Thursday, February 28, 2019

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်
တရုတ်နိုင်ငံက Sinotruk Howo မော်တော်ယာဉ် အစီး ၂၀ ပေးအပ်လှူဒါန်း
Image may contain: 3 people, people smiling, people standing and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ် များတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinotruk Howo မော်တော်ယာဉ်အစီး ၂၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အားပေးထောက်ခံ
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အစဉ်တစိုက် အားပေး ထောက်ခံလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများပြန်လည်လက်ခံ ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ အတွက် ကူညီမှုတစ်ရပ်အနေဖြင့် မော်တော်ယာဉ်အစီး ၂၀ ကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပါကြောင်းနှင့် မြန်မာအစိုးရ၏ ဦးဆောင်ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ရခိုင်ပြည်နယ်၌ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု များ ရရှိနိုင်မည်ဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ်အရ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အဆင်သင့် ဖြစ်အောင် အစစအရာရာ စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေး စခန်း နှစ်ခုနှင့် ကြားစခန်း တစ်ခုတို့မှ ပြန်လည်နေရာချထားပေးမည့် သက်ဆိုင်ရာနေရာ အသီးသီးသို့ သယ်ယူပို့ဆောင်ရေးအတွက် ကာကွယ်ရေး ဝန်ကြီးဌာနမှ မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေး ထားသော်လည်း ထပ်မံလိုအပ်ချက်များအရ တရုတ် ပြည်သူ့သမ္မတနိုင်ငံက မော်တော်ယာဉ်အစီး ၂၀ လှူဒါန်း သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံအတွက် လိုအပ်သည့်အခါ တိုင်းတွင် ပူးပေါင်းကူညီဆောင်ရွက်မှုများ ရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်
ဆက်လက်၍ တရုတ်နိုင်ငံ သံအမတ်ကြီးက မော်တော်ယာဉ်များနှင့်သက်ဆိုင်သည့် လွှဲပြောင်းခြင်း ဆိုင်ရာ စာရွက်စာတမ်းများကို ပေးအပ်ရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မော်တော်ယာဉ်များနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း များကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့တို့သည် ပေးအပ်လှူဒါန်းသည့် မော်တော်ယာဉ်များကို လှည့်လည်ကြည့်ရှုကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနှင့် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ရှင်းလင်းဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးအတွက် လက်ခံရေးစခန်းနှစ်ခု၊ ကြားစခန်းတစ်ခု ပြင်ဆင်ထားရှိမှု အခြေအနေ၊ လက်ခံပြီးနောက်ပြန်လည် နေရာချထားရေး၊ အိမ်ရာများဆောက်လုပ်ပေးနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပြန်လည် ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာဝန်ဆောင်မှုများ လက်လှမ်းမီစေရေးစသည်တို့နှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘက်မှ ပြင်ဆင်ထားရှိမှုများ၊ ပြန်လည်လက်ခံရေး ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး၍ ဆောင်ရွက်နေမှု အခြေအနေများ၊ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံ ခရီးစဉ်ပြီးဆုံး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုလသမဂ္ဂရုံးချုပ်သို့သွားရောက်၍ လက်ရှိဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်းပြောကြားမည့် အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်က နေရပ်စွန့်ခွာမှုများအတွက် တည်ဆောက် ပေးမည့် နမူနာအိမ်ပုံစံအား လိုက်လံပြသခဲ့ကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment