Sunday, March 3, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ကျင်းပသည့် တောင်သူလယ်သမားနေ့အခမ်းအနား တက်ရောက်


Image may contain: 5 people, people standing

ပြန်လည်စွန့်လွှတ်မြေများအား တောင်သူများထံ လုပ်ပိုင်ခွင့်ပြုလက်မှတ် လွှဲပြောင်းပေးအပ်
------------------------------------------------------------------
အိမ်မဲ မတ် ၂
လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စု ကျေးရွာ၌ ကျင်းပသည့် ၂ဝ၁၉ ခုနှစ် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
တက်ရောက်
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုး အောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဦးတင်မြင့်၊ ဦးလှကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ဝင်များ၊ တောင်သူ လယ်သမားကြီးများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ ၂ဝ၁၉ ခုနှစ် တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့ သည့်သဝဏ်လွှာကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဖတ်ကြားသည်။
နိုင်ငံ၏ဆန်အိုးကြီးဟုတင်စားရသည်အထိ
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍကို အားထားနေရသော စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံ့လူဦးရေအများစုမှာ တောင်သူလယ်သမားများ ဖြစ်ကြပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၁၁ ရာခိုင်နှုန်းခန့် မှီတင်းနေထိုင်ကြသော ဧရာဝတီတိုင်းဒေသကြီးသည်လည်း လယ်ယာကဏ္ဍဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် တောင်သူလယ်သမားများ အများစု နေထိုင်၍ နိုင်ငံ၏ဆန်အိုးကြီးဟုတင်စားရသည်အထိ နိုင်ငံ့စီးပွားရေးကို အသက်သွေးကြောသဖွယ် အထောက်အကူပြုလျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်တည်တံ့သည့် လယ်ယာထုတ်ကုန်စနစ် ထွန်းကားစေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန် များ တိုးတက်ထုတ်လုပ်နိုင်ခြင်းအားဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း။
စိစစ်ဆောင်ရွက်ပေးလျက်ရှိ
စိုက်ပျိုးရေးကိုအခြေခံသည့် မိမိတို့နိုင်ငံ၏ ၇ဝ ရာခိုင် နှုန်းသော ကျေးလက်နေတောင်သူလယ်သမားများ၏ အကျိုးစီးပွားဖော်ဆောင်နိုင်ရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ရည်ရွယ်ချက်အတိုင်း လယ်ယာမြေသိမ်းဆည်း ခံရမှုနှင့်ပတ်သက်၍ တောင်သူလယ်သမားများ မနစ်နာ စေရေးအတွက် ကူညီဆောင်ရွက်ပေးရန်နှင့် လယ်ယာ မြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေးအတွက် ကာကွယ်ဆောင် ရွက်ပေးရန်တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ယခင်က အကြောင်းမျိုးမျိုးကြောင့် သိမ်းဆည်းခံရ သည့် လယ်ယာမြေများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မူလပိုင်ရှင်တောင်သူလယ်သမားများထံသို့ စနစ် တကျ ပြန်လည်လွှဲပြောင်းအပ်နှံနိုင်ရေးအတွက် နိုင်ငံ တော်အစိုးရအနေဖြင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီကို ဖွဲ့စည်း၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မတီအဆင့်ဆင့်ဖြင့် အထူးအလေးထား စိစစ်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။
ပြင်ဆင်ပြဋ္ဌာန်း
ထိုသို့ ဆောင်ရွက်မှုရလဒ်အနေဖြင့် ယနေ့တောင်သူ လယ်သမားနေ့ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့မှ တောင်သူ ၃၅၅ ဦးအတွက် ပြန်လည်စွန့်လွှတ်သည့် စိုက်ပျိုးမြေဧရိယာ ဧက ၁၄၁ဝ ကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များ ပေးအပ်သွား မည်ဖြစ်သည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း။
ထို့ပြင် လုပ်ကွက်ငယ်တောင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော မြေများတရားဝင်ပိုင်ဆိုင် နိုင်ရေး၊ လယ်ယာမဲ့ တောင်သူလယ်သမားများအနေဖြင့် အမှန်လုပ်ကိုင်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့်မွေးမြူ ရေးလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်လွယ်ကူစွာရရှိရေး၊ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာအရ သတ်မှတ်မြေများ၊ အများ ပြည်သူနှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ် ရေးများအတွက် လက်ရှိ အသုံးပြုထားသည့် မြေများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအဖြစ် ခွင့်ပြုချထား ခြင်းမပြုစေရေး ၂ဝ၁၂ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း များဥပဒေကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါကြောင်း။
အားပေးမြှင့်တင်
နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမား များအတွက် စိုက်ပျိုးစရိတ် အရင်းအနှီး အထောက်အကူ ဖြစ်စေရန် သင့်တင့်သော ချေးငွေများ အကူအညီပေးရေး၊ လယ်ယာထွက်ကုန်များရောင်းချရာတွင် သင့်တင့်မျှတ သောဈေးနှုန်းနှင့် ခိုင်မာသော ဈေးကွက်ရရှိရေး၊ နည်းပညာသွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းများ လွယ်ကူအဆင်ပြေစေရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်နစ်နာမှုများအတွက် အတတ် နိုင်ဆုံး ကူညီထောက်ပံ့ပေးနိုင်ရေးနှင့် လုပ်ကွက်ငယ် တောင်သူလယ်သမားများအကျိုးငှာ တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဥပဒေအား ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကို လည်း ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်က တောင်သူလယ်သမားများကို မိမိ ဒေသနှင့်ကိုက်ညီသည့် ဈေးကွက်ဝင် သီးနှံများကို စိုက် ပျိုးခွင့်ပေးထားပြီးဖြစ်သကဲ့သို့ တောင်သူလယ်သမား များ၏ လိုအပ်ချက်များကို အစဉ်တစိုက်လေ့လာပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပဈေးကွက် တွင် မငြိမ်မသက်ဖြစ်နေသော မတ်ပဲနှင့်ပဲမျိုးစုံ ထုတ်ကုန် ပစ္စည်းများ ဈေးကွက်ရရှိရေး၊ အလားအလာရှိမည့် အမည် သစ်ပို့ကုန်များပေါ်ထွက်လာစေရေး၊ အစိုးရအချင်းချင်း ညှိနှိုင်း၍ ရောင်းဝယ်သည့်အစီအစဉ်များ ပေါ်ပေါက်လာစေ ရေးအတွက် ဆွေးနွေးမှုများလည်း ပြုလုပ်လျက်ရှိပါ ကြောင်း၊ ပြည်တွင်းပြည်ပဈေးကွက် နေရာရရှိရေးအတွက် ယခင်က ကုန်ကြမ်းအနေဖြင့် တင်ပို့ရောင်းချခဲ့သည့် အနေ အထားမှ တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောများအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေး အဆင့်မြင့်နည်းပညာများ နှင့် ခေတ်မီထုပ်ပိုးပြုပြင်စက်များဖြင့် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေးလုပ်ငန်းစဉ်ကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း။
အရန်မျိုးစေ့များစုဆောင်းထားရှိ
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ဘေးအ္တရာယ်ကြီးများကြုံတွေ့ပါက စားနပ်ရိက္ခာ မလုံလောက်မှုအ္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအား ကောင်းမွန်ရေးတို့ကို နိုင်ငံတိုင်း အလေးထားဆောင်ရွက်သည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများပူးပေါင်း၍ အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်းနှင့် ကြိုတင်ပြင်ဆင် မှုများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် လယ်ယာသီးနှံ များ၏ အရည်အသွေးကောင်းမွန်ရေး၊ ဓာတ်ကြွင်း အာနိသင်များကင်းစင်ရေးနှင့် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှု လျှော့ချရေးနည်းပညာများ စသည့်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ရေးဆွဲထုတ်ပြန် ပညာပေး ပြသဆောင်ရွက်လျက်ရှိပြီး GAP အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းဖြင့် ပြည်သူများ၏ အစားအစာ လုံခြုံစိတ်ချရမှုရှိရေး (Food Safety) အတွက် အခြေခံ အုတ်မြစ်ကောင်းများကို အခိုင်အမာတည်ဆောက်ပေး လျက်ရှိပါကြောင်း။
အချိန်အခါကောင်း
သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ခေတ်မီစိုက်ပျိုးနည်းပညာ များ တောင်သူများလက်ဝယ်သို့ အလွယ်တကူရောက်ရှိရေး ပညာပေးလုပ်ငန်းအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်ရေး ဆိုင်ရာ သတင်းအချက်အလက်များဖြစ်သည့် ရာသီဥတု ဆိုင်ရာသတင်းအချက်အလက်များနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တောင်သူလယ်သမားကြီးများ သိရှိအသုံးချနိုင်ရေးအတွက် ''တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel)'' အစီအစဉ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝမြေသယံ ဇာတ၊ ရေသယံဇာတပေါကြွယ်ဝမှုနှင့် စိုက်ပျိုးမွေးမြူ ရေးအတွက် သဘာဝကပေးသော ရာသီဥတုအခြေအနေ ကောင်းများဖြင့် ပြည့်စုံလျက်ရှိသော ဒေသဖြစ်ပါကြောင်း၊ ထိုအခြေအနေကောင်းကို ရိုးသားဖြူစင်၍ အလုပ်ကြိုး စားကြသည့် တောင်သူလယ်သမားများ၏ ပေါင်းစည်း အင်အားဖြင့် လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါကောင်းလည်း ဖြစ်ပါကြောင်း။
အလေးအနက်တိုက်တွန်း
ပြည်ထောင်စုတစ်ဝန်းလုံးရှိ တောင်သူလယ်သမား များအပါအဝင် နိုင်ငံသားအားလုံးအနေဖြင့် ရေရှည်အမျိုး သားအကျိုးစီးပွားအတွက် အစိုးရနှင့်ပြည်သူ အတူတကွ လက်တွဲကာ ပူးပေါင်းအကောင်အထည်ဖော် ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများ၊ အတားအဆီးနှင့် အခက်အခဲမှန်သမျှကို နည်းပညာ၊ အရင်းအနှီးနှင့် ပူးပေါင်း ဆောင်ရွက်လိုစိတ်တို့ဖြင့် တက်ညီလက်ညီ ကျော်လွှား၍ ရည်မှန်းချက်ပန်းတိုင်သို့ အရောက်ချီတက်ကြပါစို့ဟု အလေးအနက်တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြသည်။
ဂုဏ်ပြုဆုများချီးမြှင့်
ထို့နောက် ဒုတိယသမ္မတသည် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ခဲ့ကြသည့် ထူးချွန် တောင်သူ ဦးတင်အောင်သန်း၊ ဦးတင်စိုး၊ ဦးရွှေပွား၊ ဦးအုန်းကျော်နှင့် ဦးနေစိုးတို့အား ဆုများပေးအပ်ချီးမြှင့် သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က ထူးချွန်တောင်သူများ၊ ထူးချွန်ဝန်ထမ်းများနှင့် ဟင်္သာတ ခရိုင်အတွင်း ပြောင်းသီးနှံစိုက်ခင်းများတွင် ငမြှောင် တောင်ဖျက်ပိုးသစ် ကျရောက်မှုအပေါ် ကောင်းကင်ဆေး ဖျန်းစက်များဖြင့် ဆေးဖျန်းပံ့ပိုး ကူညီခဲ့သော Advanced Agricultural Engineering (AAE) ကုမ္ပဏီတို့အား ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပန်းတနော်မြို့နယ်အတွင်း ယုဇန ကုမ္ပဏီမှ ထပ်မံစွန့်လွှတ်သည့် ၆၃၆ ဧကကို တောင်သူ ၁ဝ၃ ဦး ကိုယ်စား တောင်သူတစ်ဦးထံသို့လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မြောင်းမြ မြို့နယ်အတွင်း ခလရ(၉၃)မှ ပြန်လည်စွန့်လွှတ်သည့် ၂ဝ၉ ဧကကို တောင်သူ ၆၆ ဦးကိုယ်စား တောင်သူ တစ်ဦးကိုလည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ကြံခင်းမြို့နယ် အတွင်း မက်သနောစက်ရုံမှ ပြန်လည် စွန့်လွှတ်သည့် ၄၈၁ ဧကကို တောင်သူ ၁၅၇ ဦးကိုယ်စား တောင်သူတစ်ဦး ထံသို့လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရေကြည်မြို့နယ်အတွင်း ခလရ(၃၆)မှ ပြန်လည်စွန့်လွှတ်သည့် ၈၄ ဧက ကို တောင်သူ ၂၉ ဦးကိုယ်စား တောင်သူတစ်ဦးထံသို့လည်းကောင်း လုပ်ပိုင်ခွင့်ပြု လက်မှတ်များကို ပေးအပ်ကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် မြေယာလုပ်ပိုင်ခွင့် ပြန်လည်ရရှိကြသည့် တောင်သူများ ကိုယ်စား တောင်သူ ဦးထွန်းထွန်းဝင်း က ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် ဒုတိယ သမ္မတသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ထူးချွန်ဆု ရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် တောင်သူ လယ်သမားနေ့ အခမ်းအနား၌ ခင်းကျင်းပြသထားသည့် လယ်ယာ ထွက်ကုန်၊ စက်မှုလယ်ယာ၊ နည်းပညာ အသိပညာပေးပြခန်းများနှင့် ဌာန ဆိုင်ရာပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။
ယနေ့ကျင်းပသည့် ဧရာဝတီတိုင်း ဒေသကြီး ၂ဝ၁၉ ခုနှစ် တောင်သူ လယ်သမားနေ့ အခမ်းအနားသို့ တောင်သူလယ်သမား ၃ဝဝဝ ခန့် တက်ရောက်ကြပြီး ပြခန်းပေါင်း ၅၅ ခန်းကို ခင်းကျင်းပြသထားကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် တာဝန်ရှိသူ များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ Yacht Club Hotel သို့ ရောက်ရှိကြပြီး ချစ်သူများကျွန်း၊ ငွေဆောင်ကမ်းခြေ သန့်ရှင်းသာယာ လှပရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲ ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် i-Green Project အိမ်ရာသို့ ရောက်ရှိကြရာ i-Green Development & Engineering Group မှ တာဝန်ရှိသူများက အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် တည်ဆောက်ရေး စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက် များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ဒေသခံ ပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းများရရှိရေး ဆောင်ရွက်ရာ တွင် စီမံကိန်းကာလတွင်သာမက စီမံကိန်းပြီးဆုံးပြီးနောက် ရေရှည် ကာလအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရေးကို ထည့်သွင်း စဉ်းစားသွားရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အတွက် လိုအပ်သောရေရရှိရန် မြေအနေအထားပေးမှုအပေါ် မူတည် ၍ လျှိုပိတ်၊ မြောင်ပိတ်တမံများ ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးတိုးတက်လာ မည့် ခရီးသွားလုပ်ငန်းအတွက် မျှော်မှန်း၍ ပုသိမ်-ငွေဆောင်/ ချောင်းသာ ကားလမ်းအား အဆင့် မြှင့်တင်သွားရန်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် အမှိုက် စွန့်ပစ်မှု စနစ်တကျဖြစ်စေရေးစီမံ ကြီးကြပ်ဆောင်ရွက်ရန်၊ လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည် များ ကျေနပ်သည့် ဝန်ဆောင်မှုပေးနိုင် ရေးအတွက် အလေးထားဆောင်ရွက် ရန်၊ ငွေဆောင်နှင့် ချောင်းသာ ဟိုတယ်ဇုန်များသို့ မဟာဓာတ်အား လိုင်းမှ လျှပ်စစ်ဓာတ်အားရရှိရေး စီမံဆောင်ရွက်ရန်၊ i-Green Project အိမ်ရာစီမံကိန်းကိုလည်း သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးမှုအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဇုန်အလိုက်တာဝန်ရှိ သော လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်သွားကြရန်မှာကြားပြီး i-Green Project အိမ်ရာ တည်ဆောက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ခရီးသွားဧည့်သည်များ ဝင်ရောက်
ငွေဆောင်ကမ်းခြေသည် ပုသိမ် မြို့၏ အနောက်ဘက် ၂၉ မိုင် လေးဖာလုံအကွာ၌ တည်ရှိပြီး နှစ်စဉ် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည် များ ဝင်ရောက်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည် ၁၇၆၈၇၉ ဦး ဝင်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment