Sunday, February 3, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ညောင်တုန်းမြို့ ကမ်းပါးကာကွယ်ရေး ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
Image may contain: 3 people, people standing, sky, boat, outdoor, water and nature
ညောင်တုန်း ဖေဖော်ဝါရီ ၂
အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေ ၃ နာရီက ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ညောင်တုန်းမြို့ ကမ်းပါးကာကွယ်ရေးအတွက် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွား ရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့အား ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က ညောင်တုန်းမြို့ ကမ်းပါး ကာကွယ်ရေးအတွက် နှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများအပိုင်းလိုက် ဆောင်ရွက် ထားရှိမှု၊ နယ်သာလန်နိုင်ငံနှင့် ပူးပေါင်းပြီး ညောင်တုန်းမြို့ ကမ်းပါးကာကွယ်ရေးအတွက် ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ကမ်းပါးကာကွယ်ရေး အခြေအနေများနှင့်စပ်လျဉ်းပြီး ဖြည့်စွက်တင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြန်လည်ဆွေးနွေးရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် နှစ်စဉ်ရေကြီးရေလျှံမှု သဘာဝဘေးဒဏ်ကို ကြုံတွေ့နေရသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ရေကြီး ရေလျှံမှုဘေးမှ ထိခိုက်မှုလျော့နည်းစေရန် မြစ်ကော၊ ချောင်း ကောများ ရှင်းလင်းတူးဖော်ခြင်းလုပ်ငန်းကို ဘဏ္ဍာရန်ပုံငွေသတ်မှတ်၍ ဆောင်ရွက်သွား ရန် လို အပ်ပါ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်က ရေကြီး ရေလျှံမှုဖြစ်ပွားချိန်တွင် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မိမိရောက်ရှိခဲ့ပါကြောင်း၊ ယင်းနောက်ပိုင်း ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းအား အလေးထားဆောင်ရွက်ခဲ့မှုရလဒ်ကြောင့် ၂၀၁၈ ခုနှစ်တွင် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ညောင်တုန်းမြို့ မြစ်ကမ်းပါး ထိန်းသိမ်း ရေးလုပ်ငန်းသည်လည်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း တစ်ခုဖြစ်၍ ရရှိသည့် ဘဏ္ဍာရန်ပုံငွေပေါ်မူတည်ပြီး အရေးတကြီးလိုအပ်သည့် နေရာများကို ဦးစားပေးဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် ညောင်တုန်းမြို့ ကမ်းနားတစ်လျှောက် ကမ်းပါးကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
နှစ်အလိုက် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ခဲ့
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်တုန်းမြို့ ကမ်းပါးကာ ကွယ်ရေးအတွက် နှစ်အလိုက် ကမ်းထိန်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် တွင် ညောင်တုန်းမြို့ ၂၁ လမ်းထိပ် ကမ်းထိန်းလုပ်ငန်း အလျားပေ ၂၅၀ အရှည် ဘိုးပိုင် အခြေ ပြု ကျောက်စီမြေထိန်းနံရံလုပ်ငန်း၊ ညောင်တုန်းမြို့ ၂၄ လမ်းမှ ၂၇ လမ်းအထိ ကမ်းထိန်း လုပ်ငန်း အလျား ပေ ၃၃၀ အရှည် ဘိုးပိုင်အခြေပြုကျောက်စီ မြေထိန်းနံရံလုပ်ငန်း၊ ညောင်တုန်းမြို့ ၁၉ လမ်းထိပ် ကမ်းထိန်းလုပ်ငန်း အလျား ပေ ၃၂၀ အရှည် ဘိုးပိုင်အခြေပြု ကျောက်စီ မြေထိန်းနံရံ လုပ်ငန်း၊ ညောင်တုန်းမြို့ ၇ လမ်းမှ ၈ လမ်း ရေလမ်းကောင်းမွန်ရေးလုပ်ငန်း အလျားပေ ၁၃၀၀ အရှည် အခြေထိန်းနှစ်တန်းသွား အုန်းတိုင်စိုက် ရေကာလုပ်ငန်း၊ ၂၀၁၈ ဘဏ္ဍာနှစ် ပထမ ၆ လကာလတွင် ညောင်တုန်းမြို့အဝင် ရေလမ်း ကောင်းမွန်ရေးလုပ်ငန်း အလျား ပေ ၈၀၀ အရှည် အခြေထိန်းနှစ်တန်းသွား အုန်းတိုင်စိုက်ရေကာလုပ်ငန်း၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ညောင် တုန်းမြို့ ၃၁ လမ်းထိပ် ကမ်းထိန်းလုပ်ငန်း အလျား ပေ ၁၂၀ အရှည် ဘိုးပိုင်အခြေပြု ကျောက်စီ မြေထိန်းနံရံလုပ်ငန်း၊ ညောင်တုန်းမြို့အဝင် ရေလမ်းကောင်းမွန် ရေးလုပ်ငန်း ၃၄၂ ပေ အုန်းတိုင်စိုက် ရေကာလုပ်ငန်းနှင့် အလျား ၂၇၆ ပေ အရှည် အုန်းတိုင် ရေကာဟောင်းနှစ်ခု အားဖြည့် ဆောင်ရွက် ခြင်းလုပ်ငန်း၊ ညောင်တုန်းမြို့ ၄ ရပ်ကွက် တိုးချဲ့နယ်မြေအရေးပေါ် ကာကွယ်ရေးလုပ်ငန်း အလျား ၂၉၄ ပေ အရှည် အုန်းတိုင်အခြေပြုကမ်းထိန်းလုပ်ငန်း၊ Floating Unit ပေ ၁၅၀၀ အရှည်နှင့် hfSteel Cable Groyne ပေ ၁၀၀ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ရန် စုစုပေါင်း အလျားပေ ၆၂၅၀ ရှိပြီး လုပ်ငန်း ဆောင်ရွက်ပြီး အလျား ၁၅၇၅ ပေ ရှိကာ လုပ်ငန်း ဆောင်ရွက်ရန် ကျန်အလျား ၄၆၇၅ ပေ ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment