Monday, March 4, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

Image may contain: 2 people, people sitting and table

ချောင်းသာ မတ် ၃
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့၌ ရောက်ရှိနေသည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဦးတင်မြင့်၊ ဦးလှကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့အတွင်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် Amazing Chaungtha Hotel သို့ ရောက်ရှိကြရာ တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့အား တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ကမ်းခြေပတ်လမ်း(Coastal Road) စီမံကိန်း တည်ဆောက်ရန် ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေနှင့် စီမံကိန်းပြီးစီးပါက ရရှိမည့်အကျိုးကျေးဇူးများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ နှင့်တာဝန်ရှိသူများသည် ငရုတ်ကောင်း-ရန်ကုန်ကားလမ်း တည်ဆောက်ရေး၊ ရန်ကုန်-ပုသိမ်ကားလမ်း အဆင့်မြှင့်တင်ရေး နှင့် ကမ်းခြေပတ်လမ်းစီမံကိန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ဒေသခံပြည်သူလူထုအနေဖြင့် စီမံကိန်း၏အကျိုးကျေးဇူးကို သဘောပေါက်နားလည်စေရေး အသိပေးဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လည်း အသိပေးခဲ့သည့်အတိုင်း ပြည်သူလူထု ကျေနပ်မှုရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အလေးထားရန် လိုအပ်ကြောင်း၊ ယခု စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက တိုင်းဒေသကြီးအတွက် စီးပွားဖွံ့ဖြိုးမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မှာကြား သည်။
အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်လာမည်
ကမ်းခြေပတ်လမ်းသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၏ အနောက်ဘက်ပင်လယ်ကမ်းခြေတစ်လျှောက်ကို ဆက်စပ်မည့် မိုင် ၁၇ဝ ရှိသည့် မဟာဗျူဟာမြောက်လမ်းဖြစ်ပြီး တည်ဆောက်ပြီးစီးပါက လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် နိုင်ခြင်း၊ လူမှုစီးပွားဘဝ၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးအခြေခံသည့် ထုတ်ကုန် လုပ်ငန်းနှင့် ပင်လယ်ရေထွက်ကုန်လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကာ နိုင်ငံတော်၏ အနောက်ဘက်လုံခြုံရေး အတွက်ပါ အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ချောင်းသာကမ်းခြေတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ အနားယူအပန်းဖြေမှု၊ ဒေသထွက်ကုန်များ ရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကျောက်မောင်နှမ Ocean View Hotel View Point သို့ရောက်ရှိကြပြီး ပင်လယ်သဘာဝရှုခင်းများကို ကြည့်ရှုကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရွှေသောင်ယံမြို့ ရွှေသောင်ယံ ဟိုတယ်သို့ ရောက်ရှိကြရာ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ခရီးသွားဧည့်သည်ဝင်ရောက်မှု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများ ဖွင့်လှစ်ထားရှိမှု၊ ကမ်းခြေသာယာရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး၊ ခရီးသွား ဧည့်သည်များ စိတ်ကျေနပ်မှုရရှိစေရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် သင်တန်းများဖွင့်လှစ်မှု၊ ခရီးစဉ်ဒေသများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိစ္စများကို ရှင်းလင်းတင်ပြသည်။
သင်တန်းများဖွင့်လှစ်ပို့ချပေးရန် လိုအပ်
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ခရီးသွား ဧည့်သည်များကို ဆွဲဆောင်မှုရှိစေရန် ကမ်းခြေများ သန့်ရှင်းသာယာမှုသည် အရေးကြီးပါကြောင်း၊ ယခင်နှစ်များထက် ခရီးသွားဧည့်သည် ပိုမိုဝင်ရောက် လာနိုင်မည့်အခြေအနေကို မျှော်မှန်း၍ ယာဉ်ရပ်နားစခန်းများ စနစ်တကျ တည်ဆောက်ခြင်း၊ အများသုံးသန့်စင်ခန်းများ၊ အားကစားခန်းမများထားရှိခြင်း တို့ကို ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး သင်တန်းများလည်း ဖွင့်လှစ်ပို့ချပေးရန် လိုအပ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး Master Plan အား လက်ရှိ အခြေအနေနှင့် ကိုက်ညီအောင် ရေးဆွဲရန်လိုအပ်ပါကြောင်း၊ ရေးဆွဲရာ တွင်လည်း ဌာနဆိုင်ရာများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအဖွဲ့ အစည်းများ ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။
သတင်းစဉ်

No comments:

Post a Comment