တော် မတ် ၎
မြို့ပြများတွင် တရားဥပဒေစိုးမိုးပြီး ပြည်သူလူထု၏ လူနေမှုဘဝလုံခြုံမှုရှိစေ ရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် ဦးစားပေး အဆင့်ဖြင့် ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လက်ခံဆွေးနွေးရန် ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂ဝ ရက်မြောက်နေ့တွင် သဘောတူခဲ့သည်။
ဆားပြင်ကျေးရွာတွင် ရဲကင်းစခန်းဖွင့်လှစ်ရန် မလိုအပ်သေးသော်လည်း လှုပ်ရှားရဲကင်းအဖြစ် ပြန်လည်ချထားဆောင်ရွက်သွားမည်
အစည်းအဝေးတွင် တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၏ တောင်ကုတ် မြို့နယ် မအီမြို့ ဆားပြင်ကျေးရွာအုပ်စု ဆားပြင်ကျေးရွာတွင် ရဲကင်းစခန်း တစ်ခုချမှတ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဆားပြင်ကျေးရွာ အုပ်စုအတွင်း မှုခင်းဖြစ်ပွားမှုအနေဖြင့် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် ဖေဖော် ဝါရီလအထိ အမှုကြီး ၇ မှု၊ အခြား ၄၆ မှု၊ ကြိုတင်ကာကွယ်မှု ၅၁ မှု ဖြစ်ပွားခဲ့ပါ ကြောင်း၊ ဆားပြင်ကျေးရွာတွင် ၁၉၈၂ ခုနှစ်မှစ၍ လှုပ်ရှားရဲကင်းအား အရာရှိ တစ်ဦး၊ အခြားအဆင့် ငါးဦးဖြင့် ထားရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အဆိုပါ ရဲကင်းမှ တပ်ဖွဲ့ဝင်များအား လမူးနယ်မြေရဲစခန်းသို့ ပြန်လည်အင်အား ဖြည့်တင်းခဲ့ပါကြောင်း၊
ဆားပြင်ကျေးရွာသည် လမူးနယ်မြေရဲစခန်းနှင့် ခရီး ကွာဝေးမှုမရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန် ခြင်းနှင့် မှုခင်းဖြစ်ပွားမှု နည်းပါးခြင်း၊ လမူးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များဖြင့် လှည့်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ရဲကင်းစခန်းဖွင့်လှစ်ရန် မလိုအပ် သေးသော်လည်း လှုပ်ရှားရဲကင်းအဖြစ် ပြန်လည်ချထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာ တွင် ရဲကင်းစခန်းဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါ ကြောင်းနှင့် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လမူးနယ်မြေရဲစခန်း မှ အင်အားထုတ်နုတ်၍ လှုပ်ရှားရဲကင်းအဖြစ် ပြန်လည် ချထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ ဒက္ခိဏ သီရိမြို့နယ် သီရိမင်္ဂလာကျေးရွာအား ပြည်ထဲရေးအမည် ပေါက် ကျေးရွာအဖြစ် နေပြည်တော်ကောင်စီမှ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပိုင် သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် နိုင်ငံ တော်ပိုင်မြေများအား အကွက်ရိုက် ရောင်းစားနေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ထားသည် ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သီရိမင်္ဂလာကျေးရွာ စုစည်းနေရာ ချထားပေးရန် လျှောက်ထားလာသည့် မြေနေရာသည် သစ်တောမြေအတွင်း ကျရောက်ပြီး ၂ဝ၁၃ ခုနှစ် ကြိုးဝိုင်း ကျူးကျော်စာရင်းအရ အဆိုပါ သီရိမင်္ဂလာကျေးရွာ ပါဝင်မှုမရှိခြင်း၊ လမ်းမကြီးနှစ်ခုအကြား မဟာဗျူဟာကျ သော နေရာဖြစ်သဖြင့် မသမာသူတို့၏ တရားမဝင်အိမ်ခြံ မြေရောင်းဝယ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ထပ်မံကျူးကျော် ၍ အခွင့်အရေးများ တောင်းဆိုလာနိုင်ခြင်းတို့ကြောင့် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခွင့်ပြုမည်မဟုတ်ပါ ကြောင်း။
သစ်တောနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှု များအား ယခင်သစ်တော ဥပဒေပုဒ်မ ၄ဝ(က)နှင့် (ဂ)အရ ဒဏ်ငွေ ငွေ$ကျပ် ၅ဝဝဝ ဖြစ်စေ၊ ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရန် ပြစ်ဒဏ်ချမှတ် နိုင်သော်လည်း ကြိုးဝိုင်းအတွင်း ကျူးကျော်မှုများကို ဖော်ထုတ်ရန် ဥပဒေ၏ အားနည်းချက်ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယခုအခါ ၂ဝ၁၈ ခုနှစ် သစ်တောဥပဒေ ၄ဝ(ခ)၌ ကြိုးဝိုင်း အတွင်းမှ ရက် ၃ဝ အတွင်း ဖယ်ရှားရန် ပြဋ္ဌာန်းပါရှိသဖြင့် သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားနိုင် မည်ဖြစ်ပြီး သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ်မရှိပါကြောင်း။
နိုင်ငံတော်မြေကွက်များကို အကွက်ရိုက် ရောင်းစား နေမှုများမရှိစေရန်အတွက် လက်ရှိကျူးကျော်မှုများအား တရားစွဲဆို ဖယ်ရှားရှင်းလင်းခြင်း၊ အများပြည်သူသိရှိနိုင် ရန်အတွက် သတိပေးတားမြစ်ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများသို့ သတိပေးစာ ထုတ်ပြန် အသိပေးခြင်းနှင့် ကွင်းဆင်းဟောပြောမှုများပြုလုပ်ခြင်း၊ တာဝန်ကျဝန်ထမ်းများမှ အမြဲမပြတ် လှည့်လည်စစ်ဆေး၍ ထပ်မံကျူးကျော်သူများကို သစ်တောဥပဒေအရ တစ်အိမ် ကျူး တစ်အိမ်တရားစွဲခြင်းဖြင့် ဟန့်တားအရေးယူဆောင် ရွက်ကာ နိုင်ငံတော်ပိုင်မြေများအား အကွက်ရိုက်ရောင်းစား နေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေ၊ သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်၊ ချောက်မဲဆန္ဒနယ် မှ ဦးဘိုကြီးနှင့် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူနှင့် ဒေါက်တာရဲမြင့်ဆွေတို့က ရှင်းလင်း ဖြေကြားကြသည်။
မြို့ပြများတွင် တရားဥပဒေစိုးမိုးပြီး ရာဇဝတ်မှုများ ကာကွယ်တားဆီးနိုင်ရန်
ဦးစားပေးဆောင်ရွက်နိုင်ရန် တိုက်တွန်း ကြောင်းအဆို လက်ခံဆွေးနွေးရန်
သဘောတူ
ထို့နောက် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက မြို့ပြများ တွင် တရားဥပဒေစိုးမိုးပြီး ပြည်သူလူထု၏ လူနေမှုဘဝ လုံခြုံမှုရှိစေရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ် တားဆီးနိုင်ရန်အတွက် ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက် ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် ပြည်သူလူထု၏ နေထိုင်သွားလာ မှု ဘဝသည် လုံခြုံစိတ်ချရမှု မရှိသည့်အခြေအနေကဲ့သို့ ဖြစ်လာနေပါကြောင်း၊ နိုင်ငံ၏ အတိတ်ကာလတစ်လျှောက် လုံးတွင် မြို့ပြနှင့် ကျေးလက်နေပြည်သူလူထု၏ လူနေမှု ဘဝ လုံခြုံမှုကိစ္စအဝဝကို ရဲတပ်ဖွဲ့ဝင်များကသာ အနီးကပ် တာဝန်ယူကြရပါကြောင်း။
လူနေထူထပ်သည့် မြို့ပြများတွင် နေထိုင်ကြသည့် ပြည်သူလူထုအတွင်း ရာဇဝတ်မှုများ ပပျောက်ရန် လက်ရှိ မြို့ရွာလုံခြုံရေးအား တာဝန်ယူနေကြသည့် ရဲတပ်ဖွဲ့အင်အား ကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက်နိုင်သကဲ့သို့ ရဲတပ်ရင်းတွင်ရှိ သည့် ရဲအများစုကိုလည်း သက်ဆိုင်ရာ ရဲစခန်းများကို မျှဝေပေးနိုင်သည့် အဆင့်လည်းရှိပါကြောင်း၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မူရင်းအချက်များကို ကြည့်၍ စီမံဆောင်ရွက်နိုင်သည့် စနစ်လည်းရှိပါကြောင်း၊ စီမံ ဆောင်ရွက်နိုင်မည်ဆိုပါက ဒီမိုကရေစီကူးပြောင်းရေး ကာလသည်လည်း အနှေးနှင့်အမြန် လိုချင်သည့် ပန်းတိုင် ကို ပြည်သူများ ခံစားရမည်ဖြစ်ပါကြောင်း။
မြို့ပြများတွင် တရားဥပဒေစိုးမိုးပြီး လူနေမှုဘဝလုံခြုံမှု ရှိစေရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ်တားဆီး နိုင်ရေးအတွက် ဦးစားပေးအဆင့်အဖြစ် စီစဉ် ဆောင်ရွက် ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရအား လေးစားစွာဖြင့် တိုက်တွန်း ပါကြောင်းနှင့် လွှတ်တော်မှ အကြံပြုဆွေးနွေးနိုင်ပါရန် အဆိုတင်သွင်းအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် အဆိုအား လက်ခံဆွေးနွေးနိုင်ရန် အတွက် ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်က ထောက်ခံတင်ပြ သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော် က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသား လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာ သော ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းအစီရင်ခံစာ တင်ပြ ချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော် ၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ပြင်ဆင်ချက်ဖြင့် သဘောတူကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို မတ် ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment